မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်းအကြောင်း

မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်းအကြောင်း

အနှစ်ချုပ်

  • သည်းခြေကျောက်တည်ခြင်းရဲ့ လက္ခဏာများဟာ လေပွခြင်း ၊ လေတက်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ပေါ်လိုက်ပျောက်လိုက်ဖြစ်တဲ့ရင်ပူခြင်း ကဲ့သို့သော အစာအိမ်နှင့်အူလမ်းကြောင်းနံရံရှိအနာ (သို့) အစာအိမ်ရောင်ခြင်းရဲ့ လက္ခဏာ များနဲ့ဆင်တူပါတယ်။ တကယ်လို့ ဒါကို သံသယဖြစ်တယ်ဆိုရင် တိတိကျကျရောဂါရှာဖွေနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြသဆွေးနွေးရမှာဖြစ်ပါတယ်။
  • သည်းခြေကျောက်တည်ခြင်းဟာ လက္ခဏာပြတတ်သလို လက္ခဏာ မပြတာမျိုးလည်းရှိပါတယ်။ တကယ်လို့ သည်းခြေအိတ်ထဲမှာ သည်းခြေကျောက်များတွေ့ရှိရပြီး ပုံမှန်မဟုတ်တဲ့လက္ခဏာအခြေအနေမှာ မရှိဘူးဆိုရင် ခွဲစိတ်ဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဘာလက္ခဏာပြမယ် ၊ ဘယ်အချိန်မှာလက္ခဏာပြမယ်ဆိုတာကို မသိရတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ရှိနေနိုင်ပါသေးတယ်။
  • မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ဖယ်ရှားခြင်း (Laparoscopic Cholecystectomy) နည်းလမ်းမှာ ခွဲစိတ်ဆရာဝန်က လူနာရဲ့ ဝမ်းဗိုက်ကို (၃)-(၄) စင်တီမီတာလောက်သာ ခွဲဖို့လိုတာကြောင့် ပြန်လည်သက်သာလာ ချိန်ကို လျှော့ချနိုင်ပြီး လူနာဟာ ကိုယ့်အိမ်ကိုယ်ပြန်ကာ (၂)ရက် - (၃) ရက် အတွင်း မိမိတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန် ပြန်လည်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။

သည်းခြေအိတ်ဟာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကိုယ်တွင်းအဂ်ါအစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အသည်းကထုတ်လုပ်တဲ့ သည်းခြေများကို စုဆောင်းထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ရေများကို စုပ်ယူခြင်းအားဖြင့် သည်းခြေရည်များကိုစုစည်းထားပြီး အဆီများတဲ့အစားအစာများကို ချေဖျက်ရာမှာ အသင့်အနေအထား ဖြစ်နေဖို့ အကူအညီပေးပါတယ်။

သည်းခြေအိတ်ထဲ အချိုးအစားမညီမျှခြင်း (သို့) ပုံမှန်မဟုတ်ခြင်းများဟာ ရောဂါအမျိုးမျိုးကိုဖြစ်ပွားစေပြီး အဲဒီထဲက အဖြစ်အများဆုံးတစ်ခုကတော့ သည်းခြေကျောက်များ ပဲဖြစ်ပါတယ်။ အာရှသားတွေမှာ ဖြစ်လေ့ရှိတဲ့ သည်းခြေ ကျောက်ဟာ အကြောင်းအရင်းတိတိကျကျမသိရသေးပါဘူး။ ဒါပေမယ့် အနောက်နိုင်ငံသားများအတွက် သည်းခြေကျောက်ဖြစ်စေတဲ့အကြောင်းအရင်း ကတော့ သည်းခြေရည်ထဲမှာ ကိုလက်စ်ထရောလ် တွေ စုပုံနေခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 သည်းခြေကျောက်ရဲ့လက္ခဏာများ

