ဘာလဲဟဲ့ “အလာဂျီ”

ဘာလဲဟဲ့ “အလာဂျီ”

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • ထိုင်းမှာတော့ ဓာတ်မတည့်မှု (အလာဂျီ)နဲ့ ပတ်သက်တဲ့ ကေ့စ်တွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ယှဉ်လိုက်ရင် ၃ – ၄ ဆ တက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတည့်မှုတွေ များပါတယ်။
  • အရေပြားလေးကို အပ်နဲ့စိုက်ပြီးတော့လုပ်တဲ့ Skin Prick Test  ဆိုတာနဲ့ဆိုရင် ကိုယ့်မှာ ဘာ အလာဂျီ ဖြစ် နေသလဲဆိုတာကို အတိအကျ ဖော်ထုတ်နိုင်ပြီးတော့ ဆရာဝန်ကလည်း ထိရောက်တဲ့ဆေးကိုပေးပြီး ကုသမှု လုပ်နိုင်မှာ ဖြစ်ပါတယ်။
  • တကယ်တမ်း အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတည့်မှုတွေ စတင်ဖြစ်ပွားရာဖြစ်တဲ့ ပန်းဝန်မှုန်တို့၊ နံရံမှာ စွဲတတ်တဲ့ မှိုတို့၊ ဖုန်မှုန့်တို့ ဆိုတာဟာ မတွေ့မထိဖြစ်အောင် ရှောင်လွှဲလို့ရတဲ့ အရာတွေလဲ မဟုတ်ကြတော့ လူနာမှာ ဆေးတွေသာက်ပါရက်နဲ့ သက်သာရာမရလာဘူးဆိုရင် allergen immunotheraphy လို့ ခေါ်တဲ့ ဓာတ်မတည့်မှုအလာဂျီအပေါ်မှာ ခံနိုင်ရည်စွမ်းအားကို တက်လာစေတဲ့ ကုသမှု ဆိုတာ လိုအပ်လာမှာ ဖြစ်ပါတယ်။

ဘာလဲဟဲ့ အလာဂျီ

အလာဂျီ (ဓာတ်မတည့်မှု) ဆိုတာ ကိုယ်ခန္ဓာကနေ မူမမှန်တဲ့ တုန့်ပြန်မှုတစ်ခုခုဖြစ်တာကို ပြောတာပါ။ ဆိုလိုတာက  ပြင်ပပစ္စည်း တစ်ခုခု ကိုယ်ထဲဝင်လာတဲ့အခါ သာမန်လူများမှာမရှိတဲ့ လွန်ကဲတဲ့တုန့်ပြန်မှု ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို ဓာတ်မတည့်တုန့်ပြန်မှုကို ဖြစ်စေတဲ့ အရာတွေ ကတော့..

  • အိမ်တွင်းက သာမန်မျက်စိနဲ့မမြန်နိုင်တဲ့ ဖုန်မှုန့်တွေထဲက ပိုးမွှားတွေ
  • ခွေး ကြောင် တို့ရဲ့ အမွေးတွေ
  • ပိုးဟပ်
  • ပန်းဝတ်မှုန်  စတာတွေပဲ ဖြစ်ပါတယ်။

မိသားစုထဲမှာ ဖော်ပြခဲ့တဲ့ ဓာတ်မတည့်မှုမျိုး၊ ရင်ကျပ်ပန်းနာမျိုး ရှိနေတယ်ဆိုရင် ကိုယ့်မှာလဲ ဖြစ်လာနိုင်ချေ ပိုများတတ်ပါတယ်။ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာရဲ့ တုန့်ပြန်မှုတွေဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ အလိုလို ဖြစ်လာတတ် ပါတယ်။

 

ဘယ်အစိတ်အပိုင်းတွေမှာ ဓာတ်မတည့်မှုတွေကို ခံစားရလေ့ ရှိသလဲ။

အသက်ရှူလမ်းကြောင်း  – ရောဂါလက္ခဏာတွေကတော့ နှာရည်ယိုတာ၊ နှာစေးတာ၊ နှာခေါင်းပိတ်တာ (hay fever လို့လဲ ခေါ်ပါတယ်)စတာတွေဖြစ်ပြီး ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ စတဲ့ ပိုမိုဆိုးရွားတဲ့ ရင်ကျပ်ပန်းနာရဲ့ လက္ခဏာတွေအထိ ဖြစ်သွားတတ်ပါတယ်။

အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ ဓာတ်မတည့်မှုဆိုတာ များသောအားဖြင့် လေထဲမှာပါလာတဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ထိုင်းလူမျိုးတွေမှာ များသောအားဖြင့် လေထဲက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်တွေထဲက ပိုးမွှားတွေ၊ ပိုးဟပ်တို့၊ အိမ်မွေး ခွေးတို့ ကြောင်တို့က အမွေးတွေ၊ ပန်းဝတ်မှုန်တွေ၊ လေထဲမှာပါလာတဲ့ မှို စတာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ကြပါတယ်။

တစ်ချို့ ကလေးတွေမှာ ကြက်ဥ တို့ နွားနို့တို့ စတာတွေနဲ့ မတည့်တဲ့ အစားအသောက်အလာဂျီလည်း ရှိပါတယ်။ အဲဒါတွေစားမိရင် ရင်ကျပ်တာတို့ အသက်ရှူကြပ်တာတို့ စတဲ့ ပန်းနာရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။

အရေပြား – အင်ပျဉ်ထခြင်း၊ နှင်းခူ နဲ့ အခြားဓာတ်မတည့်မှုဆိုင်ရာ အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ အစားအသောက်နဲ့ ဆေးဓာတ်မတည့်မှုတွေကြောင့် အင်ပျဉ်တွေ ထ လာတတ်ပါတယ်။ နှင်းခူကျတော့ မိသားစုထဲမှာ အလားတူ ဓာတ်မတည့်မှုမျိုးရှိတဲ့သူတွေ၊ တစ်ချို့လည်း နွားနို့တို့ ကြက်ဥတို့နဲ့ ဓာတ်မတည့်တဲ့သူတွေ မှာ ဖြစ်တတ်ပြီး ကလေးငယ်လေးတွေမှာဆိုရင်  ပါးပေါ်မှာ နဲ့  အသက် နည်းနည်းကြီးတဲ့ကလေးတွမှာတော့ တံတောင်ဆစ်ကွေးတို့ ဒူးခေါင်းခွက်တို့မှာ ဖြစ်တတ်ပါတယ်။

အစာချေအဖွဲ့အစည်း – ဗိုက်နာတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ သွေးပါတာ စတာတွေဟာ အစားအသောက် ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

နေရာအစုံမှာဖြစ်ခြင်း – ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာတတ် ပါတယ်။ တစ်ချို့ လူနာတွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ဓာတ်မတည့်မှုတွေ ခံစားရတတ်ပါတယ်။ အသက်ရှူကြပ်တာ၊ အင်ပျဉ်ထတာကစပြီး သတိလစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အပေါ်ကိုလည်း သက်ရောက်မှု ရှိပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာ   တွေ ဖြစ်တဲ့ ပုစွန် တို့ မြေပဲ တို့ စားမိတဲ့အခါ တို့ ပင်နီဆလင်လို မတည့်တဲ့ဆေးမျိုး ထိုးမိတဲ့အခါ တို့မှာ အသက်ဆုံးရှုံးတဲ့အထိ တောင် ဖြစ်သွားနိုင်ပါတယ်။

