နောက်ဆုံးပေါ်နည်းပညာဖြင့် သည်းခြေကျောက်ခွဲစိတ်ဖယ်ရှားခြင်း

နောက်ဆုံးပေါ်နည်းပညာဖြင့် သည်းခြေကျောက်ခွဲစိတ်ဖယ်ရှားခြင်း

အနှစ်ချုပ်

  • သည်းခြေကျောက်(Gallstones) ဟာ အစာအိမ်အောင့်ခြင်း ၊ အစာမကြေခြင်း ၊ လေပွခြင်း ၊ လေတက်ခြင်း စတဲ့ အစာအိမ်ရောင်ခြင်း ရဲ့ လက္ခဏာများနဲ့ ဆင်တူပါတယ်။ သောက်ဆေး သောက်ရုံပဲဆိုရင် အခြေအနေဟာ ပိုပြီးဆိုးလာ တတ်ပါတယ်။
  • အဆီများစွာပါဝင်တဲ့ အစားအစာများ မကြာခဏစားသုံးခြင်းဟာ သည်းခြေကျောက် ဖြစ်ပေါ်မှု ပိုပြီးမြင့်မားစေပါတယ်။
  • သောက်ဆေးများဟာ ကျောက် များကို ချေဖျက်နိုင်စွမ်းမရှိတာကြောင့် သောက်ဆေးနဲ့ ကုသခြင်းဟာ ထိရောက်မှုမရှိပါဘူး။ ဒါ့အပြင် ဒီသောက်ဆေး တွေကိုရပ်လိုက်တာနဲ့ နောက်ထပ် ကျောက် အသစ်များ ထပ်မံပေါ်ပေါက်လာ နိုင်တာကြောင့် ခွဲစိတ်ကုသမှုနဲ့ သည်းခြေကျောက်များကို ဖယ်ရှားခြင်းဟာ အထိရောက်ဆုံးကုသမှုလို့ ဆိုရမှာပါ။

သည်းခြေကျောက် ဆိုတာဟာ သည်းခြေအိတ်(Gallbladder)ထဲမှာ ကိုလက်စ်ထရော ၊ ဖော့စဖိတ်ဓာတ်(Phosphate)နဲ့ သည်းခြေရည်(Bile) စတဲ့ ဓာတုပစ္စည်းတွေ အချိုးအစားမညီခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ အဆိုပါ ဓာတုပစ္စည်းများ အချိုးအစား မညီမျှမှုမှတစ်ဆင့် အနည်ထိုင်လာပြီး သည်းခြေကျောက် ဖြစ်လာပါတယ်။ ဒီလိုမျိုး ကျောက်အရေအတွက်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ နည်းတာရှိသလို များတာလည်းရှိပါတယ်။ ဒါပေမယ့် ကျောက် တစ်ခုကို မကုသဘဲထားလိုက်မယ်ဆိုရင် အရွယ်အစားကြီးလာနိုင်ပါတယ်။

သည်းခြေကျောက်ရဲ့လက္ခဏာများ

သည်းခြေကျောက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက်(၃၀)မှ (၅၀) ကြားမှာ ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။ ရောဂါလက္ခဏာများဟာ အစာအိမ်ရောင်ခြင်းရဲ့ လက္ခဏာများနဲ့ ဆင်တူပါတယ်။ ဒါကြောင့် အပေါ်ယံကြည့် မယ်ဆိုရင် အန္တရာယ်မရှိဘူးဆိုပြီး ဆေးဆိုင်မှာဆေးဝယ်သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း သည်းခြေကျောက်ဟာ အရမ်းအန္တရယ်ရှိတဲ့အခြေအနေဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ အောက်ပါလက္ခဏာတစ်ခုခု သတိထားမိတယ်ဆိုရင် တစ်ပတ် နှစ်ပတ်အတွင်း ရောဂါရှာဖွေစစ်ဆေးသင့်ပါတယ်။

