ကလေးငယ်များရဲ့ နာတာရှည်ချောင်းဆိုးခြင်းပြဿနာ

ကလေးငယ်များရဲ့ နာတာရှည်ချောင်းဆိုးခြင်းပြဿနာ

အနှစ်ချုပ်

  • ကလေးများနာတာရှည်ချောင်းဆိုးခြင်းဟာ ရောဂါပိုးဝင်ခြင်း ၊ အသက်ရှူလမ်းကြောင်းရောဂါ (သို့) ပတ်ဝန်းကျင်မှာရှိတဲ့လေထုညစ်ညမ်းမှု နဲ့ထိတွေ့ခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။ လက္ခဏာများအနေနဲ့ ချောင်းခြောက်ဆိုးခြင်း ၊  ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်း ၊ ချောင်းဆိုးချွဲပါခြင်း စတာတွေ ခံစားရလေ့ရှိပါတယ်။

  • နှာခေါင်းသန့်စင်ဆေးထည့်ခြင်း ဟာ အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့ နှာရည်များကို ရှင်းလင်းပေးတာကြောင့် ချောင်းဆိုးခြင်းကို လျော့ပါးစေပါ တယ်။ ဒါ့အပြင် ဆရာဝန်ညွှန်ကြားတဲ့ဆေးများကို ပုံမှန်သောက်သင့်ပါတယ်။ ဒါ့အပြင် လက္ခဏာများကို ပိုမိုဆိုးရွားစေတဲ့ (သို့) ပြန်ဖြစ်စေတဲ့ ကိစ္စရပ်များကို လည်း ကြိုတင်ရှောင်ရှားဖို့လိုပါတယ်။

ကလေးများနာတာရှည်ချောင်းဆိုးခြင်းဟာ အိပ်ရေးပျက်စေပြီး ဘေးနားရှိသူများကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် နေ့စဥ်လုပ်ဆောင်မှုများကိုလည်း ထိခိုက်စေပါတယ်။ အိပ်နေစဥ် မိမိတို့ရဲ့ကလေး အဆက်မပြတ်ချောင်းဆိုးခြင်းကို ခံစားရမယ် ဆိုရင် မိဘများအနေနဲ့ စိုးရိမ်ပူပန်မှုရှိပြီး အဆုတ်ပုံမှန်မဟုတ်ခြင်း ကြောင့်လားဆိုပြီး တွေးတောကောင်း တွေးနိုင်ပါတယ်။

နာတာရှည်ချောင်းဆိုးခြင်းဘာကြောင့်ဖြစ်လဲ

နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းကို(၂)မျိုးခွဲခြားနိုင်ပါတယ်။

၁) ရောဂါပိုးကူးစက်မှု - နာတာရှည်ချောင်ဆိုးခြင်းဟာ ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ပြီး အနီးအနားရှိလူတွေကို ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှု ၊ ဘတ်တီးရီးယားပိုးကူးစက်မှု ၊ တီဘီကူးစက်မှု စတာတွေဟာ နှာခေါင်း ၊ အသက်ရှူလမ်းကြောင်း ၊ နှာခေါင်းအတွင်းပိုင်း ၊ အဆုတ် စတာတွေကို ထိခိုက်စေပါတယ်။

၂) အခြားအကြောင်းအရင်းများ - တကယ်လို့ နာတာရှည်ချောင်းဆိုးခြင်းဟာ ရောဂါပိုးကူးစက်မှုကြောင့်မဟုတ်ဘူးဆိုရင် တခြားသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးငယ်များမှာဖြစ်တဲ့ ဓာတ်မတည့်ခြင်း  ကြောင့် နှာခေါင်း အမြှေးပါးရောင်ခြင်း ၊ ပန်းနာရင်ကျပ် စားချဥ့်ပြန်ခြင်းအသက်ရှူလမ်းကြောင်း အတွင်းအရာဝတ္ထုတစ်ခုခုပိတ်မိခြင်းနှလုံးရောဂါပြဿနာများ ၊ တချို့ဆေးဝါး များကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုး ၊ အိမ်အတွင်းအိမ်ပြင်နှစ်ခုစလုံးမှာ ရှိတဲ့ ပတ်ဝန်းကျင်လေထု အခြေအနေ စတာတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း များပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုရာမှာ စီးကရက်အငွေ့ ၊ အငွေ့အမျိုးမျိုးနဲ့ ဓာတုငွေ့များ ၊ တခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းများ စတာတွေ ပါဝင်ပါတယ်။