ဓာတ်မတည့်မှု ဟာ အဖြစ်များသလား။

ဓာတ်မတည့်မှုဟာ ကမ္ဘာနဲ့အဝှမ်း ဖြစ်နေကြတာပါပဲ။ ထိုင်းမှာဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်နဲ့ ယှဉ်လိုက်ရင် ၃ဆ ၄ဆ လောက် တက်လာတာကို တွေ့ရပါတယ်။ နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းခြင်းဖြစ်တဲ့ ဓာတ်မတည့်မှု က ၂၃ ကနေ ၃၀ ရာခိုင်နှုန်း၊ ရင်ကျပ်ပန်းနာ ၁၀ – ၁၅ % ၊ အရေပြားဓာတ်မတည့်မှုက ၁၅%  နဲ့  အစားအသောက် ၆%  ပတ်ချာလည် လောက်ရှိမယ် လို့ မှတ်တမ်းများအရ​ သိရပါတယ်။ ထိုင်းမှာဆိုရင် လူနေမှုစနစ် ပြောင်းလဲလာတာနဲ့အမျှ လေကတစ်ဆင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေပိုများလာတာကို တွေ့ရပါတယ်။ လူနေထူထပ်လာတယ်။ မြို့တော်ကြီးတွေမှာ စည်ကားလာတယ်။ အိမ်တွေဟာ ပွင့်လင်းတဲ့ ပုံစံကနေ ပြောင်းလဲလာတယ်။ လေဝင်လေထွက်ကောင်းမွန်တဲ့ လေရတဲ့ ပုံစံကနေ အနောက်တိုင်းစတိုင်ဖြစ်တဲ့ မျက်နှာကျက်နိမ့်နိမ့်လေးတွေဖြစ်သွားပြီး  အိမ်ထဲမှာ ပရိဘောဂ အများကြီးနဲ့၊ ပြတင်ပေါက် တွေ အမြဲလိုလို ပိတ်ထားပြီး လေအေးပေးစက်နဲ့ နေတာ များလာတယ်။ ကြမ်းပြင်မှာ ကော်ဇောတွေ ခင်းထားတာမို့ ဖုန်တွေ စု နေတတ်ပါတယ်။ ပန်းပင်တွေကို အိမ်ထဲမှာစိုက်တဲ့ဓလေ့ကြောင့် မှိုတွေ ပိုပေါက်လာပါတယ်။ အိမ်ထဲမှာ ခွေးလေးတွေ ကြောင်လေးတွေ မွေးထားရတာ ခေတ်စား လာတယ်။ တစ်ချို့ဆို အတူတူတောင် အိပ်ကြတယ်။ ဒါတွေ အားလုံးဟာ အလာဂျီ ထ စေတဲ့ အကြောင်းရင်းတွေပါပဲ။ တစ်နေ့လုံး ရှူရှိုက်နေရတာ၊ ထိတွေ့နေရတာ စတာတွေကြာင့် ကိုယ်ခန္ဓာမှာ ဓာတ်မတည့်မှုကို တုန့်ပြန်တဲ့ လက္ခဏာတွေ ပြလာ တော့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားဖြစ်နိုင်တာတွေလည်း ရှိပါသေးတယ်။ လေထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုက်တွေ များပြီး လေထု ညစ်ညမ်းနေတာ၊ လမ်းတွေမှာ ဖုန်ထူတာ၊ မော်တော်ယာဉ်တွေရဲ့ အိပ်ဇောပိုက်တွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ စက်ရုံ မီးခိုးခေါင်းတိုင်တွေ၊ ဆေးလိပ်ငွေ့တွေ စတာတွေဟာလည်း ဒီကနေ့ ဓာတ်မတည့်မှုကို တိုးပွားစေတဲ့ အကြောင်းတရား တွေပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်မှုဖြစ်ရခြင်းအကြောင်းရင်းများ

  • မျိုးရိုးဗီဇ – မိသားစုထဲမှာ ဓာတ်မတည့်တဲ့သူမျိုးရှိနေရင် မွေးလာမယ့် ကလေးမှာလည်း ဓာတ်မတည့်တာ ပါလာဖို့ များပါတယ်။ ပန်းနာရင်ကျပ်၊ နှာခေါင်းအတွင်းပိုင်းရောင်ရမ်ခြင်း ဓာတ်မတည့်မှု၊ အရေပြား ဓာတ်မတည့်မှု စတာတွေပဲ ဖြစ်ပါတယ်။ မိဘ တစ်ယောက်ယောက်မှာ ရှိတာထက် မိဘနှစ်ဦးလုံးမှာ ရှိနေရင် ပိုဆိုးပါတယ်။ ဥပမာ အဖေမှာ ဓာတ်မတည့်တာမျိုးရှိရင် သားသမီးမှာ ပါလာဖို့ ၃၀-၅၀% ရှိပြီး အဖေရော အမေရောမှာပါ ရှိနေမယ်ဆိုရင်တော့ ၅၀ – ၇၀% အထိ ပိုလာနိုင်တဲ့အပြင် ဓာတ်မတည့်မှု လုံးဝ မရှိတဲ့ အိမ်ထောင်မှာတောင် သားသမီးမှာ ပါလာနိုင်ချေဟာ ၁၀% လောက် ရှိနိုင်ပါတယ်။
  • ပတ်ဝန်းကျင် – ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတဲ့ ဓာတ်မတည့်မှုက ပိုဆိုးပါတယ်။
    • အိမ်တွင်းဖုန်မှုန့်ထဲက ပိုးမွှားတွေ
    • ခွေး ကြောင် တို့ရဲ့ အမွေးတွေ
    • ပိုးဟပ်
    • ပန်းဝတ်မှုန်
    • အစားအသောက်
    • ဆေးဝါး,    စတာတွေကို ရှူရှိုက်နေရတာ၊ စားသောက်မိတာ၊​ ထိတွေ့ကိုင်တွယ်နေရတာ စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