  • ပြင်းပြင်းထန်ထန်လေပွခြင်း၊ လေတက်ခြင်း
  • အဆီများစွာပါဝင်တဲ့အစားအစာများစားသုံးပြီးနောက်အစာမကြေခြင်း
  • ညာဘက်နံရိုးများနေရာမှအစာအိမ်စတင်အောင့်လာပြီး ပုခုံးနဲ့ ညာဘက်နောက် ကျောအထိပျံ့နှံ့သွားခြင်း

တကယ်လို့ဒီလိုရောဂါလက္ခဏာတွေကို မကုသဘဲထားလိုက်မယ်ဆိုရင် တခြား နောက်ဆက်တွဲကျန်းမာရေးပြဿနာများအနေနဲ့ သည်းခြေကျောက်များ ကွဲထွက်လာပြီးသည်းခြေအိတ်ရောင် (Cholecystitis)ကာ သည်းခြေပြွန်(Bile Duct) ပိတ်ခြင်း (သို့)ပန်ကရိယရောင်ခြင်း ဖြစ်လာပါတယ်။ တခြားသောရောဂါ လက္ခဏာ များအနေနဲ့ ဖျားနာခြင်း၊ ပျို့အန်ခြင်း၊ အသားဝါခြင်း(Jaundice)၊ ဆီးအရောင်ရင့်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ လူနာအနေနဲ့ အစာအိမ်အောင့်ခြင်း ကို အလူးအလဲခံစားရပြီဆိုရင် (၂၄)နာရီအတွင်းမဖြစ်မနေ ဆေးရုံမှာပြသရမှာပါ။

သည်းခြေကျောက်တည်စေနိုင်သည့်ဆက်စပ်အကြောင်းအရင်းများ

  • အဝလွန်ခြင်း(သို့)ကိုယ်အလေးချိန်များခြင်း
  • အဆီများသည့်အစားအစာ လွန်ကဲစွာစားသုံးခြင်း
  • အသက်(၄၀)ကျော်ခြင်း
  • အမျိုးသမီးများ (အထူးသဖြင့် မ ဟော်မုန်းဆေးထိုးထားသူများ)
  • အဆီကျဆေးသုံးစွဲမှုကြောင့်ဖြစ်သည့်ဘေးထွက်ဆိုးကျိုးများ
  • အချိန်တိုအတွင်းကိုယ်အလေးချိန်ကျဆင်းခြင်း
  • ပုံမှန်ထက်သွေးနီဥလျှင်မြန်စွာပျက်စီးသည့်သလာဆီးမီးယားသွေးအားနည်းရောဂါအပါအဝင်သွေးရောဂါများ

ရောဂါရှာဖွေစစ်ဆေးခြင်း

အရင်ဆုံး လူနာရဲ့ ကျန်းမာရေးရာဇဝင်ကို ဆရာဝန်များမှမေးမြန်းပြီး ခန္ဓာကိုယ်တစ်ခု လုံးစစ်ဆေးမှုနဲ့ ဓာတ်ခွဲစစ်ဆေးဖို့အတွက် သွေးနမူနာယူပါလိမ့်မယ်။ တကယ်လို့ လူနာဟာ သည်းခြေကျောက် ရှိနေတယ်လို့ သံသယဖြစ်ရင် လိုအပ်တဲ့ ဝမ်းဗိုက်အာထရာစောင်းစစ်ဆေးမှုပြုလုပ်မှာဖြစ်ပြီး ဒီစစ်ဆေးမှုမတိုင်ခင် (၆)နာရီ အတွင်း ဘာမှစားလို့မရပါဘူး။ အာထရာစောင်းစစ်ဆေးမှုဟာတိကျမြန်ဆန်ပြီး တခြားစစ်ဆေးမှုနည်းလမ်းများနဲ့ယှဉ်ရင် (၈၀)ရာခိုင်နှုန်းပိုမို အသေးစိတ်ပြည့်စုံမှု ရှိပါတယ်။