  • အစာအိမ်နှင့်အူလမ်း ကြောင်းနံရံရှိအနာ (သို့) အစာအိမ်ရောင်ခြင်း လက္ခဏာ များနဲ့ဆင်တူတဲ့ လေပွခြင်း ၊ လေတက်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ပေါ်လိုက်ပျောက်လိုက် ရင်ပူခြင်း

  • သည်းခြေကျောက်လမ်းကြောင်းပိတ်ခြင်း ၊ သည်းခြေရည်လမ်းကြောင်း နဲ့ အူသိမ်အတွင်းစီးဆင်းသင့်တဲ့ သည်းခြေအိတ်အတွင်းရှိ သည်းခြေရည်များ ပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့   သည်းခြေအိတ်ရောင်ခြင်း ရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ဝမ်းဗိုက်အပေါ်ပိုင်းညာဘက်ခြင်း ဆိုးဆိုးရွားရွားအောင့်ခြင်း

  • သည်းခြေကျောက်များနဲ့ မုန့်ချိုအိတ်ရောင်ခြင်းကနေတစ်ဆင့် သည်းခြေရည်လမ်း ကြောင်းပိတ်ခြင်းကြောင့်ဖြစ်တဲ့ အသားဝါခြင်း ( အရေပြားနှင့်မျက်စိများဝါခြင်း)
  • တချို့လူနာများမှာ မည်သည့်လက္ခဏာမှမပြခြင်း

သည်းခြေကျောက်ဖြစ်စေတဲ့အကြောင်းအရင်းများ

  • အသက်(၄၀)နှင့်အထက်ဖြစ်ခြင်း ( အသက်(၄၀)အောက်လူနာများမှာလည်း တစ်ခါတစ်ရံသည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်ပါတယ်)
  • အဝလွန်ခြင်း (သို့) ကိုယ်အလေးချိန်များခြင်း
  • အဆီများတဲ့အစားအစာများ (သို့) ကိုလ်စ်ထရောလ်များတဲ့အစားအစာ များကို အလွန်အကျွံစားသုံးခြင်း
  • မ ဟော်မုန်း (Estrogen) ပါတဲ့ဆေးများသောက်ခြင်း
  • ကိုယ်အလေးချိန်ကျစေတဲ့တချို့ဆေးများကိုသောက်သုံးခြင်း
  • အချိန်တိုအတွင်းကိုယ်အလေးချိန်ကျဆင်းခြင်း
  • သာလာဆီးမီးယားသွေးအားနည်းရောဂါကဲ့သို့ သွေးနီဥအလျှင်အမြန်ပြိုကွဲ ခြင်းအပါအဝင် တချို့သော သွေးရောဂါများ

သည်းခြေကျောက်ကိုရောဂါရှာဖွေစစ်ဆေးခြင်း

ပထမဆုံးအနေနဲ့ ဆရာဝန်မှ ကျန်းမာရေးရာဇဝင်ကိုစစ်ဆေးပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုများကို လုပ်ဆောင်ရပါမယ်။ ရလဒ်အရ သည်းခြေကျောက် တည်ခြင်းဖြစ်နိုင်ခြေရှိတယ်ဆိုရင် ဝမ်းဗိုက်အပေါ်ပိုင်းကို အာထရာစောင်းရိုက်ပြီး ထပ်မံစစ်ဆေးရပါမယ်။ အဲဒီစစ်ဆေးမှုမတိုင်ခင် အနည်းဆုံး (၆)နာရီအတွင်း ဘာမှစားလို့မရပါဘူး။ အဲဒီစစ်ဆေးမှုဟာ တိကျမှု (၈၀)ရာခိုင်နှုန်း အထက်ရှိပြီး ရလဒ်ကိုလည်း မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ပါတယ်။

