ရင်သွေးငယ်တို့ နုနယ်တဲ့နှလုံးသား ခွန်အားတို့ဖြင့် ပြည့်ဝပါစေ..

ရင်သွေးငယ်တို့ နုနယ်တဲ့နှလုံးသား ခွန်အားတို့ဖြင့် ပြည့်ဝပါစေ..

အနှစ်ချုပ်

  • အသက် ၁ နှစ်အောက် ကလေးငယ်များမှာ “မွေးရာပါနှလုံးချွတ်ယွင်းမှု” ဆိုတာ အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ မိခင်မှာ ဆီးချိုရောဂါရှိနေတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ rubella  (ဂျာမန်ဝက်သက်) စတဲ့ ကူးစက်ရောဂါတွေ ကူးစက်ခံရတာ စတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။
  • ဒါကြောင့် ကိုယ်ဝန်မဆောင်မီ မိခင်ရော ဖခင်ပါ ကျန်းမာရေးစစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။ တစ်ခုခု တွေ့တယ်ဆိုရင် ဆရာဝန်ဆီမှာ လိုအပ်တဲ့ ကုသမှုတွေ ချက်ချင်းယူမှသာ ကလေးဟာ ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ မွေးဖွားလာနိုင်စေဖို့ အကောင်းဆုံး အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း မွေးကင်းစကလေးငယ်များနဲ့ ၁နှစ်အောက်ကလေးများသေဆုံးရတဲ့ အကြောင်းရင်းတွေမှာ “မွေးရာပါနှလုံးချွတ်ယွင်းမှု” ဟာ ထိပ်တန်းကိစ္စတစ်ခု ဖြစ်လို့နေပါတယ်။

အခြား ကိုယ်တွင်းအင်္ဂါများ ထိခိုက်တဲ့ မသန်စွမ်း ဖြစ်ရမှု ၃ ခုမှာ ၁ ခုဟာ မွေးရာပါနှလုံးချွတ်ယွင်းမှုနဲ့ဆက်စပ်တယ် လို့ ဆိုပါတယ်။

တစ်ချို့ မွေးကင်းစကလေးငယ်တွေဟာ မွေးကတည်းက ဒါမှမဟုတ် မွေးပြီးမကြာမီမှာပဲ နှလုံးသွေးကြောဆိုင်ရာ မူမမှန်မှုတွေကို ခံစားနေရပေမယ့် တစ်ချို့ကတော့ ကြီးလာမှ ဒါမှမဟုတ် ဆေးကုရလောက်တဲ့အထိ နှလုံးရောဂါ ပြင်းထန်လာမှပဲ သိကြရတာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရကတော့ မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ရောဂါတစ်ခုခု ခံစားခဲ့ရတာမျိုးကြောင့် ဖြစ်ရပါတယ်။ Rubella (ဂျာမန်ဝက်သက်) ကူးစက်မှုဟာ အန္တရာယ်အရှိဆုံးလို့ ဆိုပါတယ်။  အစောပိုင်း ကိုယ်ဝန်ဆောင်ချိန် (ပထမ ၆ ပတ် မှ ၁၂ ပတ်အတွင်း) မှာ သောက်တဲ့ ဆေးကြောင့်လို့လည်း ပြောကြပါတယ်။  ဘာပဲဖြစ်ဖြစ် မွေးရာပါနှလုံးချွတ်ယွင်းရခြင်းရဲ့ အကြောင်းရင်း အမှန်ကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။  ဒီလိုကေ့စ်တွေရဲ့ ၅၀% ဟာ ရောဂါလက္ခဏာအလိုက် ဆေးဝါးနဲ့ စောင့်ရှောက်မှုတွေပေးပြီးကုသပေးရုံနဲ့ လုံလောက်ပေမယ့် ကျန် ၅၀% ကတော့ ခွဲစိတ်ကုသမှပဲ ရမှာ ဖြစ်ပါတယ်။