သင့်ကလေးငယ်ကနာတာရှည်ချောင်းဆိုးနေရင်ဘာလုပ်ရမလဲ

ပုံမှန်အားဖြင့် ကလေးငယ်များဟာ အသက်ရှူလမ်းကြောင်းစနစ်မှာ ရောဂါပိုး ကူးစက်တယ်ဆိုရင် ကူးစက်ပြီးနောက် ရက်သတ္တပတ်ကြာအောင် ချောင်းဆိုးခြင်း ကို ခံစားရနိုင်ပါတယ်။ အဲဒီနောက် ရောဂါပိုးကင်းစင်သွားပြီးနောက် တစ်လအတွင်း မှာ ချောင်းဆိုးခြင်းက အလိုလို သက်သာသွားပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာ တစ်လ အထက် ပိုကြာသွားမယ်ဆိုရင်တော့ မိဘများအနေနဲ့ ရောဂါအခံအကြောင်း အရင်းကို သိရှိဖိုနဲ့ သင့်လျော်တဲ့ကုသမှုရရှိဖို့ ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ ပြသ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ထိပ်ခတ်နာရောဂါလက္ခဏာကို တွေ့ရှိရတယ်ဆိုရင် ကလေးအထူးကုဆရာဝန်မှ ပိုးသတ်ဆေး ၊ နှာစေးပျောက်ဆေး ၊ နှာခေါင်းအရောင်ကျစေသည့်ဖြန်းဆေး ၊နှာခေါင်းဆေးဖြန်းခြင်း စတာတွေလုပ်ဆောင်ဖို့ အကြံပြုမှာဖြစ်ပါတယ်။ ပန်းနာရင်ကျပ် ဖြစ်နေတာကို တွေ့ရတယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းကိုသက်သာစေဖို့ Inhaled Corticosteroids ခေါ် စတီးရွိုက်ဟော်မုန်းပါရှူဆေး (သို့) အသက်ရှူလမ်းကြောင်းတင်းကျပ်မှုကိုသက်သာစေဖို့ Inhaled Bronchodilators ခေါ် လေပြွန်များပြန်ကျယ်လာစေတဲ့ လေပြွန်ကျယ်ရှူဆေး တစ်မျိုးကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။

ဖြစ်တဲ့နာတာရှည်ချောင်းဆိုးခြင်းကိုရောဂါရှာဖွေစစ်ဆေးခြင်း

နာတာရှည်ချောင်းဆိုးရာမှာ ကလေးအထူးကုဆရာဝန်ရဲ့ ရောဂါရှာဖွေစစ်ဆေးမှုက အရေးအကြီးဆုံးဖြစ်ပါတယ်။  နာတာရှည်ချောင်းဆိုးခြင်းကို ပုံစံနှစ်မျိုး ခွဲခြား သတ်မှတ်နိုင်ပါတယ်။ ပထမတစ်ခုက Dry Cough ခေါ် ချောင်းခြောက်ဆိုးခြင်း နဲ့ Productive Cough with Mucus ခေါ် ချောင်းဆိုးချွဲပါခြင်းပဲဖြစ်ပါတယ်။ မိဘများအနေနဲ့ ကိုယ့်ကလေးရဲ့ လက္ခဏာကို သေချာ ကြည့်ရှုပြီး တိကျတဲ့ အချက်အလက်များကို ဆရာဝန်ဆီ ပြောပြဖို့လိုပါတယ်။ စတင်ချောင်းဆိုးချိန်ကို မှတ်သားခြင်း ၊ ချောင်းဆိုးကြာချိန် ၊ ချောင်းခြောက်ဆိုးတာလား ချောင်းဆိုးချွဲပါတာလား စတာတွေကို သေချာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အချိန် ၊နေရာ ၊ ပတ်ဝန်းကျင် စတဲ့အချက်အလက်များကိုလည်း သေချာအာရုံစိုက် စဥ်းစားသင့်ပါတယ်။