သည်းခြေကျောက်ကိုကုသခြင်း

သည်းခြေကျောက်ကုသမှုရဲ့ မှတ်တမ်းကိန်းဂဏန်းများအရ သောက်ဆေးများဟာ ကျောက်များကို ချေဖျက်နိုင်စွမ်းမရှိတာကြောင့် ဆေးသောက်ရုံနဲ့ ထိရောက်မှုမရှိပါဘူး။ ဒါ့အပြင် ဆေးကိုဆက်မသောက်တော့ဘူးဆိုရင် နောက်ထပ် ကျောက်အသစ်တွေ ဖြစ်လာနိုင်ခြေလည်းရှိပါတယ်။ သည်းခြေပြွန်အတွင်းရှိနေတဲ့ ကျောက်တွေကို ချေဖျက်နိုင်ဖို့ရည်ရွယ်တဲ့ အသံလှိုင်းတုန်ခါမှုကုထုံး(Shockwave Therapy) ဟာ ထိရောက်မှုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း သည်းခြေအိတ် ထဲရှိနေတဲ့ ကျောက်များကို ကုသရာမှာ ဒီနည်းလမ်းကိုအသုံးမပြုကြပါဘူး။

ဒါကြောင့် ဆရာဝန်တွေဟာ လွန်စွာထိရောက်မှုရှိတဲ့ ကုသမှုပုံစံတစ်ခုအဖြစ် ခွဲစိတ်ဖယ်ရှားမှုတစ်ခုဖြစ်တဲ့ ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်း (Laparoscopic Cholecystectomy) နည်းလမ်းနဲ့ သည်းခြေကျောက်ကိုကုသဖို့ ထောက်ခံလမ်းညွှန်ထားပါတယ်။ ဒီနည်းလမ်းဟာ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု (MIS) ပုံစံတစ်ခုဖြစ်ပြီး ဗိုက်ကိုခွဲရတဲ့ သာမန်ခွဲစိတ်ကုသမှုနဲ့ယှဉ်ရင် နာကျင်မှုလွန်စွာ နည်းပါးပါတယ်။

ဒါပေမယ့်လည်း သည်းခြေအိတ်ပြင်းထန်စွာရောင်နေခြင်း၊ သည်းခြေအိတ်တစ်ဝိုက်အ ဖုံးလွှာ ထူနေခြင်း၊ ခွဲစိတ်ဆရာဝန်များမှ အနီးအနားရှိအစိတ်အပိုင်းများအားတိတိကျကျ အတည်မပြုနိုင်ခြင်း  စသည့် သည်းခြေကျောက်နဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာရှိသူလူနာများအတွက် ဗိုက်ခွဲကာခွဲစိတ်ကုသခြင်း(Abdominal Surgery) ဟာ အလားအလာရှိတဲ့ တစ်ခုတည်းသောရွေးချယ်မှုဖြစ်နိုင်ပါတယ်။

ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်း (Laparoscopic Cholecystectomy)

လက်ရှိချိန်မှာ ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းနည်းလမ်းဟာ ထိရောက်မှု မြင့်မားတဲ့အပြင် (၀.၅)စင်တီမီတာသာ ခွဲဖို့လိုတာကြောင့် အန္တရာယ်ဖြစ်နိုင်ခြေနည်းပါး ပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ကုသတဲ့ လူနာတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်သက်သာလာကြပြီး တချို့လူနာတွေဆိုရင် (၁)ရက်-(၂)ရက် အတွင်းမှာပဲ အိမ်ကိုပြန်နိုင်ပါတယ်။

ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းဟာ ခွဲကြောင်း(၃)ခုမှ (၄)ခုသာ ခွဲရမှာဖြစ်ပြီး ချက်အနီးမှာခွဲကြောင်းတစ်ခု ၊ ကင်မရာငယ်ထည့်သွင်းဖို့နဲ့ သည်းခြေအိတ်တိုင်းတာစစ်ဆေးရာမှာအသုံးပြုတဲ့ကိရိယာထည့်သွင်းဖို့ ညာဘက်နံရိုး အောက်မှာ ခွဲကြောင်း(၂)ခုမှ (၃)ခု လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ ကိရိယာများနဲ့ သည်းခြေအိတ်ကိုဖြတ်ကာ အိတ်ထဲထည့်ပြီး ဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်ခွဲစိတ်ဆရာဝန်များမှ ကင်မရာနဲ့ ကိရိယာကို ဖယ်ထုတ်ပြီး နောက်ဆုံးမှာ လူနာရဲ့ ခွဲကြောင်းဒဏ်ရာကို ပြန်ပြီးချုပ်ပေးမှာဖြစ်ပါတယ်။

ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်းဟာ အောင်မြင်မှု (၉၅)ရာခိုင်နှုန်း အထိရှိပေမယ့်လည်း ရုတ်တရက်သည်းခြေအိတ်ရောင်ခြင်း နဲ့ တခြားကျန်းမာရေး ပြဿနာရှိသူလူနာများအတွက် ဒီနည်းလမ်းနဲ့ကုသရာမှာ အောင်မြင်မှုရရှိဖို့ အခွင့်အရေး ပိုနည်းပါတယ်။ ဒါကြောင့် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေ ကိုလိုက်ပြီး ခွဲစိတ်မှု လုပ် မလုပ်ဆိုတာကို ဆရာဝန်တွေအနေနဲ့ မကုသခင်မှာ သေချာစဉ်းစားဆုံးဖြတ်ကြရပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သည်းခြေကျောက်လို့ သံသယရှိတဲ့ လက္ခဏာတစ်ခုခု ကြုံရပြီဆိုရင် မကုသဘဲအကြာကြီးမထားသင့်ပါဘူး။ ဒီလို လျစ်လျူရှုထားခြင်းဟာ ကိရိယာသုံးခွဲစိတ်ကုသမှုကို ရွေးချယ်နိုင်ခွင့် လျော့ပါးသွားပါတယ်။

3D-4K အရည်အသွေးများဖြင့်ကိရိယာအသုံးပြုကာသည်းခြေအိတ်ဖြတ်ထုတ်ခြင်း

သည်းခြေကျောက်ခွဲစိတ်ကုသမှုခံယူမယ့်လူနာများဟာ နှစ်ရက်လောက်သာ ဆေးရုံတက်ဖို့လိုအပ်ပြီး တစ်ပတ်လောက်ဆိုရင် အလုပ်ပြန်တက်လို့ရပြီ ဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ ခွဲစိတ်အထူးဆရာဝန်များဟာ နောက်ဆုံးပေါ် ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသမှု(MIS)နည်းပညာဖြစ်တဲ့ ကိရိယာအသုံးပြုကာသည်းခြေအိတ် ဖြတ်ထုတ်ခြင်းနည်းလမ်းနဲ့ ကုသပေးလျက်ရှိပါတယ်။ 3D-4Kနည်းပညာ အသုံးပြုထား တာကြောင့် အသေးစိတ်ကျကာပိုမိုရှင်းလင်းပြတ်သားတဲ့ပုံရိပ် ၊ အတွင်းကျကျမြင်တွေ့ နိုင်မှု စသည်တို့ကိုပေးစွမ်းနိုင်ပြီး ပိုမိုလက်တွေ့ကျတဲ့အသိဉာဏ်နဲ့ပေါင်းစပ်ထားတဲ့ ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ပုံကြီးချဲ့ကြည့်ရာမှာလည်း ပုံရိပ်အစက်အပြောက်(Pixel) မပါဘဲ ချဲ့ကာကြည့်ရှုန်ိုင်ပါတယ်။