ဓာတ်မတည့်မှုဖြစ်နေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေ…

  • နှာစေးလာတာ၊ နှာခေါင်းယားလာတာ၊ နှာရည်ယိုတာ၊ မျက်လုံးတွေ ယားလာတာ၊ လည်ပင်းနာတာ၊ နာတာရှည် ချောင်းတအားဆိုးပြီး ချွဲတွေထွက်လာတာ၊ အသက်ရှူမမှန်တာ၊ အသက်ရှူရခက်ခဲတာ၊ အသက်ရှူရင် တရွှီးရွှီး မြည်သံကြားနေရတာ စတာတွေဟာ အသက်ရှူလမ်းကြောင်းမှာ ဓာတ်မတည့်မှု တစ်ခုခု ခံစားနေရတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ ဖြစ်ပွားရခြင်းအကြောင်းရင်းနဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ဖြစ်လိုက် ပျောက်လိုက်လဲ ဖြစ်နေတတ် ပါတယ်။ ရာသီအလိုက်လဲ ဖြစ်လာတတ်ပါတယ်။ တစ်ချို့လည်း တစ်နှစ်ပတ်လုံး ဖြစ်နေတဲ့သူလဲ ရှိပါတယ်။
  • အရေပြားဓာတ်မတည့်မှုကျတော့ အင်ပျဉ်တွေထလာတာ၊ ယားတဲ့အနီကွက်တွေ တံတောင်ဆစ်တို့ ဒူးခေါက်ကွေးတို့မှာ ပေါ်လာတာ၊ ကလေးတွေမှာဆိုရင် ပါးပေါ်မှာ အနီကွက်တွေ ရဲ လာတာ စတာတွေ ပြလာတတ်ပါတယ်။
  • အစာခြေအဖွဲ့အစည်းမှာဖြစ်တဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း နဲ့ ဝမ်းမှာသွေးပါခြင်းတို့ပဲ ဖြစ်ပါတယ်။
  • ကိုယ်အင်္ဂါအနှံ့မှာ ဓာတ်မတည့်မှုဖြစ်ခြင်း (anaphylaxis) –  ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေမှာတော့ အသက်ရှူမမှန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်ပျဉ်တွေ ထခြင်း စတာတွေကနေ ဓာတ်မတည့်မှုဆိုင်ရာ သွေးလန့်ခြင်းမှသည် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း – လူနာရဲ့ ရောဂါရာဇဝင်ကို သေသေချာချာ ဆန်းစစ်ရပါတယ်။ လူနာကို ကိုယ်တွေ့ စမ်းသပ် စစ်ဆေးရပါတယ်။ သေချာအောင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါတယ်။ ကိုယ်ဟာ ဘာနဲ့ ဓာတ်မတည့်ဘူးလဲ ဆိုတာ သိချင်တဲ့ လူနာတွေအတွက် အရေပြားစစ်ဆေးခြင်း နဲ့ သွေးစစ်ဆေးခြင်းတွေ လုပ်ပေးရပါတယ်။

 

အရေပြားဓာတ်မတည့်မှု စစ်ဆေးခြင်း

အရေပြားဓာတ်မတည့်မှုစစ်ဆေးခြင်း၊ အရေပြားခြစ်ပြီးစစ်ကြည့်တယ်ဆိုတာ ကိုယ့်မှာ ဘာနဲ့ ဓာတ်မတည့်မှုတွေ ရှိနေသလဲ ဆိုတာ သိရဖို့ စစ်ဆေးတာဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • လက်မောင်း ဒါမှမဟုတ် ကျောပေါ်မှာ အလာဂျီစေ့ဆော်မှုကို ဖြစ်စေတတ်တဲ့ ဆေးစက်ကလေး ချလိုက်ပါတယ်။
  • ပြီးတော့ Lanset လို့ခေါ်တဲ့ အပ်ပြားလေးနဲ့ အရေပြားကို ညင်သာစွာ စူးဝင်စေပါတယ်။ (ကလေးတွေကျတော့ ၂နှစ်နဲ့ အထက်တွေမှပဲ ဒီနည်းနဲ့ စမ်းပါတယ်။)
  • ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတဲ့အခါမှာ အဖြေကို ဖတ်ကြည့်လို့ ရပြီ ဖြစ်ပါတယ်။ အဖြေကို ဖတ်ပြီး သူဟာ ဘာနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို သတ်မှတ်ပေးလို့ ရနိုင်တာဖြစ်ပါတယ်။
     