ဓာတ်မတည့်မှု (သို့) ပန်းနာရင်ကျပ်ဖြစ်ဖူး သလား ၊ တီဘီရောဂါကဲ့သို့ ကူးစက်ရောဂါ မိသားစုကျန်းမာရေးရာဇဝင်မှာ ရှိဖူးလား ၊ အိမ်မှာဆေးလိပ်ငွေ့နဲ့ထိတွေ့မှုရှိလား ၊ စက်မှုဇုန်နဲ့နီးတဲ့နေရာမှာနေထိုင်သလား (သို့) ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုရှိသလား စတဲ့အချက်များအပါအဝင် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအချက်အလက်များကို ဆရာဝန်ဆီ မဖြစ်မနေပြောပြဖို့လိုပါတယ်။

တကယ်လို့ လူနာရဲ့ ကျန်းမာရေးရာဇဝင်နဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကနေ တိကျတဲ့ ရောဂါရှာဖွေမှု မလုပ်နိုင်ဘူးဆိုရင် ဓာတ်ခွဲခန်းစစ်ဆေးမှုများကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သွေးစစ်ခြင်း ၊ နှာရည်စစ်ဆေးခြင်း (သို့) သလိပ်စစ်ဆေးခြင်း နှလုံးနဲ့နှလုံးသွေးကြောစစ်ဆေးခြင်း ၊ ရင်ဘတ် X-Ray ရိုက်ခြင်း ၊ အဆုတ်လုပ်ဆောင်မှုစစ်ဆေးခြင်း ၊ အသက်ရှူလမ်းကြောင်းဓာတ်မတည့်မှုစစ်ဆေးခြင်း စတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကလေးများရဲ့နာတာရှည်ချောင်းဆိုးခြင်းကိုကုသမှု

နာတာရှည်ချောင်းဆိုးခြင်းကိုကုသရာမှာ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းများကို သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ လူနာရဲ့ကျန်းမာရေး ရာဇဝင်နဲ့ တိကျတဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို လုပ်ဆောင်ပြီးနောက်မှာ ဆရာဝန်အနေနဲ့ အဓိကဖြစ်စေတဲ့အကြောင်းအရင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့အချက်များကို ရှာဖွေမှာဖြစ်ပါတယ်။
တိကျမှုရှိပြီး ထိရောက်တဲ့ ကုထုံးတွေနဲ့ လုပ်ဆောင်ကာ နာတာရှည်ချောင်းဆိုးခြင်း လက္ခဏာများရဲ့ ကုသမှုနည်းလမ်းကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင့်လျော်တဲ့ ကုသမှုနဲ့ အထောက်အကူပြု စောင့်ရှောက်မှုများနဲ့အတူ နာတာရှည် ချောင်းဆိုးခြင်းဟာ ၄င်းရဲ့ ပြင်းထန်မှုနဲ့ လက္ခဏာများရဲ့သဘောသဘာဝ များ အပေါ် မူတည်ကာ (၁)ပတ်မှ (၃)ပတ်အတွင်း အခြေအနေ ကောင်းလာလေ့ရှိပါ တယ်။

နာတာရှည်ချောင်းဆိုးနေတဲ့ကလေးငယ်များကိုစောင့်ရှောက်ခြင်း

  • ကလေးငယ်ကို အာဟာရပြည့်ဝပြီး သင့်တင့်မျှတတဲ့စားသောက်မှုပုံစံ အတိုင်း စားသုံးစေပြီး ကြွပ်ရွခြောက်သွေ့ပြီးကြော်လှော်ထားတဲ့ အစားအစာများကို မစားခိုင်းပါနှင့်။
  • ကလေးငယ်ကို နွေးတဲ့ရေ (သို့) အခန်းအပူအချိန်မှာရှိနေတဲ့ ရေကိုတိုက်ပြီး အေးတဲ့ အရည်များကို ရှောင်ကျဥ်ပါ။ အပူချိန်ပြောင်းလဲမှုများဟာ  အသက်ရှူလမ်းကြောင်းမှာ လွန်ကဲစွာ ဓာတ်ပြုပြီး ကလေးများအတွက် အသက်ရှူလမ်းကြောင်းတင်းကျပ်မှုနဲ့ ချောင်းဆိုးခြင်းကိုဖြစ်စေပါတယ်။
  • ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်စေပြီး တစ်နေ့ကို အနည်းဆုံးမိနစ်(၃၀) လေ့ကျင့်ခန်းလုပ်ခိုင်းပါ။
  • ကလေးငယ်ကို နေ့စဥ်လုံလောက်တဲ့ အနားယူချိန်ပေးပြီး အနည်းဆုံး အိပ်စက်ချိန် (၈)နာရီ ရှိရပါမယ်။
  • လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝန်းကျင်တစ်ခုမှာ ရှိနေဖို့ လိုပြီး ဓာတ်ငွေ့ ၊ ဆေးလိပ်ငွေ့နဲ့ လေထုထဲက အဆိပ်ငွေ့များနဲ့ ရှောင်ကျဥ်ရပါမယ်။