အဆိုပါနောက်ဆုံးပေါ်နည်းပညာနဲ့ ခွဲစိတ်ကုသဖို့ (၁)စင်တီမီတာလောက်သာ ခွဲဖို့လိုပါတယ်။ အရည်အသွေးမြင့်မားတဲ့ 4K ဖန်သားပြင်အသုံးပြုထားတာကြောင့် ဆရာဝန်များအနေနဲ့ သူတို့ရဲ့ ခွဲစိတ်ကုသမှုကို လုံခြုံစိတ်ချထိရောက်မှုစွာ လုပ်ဆောင်နိုင်ဖို့လိုအပ်တဲ့ အသေးစိတ်အကုန်လုံးကို မြင်တွေ့နိုင်ပါတယ်။ ခွဲစိတ်ကုသနေစဉ်အတွင်း လူနာအတွက် သက်သောင့်သက်သာဖြစ်စေဖို့ ခွဲစိတ်မှုမစခင် ထုံဆေးထိုးပေးမှာဖြစ်ပါတယ်။ အဲဒီနောက်ဆရာဝန်တွေဟာ ခွဲစိတ်ကုသမှုအတွက် ပြင်ဆင်မှုအဖြစ် ခွဲကြောင်းသေးသေးလေး ဖောက်ပြီး အသည်းနဲ့ သည်းခြေပြွှန်မှ သည်းခြေအိတ်ကို သီးသန့်ခွဲခြားဖယ်ထုတ်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ်ဖြစ်တဲ့ ထိုးဖောက်မှုအနည်းဆုံးနည်းပညာကိုအသုံးပြုထားတာကြောင့် လူနာတွေဟာ ခွဲစိတ်ဆရာဝန်များရဲ့လက်ထဲ လုံခြုံစိတ်ချပြီး မကြာခင်အလုပ်ပြန်တက် နိုင်တော့မယ် ဆိုတဲ့ အသိတစ်ခုနဲ့အတူ ခွဲစိတ်ကုသမှုကို ခံယူနိုင်မှာဖြစ်ပါတယ်။

 

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ကုသမှုအစီအစဉ်ရေးဆွဲခြင်း (ဒုတိယရွေးချယ်မှု)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိခဲ့မယ်ဆိုရင် ယူဆောင်လာပါက ကုန်ကျစရိတ်ညှိနှိုင်းကာကုသမှုအစီအစဉ်ရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံဈေးနှုန်းနဲ့ အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း ( နောက်ဆက်တွဲ ရောဂါမရှိသည့် ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)

သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ အကိုက်ညီဆုံးကုသမှုနည်းလမ်းကိုရွေးချယ်နိုင်ဖို့ အွန်လိုင်းမှတစ်ဆင့် Samitivej Virtual Hospital အသုံးပြုကာ ကျွန်တော်တို့ရဲ့အထူးကုဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။ ပိုမိုသိလိုတဲ့အချက်အလက်များ(သို့)ရက်ချိန်းယူဖို့အတွက်  ဒီနေရာမှာကလစ်နှိပ်ပါ။

Pakpong Wathanaoran, M.D.

Pakpong Wathanaoran, M.D.  ဟာ အူကျွံရောဂါကုသခြင်း ၊ ကိရိယာသုံးခွဲစိတ်ကု သခြင်း နဲ့ ဝမ်းဗိုက်ခွဲစိတ်ကုသမှုများမှာ အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိတဲ့ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရဲ့ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ အူကျွံရောဂါခံစားခဲ့ရတဲ့ လူနာ (၅၀၀) ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ပါတယ်။ Dr.Pakpong ဟာ ဆေးပညာနယ်ပယ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံမှုအဖြစ် Bangkok Hospital Phuket မှာပြုလုပ်တဲ့                  “ ဒုတိယအကြိမ်မြောက်ဖူး ခက်အပြည်ပြည်ဆိုင်ရာအူမကြီးရောဂါစာတမ်းဖတ်ပွဲ “  ၊ ထိုင်းနိုင်ငံရဲ့အစာအိမ်နှင့် အူလမ်းကြောင်း(အပေါ်ပိုင်း) ခွဲစိတ်ဆရာဝန်များအသင်း Fculty of Medicine Siriraj Hospital မှာ ပြုလုပ်တဲ့  “ အစာအိမ်တစ်ခုလုံးဖြတ်ထုတ်ခြင်း(D2 Gastrectomy) " စတဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ တခြားတစ်ဘက်မှာလည်း ဆေးပညာနယ်ပယ်မှ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများကိုလည်း အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ Dr.Pakpong နဲ့ ရက်ချိန်းရယူဖို့  ဒီနေရာမှာကလစ်နှိပ်ပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။