ရင်သွေးငယ်ရဲ့ နှလုံးသားကို ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ဂရုစိုက်ပါ။

သန္ဓေသားရယ်လို့ ဖြစ်လာခဲ့ရင် ပထမဆုံး စဖြစ်တဲ့ အစိတ်အပိုင်းဟာ နှလုံးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ပထမ ၄ ပတ်အတွင်းမှာ စတင် ဖြစ်တည်လာခဲ့ပြီး ၂ ပတ်အတွင်းမှာ အမြန်ကြီးထွားလာပါတယ်။ ကိုယ်ဝန်ဆောင် ၆ ပတ်အတွင်းမှာ အာလ်ထရာဆောင်းရိုက်ကြည့်ရင် ကလေးလေးရဲ့ နှလုံးခုန်နေတာကို စိတ်လှုပ်ရှားဖွယ်ရာ မြင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီ ၆ ပတ် အတွင်းမှာပဲ သန္ဓေသားလောင်းဟာ rubella စတဲ့ ကူးစက်ရောဂါတွေ ဝင်လွယ် ထိခိုက်လွယ် ဖြစ်ရပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ မိခင်ဟာ ကလေးလေးရဲ့ နှလုံးကို အထူးဂရုတစိုက် မွေးမြူရမှာ ဖြစ်ပါတယ်။ ကျန်းမာအောင်နေရမယ်၊ သန့်ရှင်းမှု ဂရုစိုက်ရမယ်၊ ဆေးလိပ်သောက်တာတို့ဘာတို့ မလုပ်ရဘူး၊ ကလေးရဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့ ဆေးမျိုးတွေ မသောက်ရဘူး စတာတွေပဲ ဖြစ်ပါတယ်။  .

ကိုယ်ဝန်ဆောင်ကာလ ၁၀ပတ် ကျော်လာပြီဆိုရင်တော့ သူ့ရဲ့ နှလုံးဖွံ့ဖြိုးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်လာပြီးဖြစ်လို့ ကျွမ်းကျင်သူတွေက သူ့ကို “သန္ဓေသား” ဆိုတဲ့အဆင့်ကနေ “မမွေးသေးတဲ့ကလေးလေး” အဆင့်လို့ ပြောင်းပြီး သတ်မှတ်ကြ ပါတယ်။ ဒီအဆင့်မှာဆိုရင် အခြားကိုယ်အင်္ဂါတွေလည်း ပုံပေါ်လာပြီ ဖြစ်ပြီး နှလုံးခုန်သံကိုလည်း doppler sound wave stethoscope နဲ့ နားထောင်ရင် ကြားနေရပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နှလုံးခုန်သံဟာ တစ်မိနစ် ၁၆၀ နှုန်းဖြစ်ပြီး ဒါဟာ လူကြီးနှလုံးခုန်နှုန်းထက်တော့ မြန်နေပါတယ်။  ဒါပေမယ့် ၁၂ ပတ်ကနေ ၂၈-၃၈ ပတ်အတွင်းမှာ သူ့ရဲ့ နှလုံးခုန်နှုန်းဟာ ဖွံ့ဖြိုးမှု ပြီးမြောက်သွားတဲ့အချိန်အထိ တဖြည်းဖြည်း နှေးလာမှာပဲ ဖြစ်ပါတယ်။

မွေးရာပါနှလုံးချွတ်ယွင်းမှု ဖြစ်လာစေနိုင်သော အချက်များ

မိခင်မှာ ဆီးချိုရောဂါ ရှိနေတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ruvella (ဂျာမန်ဝက်သက်) စတာတွေ ကူးစက်ခံရတာ စတာတွေကြောင့်လို့ ဆိုပါတယ်။ မိခင်ရဲ ခရိုမိုဆုန်းတွေ ပုံမှန်မဟုတ်ခြင်းဟာ သန္ဓေသားအတွက် နှလုံးခုန်မူမမှန်ခြင်းကို ဖြစ်စေပြီး  ဖောရောင်ခြင်းနဲ့ ဖွံဖြိုးမှုဆိုင်ရာ ပြဿနာများကို ဖြစ်လာစေကာ မွေးရာပါနှလုံးချွတ်ယွင်းမှုဘက်ကို ဦးတည်နေပါတယ်။ မိသားစုထဲမှာ ဒီလိုဖြစ်ဖူးတဲ့ ရာဇဝင် ရှိနေရင်လည်း ဖြစ်နိုင်ချေ ပိုများပါတယ်။