ကလေးများနာတာရှည်ချောင်းဆိုးခြင်းကိုကာကွယ်ခြင်း

ချောင်းဆိုးခြင်းရဲ့ ကနဦးအခြေအနေဟာ နှာရည် များ လေပြွန်အတွင်းကို ဝင်ရောက် တာကနေ စတင်ပါတယ်။ ဒါကြောင့် နှာခေါင်းပေါက်ထဲမှာ နှာရည်တွေ ၊ ချွဲတွေ စုပုံနေခြင်းကို ကာကွယ်ဖို့ နှာခေါင်းတွင်းဆေးဖြန်းခြင်းကိုလုပ်ဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ ချောင်းဆိုးခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက္ခဏာများကို ထိန်းချုပ်နိုင်တဲ့ဆေးဝါးများများကို ပုံမှန်သောက်ပေး သင့်ပါတယ်။ ဒါ့အပြင် လက္ခဏာများကို ပိုမိုဆိုးရွားစေတဲ့ (သို့) တစ်ဖန်ပြန်ဖြစ် စေတဲ့ အကြောင်းအရင်းများကို ရှောင်ရှားနိုင်ဖို့ကလည်း မဖြစ်မနေ အရေးကြီးပါ တယ်။

ရှည်ချောင်းဆိုးခြင်းကိုကာကွယ်ပေးနိုင်တဲ့နှာခေါင်းသန့်စင်ဆေးရည် (Nasal Irrigation)

  • မွေးကင်းစကလေးများနှင့်အသက်ငယ်တဲ့ကလေးငယ်များ - နှာခေါင်းတစ်ဖက်စီကိုဆေးစက် (၁) စက် - (၂) စက် သာချရမှာဖြစ်ပြီး ကလေးငယ်ကိုလှဲလျောင်းစေကာ ခေါင်းမော့ထားတဲ့ အနေအထားမှာ ဆေးထည့်ရမှာဖြစ်ပါတယ်။ ဆေးရည် စိမ့်ဝင်သွားတဲ့အထိ သူတို့ရဲ့ မျက်နှာကို အသာလေးထိန်းပေးထားမယ်ဆိုရင် နှာရည်များ စေးကပ် နေခြင်းကိုကာကွယ်ပေးကာ သဘာဝအတိုင်း အပြင်ကိုထွက်လာမှာဖြစ်ပါ တယ်။ တကယ်လို့ နှာရည်ပမာဏများတယ်ဆိုရင် အရွယ်အစား ၀ - ၁ ရှိတဲ့ လေစုပ်ရော်ဘာ (Rubber Bulb Syringe) ကို နှာခေါင်းထဲ (၁ - ၁.၅) စင်တီမီတာလောက်ထည့်ပြီး နှာခေါင်းပေါက်ထဲကနေ စုပ်ထုတ်နိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် (၃ - ၄ ) စင်တီမီတာလောက်ထည့်ပြီး စုပ်ထုပ်နိုင်ပေမယ့် ဒီအခြေအနေဟာ သတိကြီးကြီးနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
  • အရွယ်ရောက်ပြီးကလေးငယ်များ - တကယ်လို့နှာရည် ပမာဏက မများဘူး ဆိုရင် ကလေးငယ်ကို ထိုင်လျက်အနေအထားမှာ ဆေးထည့်နိုင်ပါတယ်။ ကလေးငယ်ကို မော့ခိုင်းပြီး ခေါင်းကိုထိန်းထားကာ ဆေးစက် ၃စက် - (၄) စက် လောက် ထည့်ပေးရပါမယ်။  အဲဒီအနေအထားနဲ့ ခဏ ထိုင်ခိုင်းထားပြီး အဲဒီနောက် ခေါင်းကိုအပေါ်မော့ကာ ပါးစပ်ကို ဟ ထားပြီးနှာခေါင်းကို အသာအယာ မှုတ်ထုတ်ရမှာဖြစ်ပါတယ်။ နှာခေါင်းလမ်းကြောင်း သန့်ရှင်းသွားတဲ့အထိ အကြိမ်ကြိမ် လုပ်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ နှာရည်ပမာဏက အများကြီးရှိနေတယ်ဆိုရင် (၁၀) မီလီမီတာ ဆေးထိုးပိုက်ကို အပ်မပါဘဲ အသုံးပြု စုပ်ထုတ်နိုင်ပါတယ်။ ကလေးငယ်က ခေါင်းအပေါ်မော့ထားတဲ့ အချိန်မှာ ဆားရည် (၅) – (၁၀) မီလီမီတာလောက်ကို ထည့်ရပါမယ်။ ထွက်လာတဲ့အရည်တွေကို ခံဖို့ တစ်ခုခု ပြင်ဆင်ထားဖို့လိုပါတယ်။ အရမ်းကြီး အားစိုက်စရာမလိုဘဲ နှာရည်တွေ ထွက်လာမှာဖြစ်ပါတယ်။ အဲဒီနောက် ကလေးငယ်ကို နှာခေါင်းကနေ ဖြည်းဖြည်းချင်းမှုတ်ထုတ်စေကာ နှာရည်တွေ ကုန်သွားတဲ့အထိ နှာခေါင်းတစ်ဖက်ချင်းစီကို အကြိမ်ကြိမ် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ မနက်ပိုင်းအချိန်နဲ့ အိပ်ယာမဝင်ခင် အချိန်မှာလုပ်ဆောင်ဖို့ အကြံပြုပါရစေ။ တကယ်လို့ နှာရည်တွေကျပ်သိပ် နေမယ် (သို့) နှာရည်တွေ များနေမယ်ဆိုရင် ကလေးငယ်ရဲ့ ဗိုက်ထဲ အစာမရှိတဲ့ အချိန်မှာ ထပ်ခါ ထပ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။