သည်းခြေကျောက်ကိုကုသခြင်း

  • ခွဲစိတ်ဖို့မလိုတဲ့ကုသမှုနည်းလမ်းများ အနေနဲ့ သည်းခြေကျောက်တွေ ပျော်ကျ သွားစေဖို့ ဆေးသောက်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုလက်စ် ထရောလ်များခြင်းကြောင့်ဖြစ်တဲ့ သည်းခြေကျောက်တည်ခြင်းကို ကုသဖို့ သာဖြစ်ပြီး အာရှသားတွေအတွက်သင့်လျော်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ဒါ့အပြင် ဒီသောက်ဆေးတွေကို အချိန်အတော်ကြာအောင်စွဲသောက်ရမှာ ဖြစ်ပြီး သည်းခြေကျောက်တွေ အားလုံးပျော်သွားနိုင်မှာမဟုတ်ပါဘူး။ ဆေးကို ဆက်မသောက်ဘူးဆိုရင် သည်းခြေကျောက်တွေ ပြန်ပေါ်လာနိုင်ပါတယ်။ သည်းခြေကျောက်တွေကို Lithotripter လို့ခေါ်တဲ့ စက်ကိရိယာတစ်မျိုးနဲ့ လည်း ကုသနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဆီးပြွန်အတွင်းမှကျောက်များ အတွက် ထိရောက်စွာကုသနိုင်ပေမယ့် သည်းခြေကျောက်များအတွက် အများကြီး အကျိုးမရှိပါဘူး။ ဒါကြောင့် သည်းခြေကျောက်တွေ ပျော်ကျဖို့ စက်ကိရိယာနဲ့ ဆေးဝါးများ အသုံးပြု တဲ့ ကုသမှုဟာ သိပ်ပြီး လူသိမများလှ ပါဘူး။
  • ခွဲစိတ်ကုသမှုနည်းလမ်းများ ကတော့ ထိရောက်ပြီး အကျိုးရှိတဲ့ နည်းလမ်းများပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် အဓိက ခွဲစိတ်ကုသမှု နည်းလမ်း (၂)ခုရှိပါတယ်။
    • မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း ခွဲစိတ်ဆရာဝန် က လူနာရဲ့ ဝမ်းဗိုက်ကို (၃)-(၄) စင်တီမီတာလောက်ခွဲလိုက်မှာဖြစ်ပါ တယ်။ ခွဲစိတ်ကိရိယာနဲ့ သေးငယ်တဲ့ ဗီဒီယိုကင်မရာကို အဆိုပါ ခွဲကြောင်း အတွင်းထည့်သွင်းပြီး ခွဲစိတ်မှုကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
    •  သမားရိုးကျဗိုက်ခွဲလုပ်ဆောင်ရတဲ့သည်းခြေကျောက်ခွဲစိတ်ကုသမှု - သည်းခြေအိတ်ရောင်ခြင်း ကဲ့သို့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု နည်းလမ်းနဲ့အဆင်မပြေတဲ့ အခြေအနေမှာ ဒီနည်းလမ်းကို လုပ်ဆောင်နိုင်ပါတယ်။ လူနာဟာ တခြားသောရောဂါအတွက် ဗိုက်ခွဲ ရတဲ့ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးချိန် (သို့) ဆီးအိတ်ဝန်းကျင်နေရာမှာ မူမမှန်မှု တစ်ခုခုရှိနေတယ်ဆိုရင်လည်း ဒီနည်းလမ်းကို လုပ်ဆောင်နိုင် ပါတယ်။ သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း လုပ်ဆောင်နေစဥ် အတွင်း ခွဲစိတ်ဆရာဝန်က ဝမ်းဗိုက်ပေါ်က ညာဘက်နံရိုး အောက်ပိုင်း နေရာကို အလျားလိုက်ခွဲခြင်း (သို့) ဝမ်းဗိုက်အလယ်နေရာကို ဒေါင် လိုက် ခွဲခြင်းကိုလုပ်ဆောင်မှာဖြစ်ပါတယ်။ ခွဲကြောင်းအရွယ်အစားနဲ့ ခွဲကြောင်းအလျားအရှည် ကတော့ လူနာရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ သည်းခြေအိတ်ရဲ့ ရောဂါဗေဒ အပေါ်မူတည်ပါတယ်။

မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း

မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း ဟာ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်မှု (MIS) တစ်ခုဖြစ်ပြီး ခွဲစိတ်ရာအလွန်သေးငယ်ခြင်း ၊ သွေးထွက်နည်းခြင်း ၊ အလျှင်အမြန်ပြန်လည် သက်သာခြင်း စတဲ့အားသာချက်တွေကြောင့် ယနေ့ခေတ်မှာ လူသိများတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီး (၂)ရက် - (၃) ရက်အတွင်းမှာ လူနာဟာ အိမ်ပြန်ပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်းနည်းလမ်းဟာ (၉၅) ရာခိုင်နှုန်း အောင်မြင်မှု ရှိပါတယ်။ ဒါပေမယ့် အသည်းရောင်ခြင်း ၊ သည်းခြေအိတ် တစ်ဝိုက်မှာ တစ်ရှူးထူပြောမှုများခြင်း ၊ တခြားမူမမှန်ခြင်း စတာတွေဟာ အောင်မြင်မှုရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ခွဲစိတ် ဆရာဝန်အနေနဲ့ အဆိုပါ ပြဿနာတွေကို ကြိုပြီး သိရှိနိုင်မှာ မဟုတ်လို့ပဲ ဖြစ်ပါ တယ်။ ခွဲစိတ်မှုကို ဦးဆောင်တဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်အရ မှန်ပြောင်းအသုံးပြုခွဲစိတ် ကုသမှုအစား သမားရိုးကျခွဲစိတ်ကုသမှုနည်းလမ်းကို ပြောင်းလဲပြီး လုပ်ဆောင်တာမျိုးလည်း  ရှိတတ်ပါတယ်။

လောလောဆယ်မှာတော့ သည်းခြေအိတ်ကိုဖယ်ရှားခြင်းမပြုဘဲ သည်းခြေအိတ် အတွင်းမှ သည်းခြေကျောက်များကို ဖယ်ရှားခြင်းနည်းလမ်းကို လုပ်ဆောင်ဖို့ အကြံမပြုလိုပါဘူး။ ဘာလို့လဲဆိုတော့ သည်းခြေကျောက်တွေဟာ အချိန်တို အတွင်း ပြန်လည် ဖြစ်လာနိုင်လို့ပါ။ ဒီနည်းလမ်းဟာ လူနာအနေနဲ့ သည်းခြေအိတ်ရောင်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားရပြီး သာမန်ခွဲစိတ်ကုသမှုမှာသုံးတဲ့ မေ့ဆေးကို ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတဲ့ အခြေအနေမှသာလျှင်အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုအတွင်း လေဆာအသုံးပြုခြင်းနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားမှုတချို့ ရှိနေပါသေးတယ်။ လေဆာကို ပုံမှန်မဟုတ်တဲ့ တစ်ရှူးများ ဖျက်စီးပစ်ခြင်း (သို့) သွေးတိတ်အောင် လုပ်ဆောင်ခြင်း အခြေအနေမှာသာလျှင် အသုံးပြုပါတယ်။ ဒါပေမယ့်ဒါဟာ သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်း တစ်ခုတော့ မဟုတ်ပါဘူး။