အာလ်ထရာဆောင်းရိုက်ကြည့်ရင်လည်းပဲ သန္ဓေသားမှာ ဒီလိုဖြစ်နေတယ်ဆိုတာ သိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို တစ်ချို့ကလေးတွေက မွေးပြီးမှ ဒါမှမဟုတ် တော်တော်လေးကြီးလာမှ ရောဂါလက္ခဏာတွေ ပြလာတတ်လို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိရဲ့ ကျန်းမာရေးကို သေသေချာချာဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဗိုက်ထဲက ကလေးလေးရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အဓိက သက်ရောက်မှာ ဖြစ်ပြီး မွေးရာပါ နှလုံးချွတ်ယွင်းလာမှု ဖြစ်နိုင်ချေတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

  • ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးစစ်ဆေးခြင်း မိခင်ရော ဖခင်ပါ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ပြဿနာတစ်ခုခု ဒါမှမဟုတ် မွေးရာပါပြဿနာတစ်ခုခုတွေ့တယ်ဆိုရင် ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးပြီး  လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူခြင်း၊  ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့ အားဆေး စတာတွေသောက်ဖို့ ညွှန်ကြားမှု ခံယူခြင်း စတာတွေ လုပ်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်မဆောင်ခင် ၂ပတ် ၃ ပတ် လောက်ကြိုပြီး ဖောလစ်အက်ဆစ် သောက်ခိုင်းတာတို့ ဘာတို့ လုပ်လေ့ ရှိပါတယ်။
  • ကိုယ်ဝန်ကို ကျန်းမာရေးဌာနမှာ မှတ်ပုံတင်ခြင်း (ဗိုက်အပ်ခြင်း)ကိုယ်ဝန်ရှိပြီဆိုတာနဲ့ မိမိရဲ့ ကိုယ်ဝန်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ ကျန်းမာရေးဌာနမှာ ဗိုက်အပ်ထားဖို့ လိုပါတယ်။ ရက်ချိန်းကိုလည်း မှန်မှန် သွားပြဖို့ မမေ့ပါနဲ့။
  • ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်တက်လာတာပုံမှန် ဖြစ်ပေမယ့် အဝ မလွန်ဖို့ ထိန်းသိမ်းထားခြင်း အားဖြင့် သန္ဓေသားမှာ ဆီးချို စတာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။
  • အရက် ဆေးလိပ် သောက်သုံးမှုမှ ရှောင်ကျဉ်ခြင်း ကိုယ်တိုင်လည်းမသောက်တဲ့အပြင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက် မိခြင်းများ မှလည်းရှောင်ရှားပါမှ သန္ဓေသား ဖွံ့ဖြိုးမှုကို မထိခိုက်မှာ ဖြစ်ပါတယ်။
  • လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း ဆရာဝန်တို့ သားဖွားဆရာမတို့နဲ့ တိုင်ပင်ပြီး လုပ်ပါ။
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ဖိစီးမှုကို လျှော့ချပါ။
  • ကျန်းမာစေသော အစားအစာများကို စားသောက်ခြင်း အစာအုပ်စု ၅ မျိုးလုံး ပါအောင်စားပါ။ ရေ များများ သောက်ပါ။ အဆီနဲ့ အရသာအလွန်အကျွံထည့်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။

     