*ဒီနည်းနဲ့စစ်မယ့်သူဟာ ဓာတ်မတည့်မှုသက်သာစေတဲ့ဆေးတို့၊ အိပ်ဆေးတို့ သောက်နေတာရှိရင် ဆေးအပေါ်မူတည်ပြီး မစစ်ခင် တစ်ပတ်လောက်ကတည်းက ရှောင်ထားဖို့ လိုအပ်ပါတယ်။

* စတီးရွိုက်လိုဆေးမျိုးတွေ သောက်နေတာရှိရင်လည်း မစစ်ခင်မှာ ကြိုပြောထားဖို့ လိုအပ်ပါတယ်။

ဓာတ်မတည့်မှုအတွက် ကုထုံးများ

ဓာတ်မတည့်မှု ရှောင်ရှားနိုင်စေသောဆေးများ (ဘာနဲ့ဓာတ်မတည့်တယ်ဆိုတာ သိထားသူများအတွက်)

ကိုယ်ဟာ ဘာနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို သိထားရင် အဲဒါနဲ့ မထိတွေ့ရအောင် တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။ ကိုယ်ထဲကို ဓာတ်မတည့်တာတွေ မဝင်ရင် ဓာတ်မတည့်တုန့်ပြန်မှုတွေလဲ ဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ချို့ ဓာတ်မတည့်စေတဲ့အရာတွေက ရှောင်ရှားရလွယ်ပါတယ်။ ဥပမာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးနေခြင်းဖြင့် ခွေးမွေး ကြောင်မွေးတွေနဲ့ ဓာတ်မတည့်မှုတွေ ထ မလာအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် လေထဲမှာ ရာသီအလိုက် ပါလာတတ်တဲ့ ပန်းဝတ်မှုန်တွေ၊ သစ်ပင်က အမှုန်တွေ၊ မှိုတွေ၊ ဖုန်တွေ စ တာတွေကတော့ အသက်ရှူနေတာဖြစ်လို့ ရှောင်ရှားရ ခက်ပြန်ပါတယ်။ ဒီလိုမျိုးဆိုရင်တော့ ရှောင်လို့မရရင် လျှော့ချဖို့ ကြိုးစားရပါမယ်။ အိမ်ထဲမှာ ဖုန်တွေ မရှိအောင် ကော်ဇောတွကို ဖုန်စုပ်စက်နဲ့ စုပ်တာ၊ အိပ်ရာခင်းတို့ ခေါင်းအုံးစွပ်တို့မှာ ဖုန်တို့ မှိုတက်နေတာတို့ မဖြစ်ရအောင် တစ်ပတ်တစ်ခါ လျှော်ဖွပ်ပေးတာတို့ ဘာတို့ လုပ်ပေးရပါမယ်။ အိပ်ရာဖုံးတွေဘာတွေနဲ့ စွပ်ထားခြင်း အားဖြင့်လည်း အိပ်ရာထဲမှာ ဖုန်တွေမရှိအောင် ကာကွယ်လို့ ရပါတယ်။ တစ်ချို့ လက်ဝတ်ရတနာနဲ့ ဓာတ်မတည့်တာ၊ မိတ်ကပ်နဲ့ ဓာတ်မတည့်တာတွေရှိနေရင်လည်း အဲဒါတွေကို အသုံးမပြုခြင်းအားဖြင့် ရှောင်ရှားနိုင်ပါတယ်။