ခွဲစိတ်ပြီးနောက်သတိထားဂရုစိုက်ရမယ့်အချက်များ

  • လူနာဟာ ခွဲစိတ်စိတ်ကုသမှုမှာအသုံးပြုခဲ့တဲ့ မေ့ဆေးပြယ်သွားပြီဆိုတာနဲ့ ရေသောက်နိုင်ပြီး အရည်ပုံစံအစားအစာပမာဏအနည်းငယ်ကို စားနိုင်ပါတယ်။
  • လူနာအနေနဲ့ အကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။
  •  ခက်ခဲရှုပ်ထွေးတဲ့ ခွဲစိတ်ကုသမှုများပြီးတဲ့ ရေနဲ့ အစားအစာကို နောက်ထပ် (၂၄) နာရီမှ (၄၈) နာရီအတွင်း ရှောင်ကျဥ်ဖို့ ဆရာဝန်မှ အကြံပြုမှာ ဖြစ်ပါတယ်။
  • အနာဖြစ်တဲ့နေရာမှာ နာကျင်မှုအပြင်းအထန်ခံစားနေရတယ်ဆိုရင် အသားထဲထိုးတဲ့ထိုးဆေး (သို့) အကြောထဲထိုးတဲ့ထိုးဆေးကို ထိုးပေးမှာ ဖြစ်ပါတယ်။
  • လူနာအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာနေထိုင်ပြီး ရက်ချိန်းများကို လည်းမပျက်မကွက်ပြသရန်လိုပါတယ်။

မှန်ပြောင်းအသုံးပြုသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာများ

သည်းခြေအိတ်ကိုဖယ်ရှားပြီးနောက် ခန္ဓာကိုယ်လုပ်ဆောင်ချက်များနဲ့ နေ့စဥ်ဘဝ ကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ အောက်ပါပြဿနာ များကို ကြုံတွေ့ရနိုင်ပါတယ်။

  • သည်းခြေရည်ယိုစိမ့်ခြင်း
  • ဝမ်းဗိုက်မှာသွေးထွက်ခြင်း
  • သည်းခြေရည်လမ်းကြောင်းပိတ်ဆို့ပြီးအသားဝါခြင်း
  • ချက်နေရာမှာ အနာပိုးဝင်ခြင်း

သည်းခြေအိတ်ကျောက်တည်ခြင်းဟာ လက္ခဏာပြသလို လုံးဝလက္ခဏာမပြတာမျိုး လည်းရှိတတ်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်ရှိတာကို တွေ့ရသည့် တိုင် လူနာဟာ ပုံမှန်မဟုတ်တဲ့လက္ခဏာ ဘာတစ်ခုမှ မပြဘူးဆိုရင် ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့်လည်း လူနာအနေနဲ့ နောက်ဆက်တွဲပြဿနာတွေရှိလာ နိုင်တာကို သိထားရပါမယ်။ ဘယ်အချိန်မှာ လက္ခဏာပြမယ် ဘာလက္ခဏာပြမယ် ဆိုတာကိုတော့ ကြိုတင်မသိနိုင်ပါဘူး။ ရောဂါက ပိုဆိုးလာမယ်ဆိုရင် လက္ခဏာလည်း ပိုပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ လူနာဟာ အသက်ငယ်သေးပြီး ကျန်းမာရေးကောင်းတယ် (သို့) လူနာမှာ ဆီးချို ရှိတယ်ဆိုရင် ဆရာဝန်က ခွဲစိတ်ကုသဖို့ လမ်းညွှန်မှာဖြစ်ပါတယ်။ တကယ်လို့ သည်းခြေကျောက်ဟာ အရွယ်အစားကြီးပြီး ရောဂါပိုမိုကြီးထွားလာနိုင်ခြေရှိတယ် ဆိုရင် ခွဲစိတ်ကုသဖို့ အကြံပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ခွဲစိတ်မယ် မခွဲစိတ်ဘူးဆိုတာကတော့ လူနာရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာလျှင်ဖြစ်ပါတယ်။

ရောဂါကို စောစောစီးစီးရှာဖွေတွေ့ရှိဖို့အတွက် နှစ်စဥ်ကျန်းမာရေးစစ်ဆေးမှုများ  က အရေးပါ ပါတယ်။ ပြင်းပြင်းထန်ထန်ဗိုက်အောင့်မယ် (သို့) တခြားသောလက္ခဏာ တွေပြမယ်ဆိုရင် လည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို မသေချာဘူးဆိုရင် သင့်လျော်တဲ့ရောဂါရှာဖွေမှုနဲ့ ထိရောက်တဲ့ကုသမှုများအတွက် ဆရာဝန်နဲ့ အမြဲတမ်းပြသတိုင်ပင်သင့်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။