မူမမှန်မှုတစ်ခုခု - သွေးတိုးခြင်း၊ သွေးဆင်းခြင်း စတာတွေ ဖြစ်လာခဲ့ရင် ဆေးရုံ ဆေးခန်းကို ချက်ချင်း သွားပါ။

 

နှလုံးမူမမှန်မှုတွေ့ရတယ်ဆိုရင် ဘာတွေလုပ်ရမလဲ။

စောစောကပြောခဲ့သလိုပါပဲ။ တစ်ချို့ နှလုံးမူမမှန်မှုတွေဟာ မွေးပြီးမှပဲ သိရတဲ့ ဟာမျိုးတွေ ဖြစ်ပါတယ်။ တစ်ချို့ဟာ ခွဲစိတ်ဖို့ မလိုအပ်ပေမယ် ရောဂါလက္ခဏာအလိုက် သက်ဆိုင်ရာ ဆေးဝါးကုသမှုတွေ လိုအပ်ပါတယ်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုတွေလည်းလိုအပ်သလို သင့်တော်တဲ့ အပေါ့ စားလေ့ကျင့်ခန်းတွေနဲ့ လိုအပ်တဲ့ ဆေးဝါးလမ်းညွှန်မှုတွေလည်း လိုအပ်ပါတယ်။ မွေးရာပါနှလုံးချွတ်ယွင်းမှု ပါလာတဲ့ ကလေး တွေရဲ့ အခြေအနေ အပေါ်မှာ စိတ်ဖိစီးမှု ဖြစ်လောက်တဲ့အထိတော့ စိတ်မပူသင့်ပါဘူး။ ဒါပေမယ့် တကယ်လို့ ကလေးဟာ သွေးထဲက အောက်ဆီဂျင်ပမာဏ ကျလာ ပြီးပြာနှမ်းလာတယ်ဆိုရင်တော့ အရေးပေါ်ဆေးဘက်ဆိုင်ရာကုသမှု ချက်ချင်းလိုအပ်မှာဖြစ်ပြီး လိုသလိုကုသမှုတွေ ပေးရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ဆေးတွေ မတိုးတော့ဘူးဆိုရင် ခွဲစိတ်ကုသဖို့ စဉ်းစားရမှာပဲ ဖြစ်ပါတယ်။

“နှလုံး” ဆိုတာ အသက်ရှင်ရေးအတွက် မရှိမဖြစ်အစိတ်အပိုင်းဖြစ်တဲ့အလျောက် မိခင်ဟာ ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာ မိမိရဲ့ ခွန်ပြည့် အား ပြည့်ကျန်းမာရေးကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း မွေးလာတဲ့ ကလေးလေး နှလုံးချွတ်ယွင်းလာမှုကနေ ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါ တယ်။ မိခင်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့နေရာမှာ သားဖွားမီးယပ်ဆရာဝန်နဲ့ ကလေးအထူးကုဆရာဝန်တို့ဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်နေကြပါတယ်။ တကယ်လို့ မွေးရာပါနှလုံးချွတ်ယွင်းမှု ပါလာခဲ့တယ်ဆိုရင်လည်း မိခင်အနေနဲ့ တအားကြီး စိတ်ပူစရာ စိတ်ဓာတ်ကျစ ရာမလိုပါဘူး။ ကိုယ့်ရင်သွေးလေးရဲ့ အခြေအနေ အနေအထားကို ကောင်းစွာ နားလည်အောင် လေ့လာပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး များနဲ့ ပြသဆွေးနွေးကုသရမှာဖြစ်ပါတယ်။  နိဂုံးချုပ်အားဖြင့် မှာချင်တာကတော့ “ရင်သွေးငယ်တို့ နှလုံးကျန်းမာဖို့ ဖေဖေ မေမေ နှစ်ဦးလုံးရဲ့ နှလုံးတွေဟာလည်း ကျန်းမာနေဖို့ လိုတယ်” ဆိုတာပါပဲ။  

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။