ခဏခဏနှာခေါင်းသန့်စင်ဆေးထည့်တာက အန္တရာယ်ဖြစ်စေလား

မိဘအများစုနဲ့ကလေးငယ်များကတော့ နှာခေါင်းသန့်စင်ဆေးထည့်ခြင်းဟာ နှာခေါင်းပေါက် မှာရှင်းလင်းခြင်း ၊ ပိုမိုအိပ်ပျော်စေခြင်း ၊ ချောင်းဆိုးလျော့စေခြင်း ၊ နှာခေါင်းဆေးထည့်ပြီးချိန် နို့ပိုစို့ခြင်း (သို့) အစား ပိုစားခြင်း များ ဖြစ်စေတယ်လို့ ပြောလေ့ရှိပါတယ်။ မွေးကင်းစကလေးများနဲ့ အသက်ငယ်သေးတဲ့ကလေးများအတွက် နှာရည်များကို ဖြည်းဖြည်းချင်းစုပ်ထုတ်ဖို့ အကြံပြုပါရစေ။ အသက်ကြီးတဲ့ကလေးတွေမှာ အပြင်းအထန် နှာရည်စုပ်ထုတ်ဖို့မလိုပေမယ့်လည်း နှာခေါင်းကနေ ဖြည်းဖြည်း မှုတ်ထုတ်နိုင်ပါတယ်။ နှာခေါင်းလမ်းကြောင်းလုံးဝင်ရှင်းလင်းသွားပြီး နှာရည်တွေ မရှိတော့တဲ့အထိ ဒီလုပ်ဆောင်မှုကို ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ပါတယ်။ ဆားရည် ဟာ ခန္ဓာကိုယ်ရှိ အရာများနဲ့ ဆင်တူတာကြောင့် အန္တရာယ်မရှိပါဘူး။ ဆားရည်အနည်းငယ်ကိုမျိုချမိမယ်ဆိုရင်တောင် အန္တရာယ်မဖြစ်စေပါဘူး။

တကယ်လို့ကလေးငယ်ဟာ ချောင်းတွေဆက်တိုက်ဆိုးပြီး အိပ်နေချိန်မှာတောင် ဆိုးနေဦးမယ်ဆိုရင် သူတို့ရဲ့ နေ့စဥ်လုပ်ဆောင်မှုများကို ထိခိုက်စေလာမှာဖြစ်တာ ကြောင့် အဓိကအကြောင်းအရင်းကို တိတိကျကျသိစေဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းကို မကုသဘဲ နေပြီး မပေါ့လျော့သင့်ပါဘူး။ ဒါဟာ ကလေးငယ်ရဲ့ သင်ယူမှုနဲ့ တိုးတက်မှုတွေကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။