ဓာတ်မတည့်မှုမှ ကာကွယ်ပေးသောကုထုံးများ – အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုတွေဖြစ်တဲ့ နှာခေါင်းတွင်း ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ် ကဲ့သို့သော ရောဂါများအတွက် အလာဂျီစေ့ဆော်မှုတွေကို ဖြစ်စေတဲ့ ပန်းဝတ်မှုန်တို့၊ ဖုန်တို့၊ လေထဲမှာ ပါလာတဲ့ မှိုတို့ စတာတွေကို ရှောင်လို့လဲ မရဘူး၊ ဆေးတွေ သောက်တာလဲ မထူးဘူး ဆိုရင်တော့ ဓာတ်မတည့်မှုကို ကာကွယ်တဲ့ ကုထုံးတွေနဲ့ ကုသပေးရမှာ ဖြစ်ပါတယ်။ ဒီကုထုံးမှာ သူနဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ဓာတ်ကို ပမာဏ နည်းနည်းလေးကနေစပြီး ကိုယ်ခန္ဓာက ထိန်းချုပ်နိုင်တဲ့အဆင့်အထိ နည်းနည်းချင်း နည်းနည်းချင်း ထိုးထည့်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်က ကျင့်သားရအောင် လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။ အချိန် အကြာကြီး ယူရပါတယ်။ ၆လလောက် တစ်ပတ်တစ်ခါ မှန်မှန်ထိုးရပါတယ်။ အဲဒီနောက် ၂ပတ်တစ်ခါ၊ နောက် ၃ ပတ်တစ်ခါ၊ နောက် တစ်လတစ်ခါ စသည်ဖြင့် ၃ နှစ်က နေ ၆ နှစ်လောက်အထိ လုပ်ရပါတယ်။ အဲဒီတော့မှ ကိုယ်ခန္ဓာက အဲဒီဓာတ်မတည့်မှုကို ခံနိုင်ရည် ရှိလာတာ ဖြစ်ပါတယ်။

ဓာတ်မတည့်မှုများမှ ကာကွယ်ရန်

  • ကလေးကို ပထမ ၄လ မှ ၆လ အထိ မိခင်နို့တစ်မျိုးတည်းကိုသာ သီးသန့်တိုက်ကျွေးခြင်း။ တကယ်လို့ မိခင်နို့ မလုံလောက်ဘူးဆိုရင် အခြားနို့များ၊ ကလေးငယ်များအရေပြားဆိုင်ရာ ရောဂါများမှ ကာကွယ်နိုင်တဲ့ အထူးထုတ်လုပ်ထားတဲ့ နို့များကို တိုက်ကျွေးနိုင်ပါတယ်။
  • ၆လ ကျော်သွားရင် အသက်အလိုက် သင့်တော်တဲ့ ဖြည့်စွက်စာ ကျွေးနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းဖြစ်နိုင်မှု အနည်းဆုံး အစားအစာတွေဖြစ်တဲ့ ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စတာတွေ စပြီး ကျွေးကြည့်ရပါမယ်။ ကြက်သားတို့ ဝက်သားတို့လည်း ကျွေးကြည့်နိုင်ပါတယ်။
  • အိမ်တွင်းဓာတ်မတည့်မှုများကနေ ရှောင်ရှားနိုင်ဖို့ကတော့ ကလေးငယ်ရဲ့ အိပ်ခန်းဟာ လေဝင်လေထွက် ကောင်းဖို့ လိုပါတယ်။ မလိုအပ်တာတွေနဲ့ ရှုပ်ပွမနေဘဲ သန့်ရှင်း နေဖို့ လိုပါတယ်။ အိပ်ရာခင်းတို့ ဘာတို့ ဟာလည်း အမွေးပွတွေ မဟုတ်ဘဲ အချောတွေဖြစ်သင့်ပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စတာတွေကိုလည်း မကြာခဏ လျှော်ဖွပ်ပေးဖို့ ကောင်းပါတယ်။ ရေနွေးနဲ့ ပြုတ်ပစ်ရပါမယ်။ မွေးပွအရုပ်တွေ၊ မွေးပွကော်ဇောတွေ၊ စာအုပ်အဟောင်းတွေ စတာတွေကိုလည်း ဖယ်ရှားထားသင့်ပါတယ်။ အခန်းကို ပုံမှန်တိုက်ချွတ်ဆေးကြော ပေးရပါမယ်။ နေရောင်ခြည်နဲ့ လေကောင်းလေသန့် ရရှိအောင်လည်း ထားရပါမယ်။ အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်းကို လုံးဝခွင့်မပြုရပါဘူး။ အခြား မီးခိုးငွေ့များမှလည်း ကင်းစင်အောင် လုပ်ထားရပါမယ်။ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများမှလည်း ကာကွယ်နိုင်အောင်လုပ်ထားရပါမယ်။ နို့မို့ဆိုရင် ကလေးမှာ ဓာတ်မတည့်မှုဖြစ်စဉ်များ ဖြစ်ဖို့ လွယ်ကူလာစေမှာ ဖြစ်ပြီး၊ ရှိနေပြီဆိုရင်လည်း ပိုဆိုးလာစေမှာဖြစ်တဲ့အကြောင်း သတိပြုဖွယ်ရာ ရေးသားတင်ပြလိုက်ရပါတယ်။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။