ကလေးတွေမှာလည်း ဝမ်းပိတ်ခြင်း၊စမြင်းတုံးခံခြင်း ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား?

ကလေးတွေမှာလည်း ဝမ်းပိတ်ခြင်း၊စမြင်းတုံးခံခြင်း ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား?

အနှစ်ချုပ်

  • ကလေးငယ်များတွင် ဝမ်းပိတ်ခြင်းနှင့် စမြင်းတုံးခံခြင်းတို့ကို မကြာခဏ တွေ့ရတတ်ပါတယ်။ အစားအစာများကို သေချာမဝါးဘဲပဲ စားခြင်း၊ အစာမကြေဖြစ်စေတဲ့ အစားအစာများကို စားသုံးခြင်းတို့ကြောင့် ဝမ်း (မစင်) မာတောင့်လာပြီး အိမ်သာသွားရခက်ခြင်း သို့မဟုတ် ဝမ်းမသွားနိုင်ခြင်းတို့ ဖြစ်ပေါ်လာတတ်ပါတယ်။
  • ကလေးငယ်များအနေနှင့် အစာခြေစနစ် ကျန်းမာစွာလုပ်ဆောင်နိုင်စေရန် သစ်သီးများ၊ ဟင်းသီးဟင်းရွက် နှင့် အမျှင်ဓာတ်များကို ကြွယ်ဝ စွာစားသုံးဖို့လိုအပ်သလို လုံလောက်တဲ့ရေပမာဏ ၊ ဒိန်ချဉ် (သို့) Probiotic များပါဝင်တဲ့ အရည်များကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် ကလးငယ်များအတွက် အူလမ်းကြောင်းလုပ်ဆောင်မှု ကောင်းမွန်စေတဲ့ အစားအစာများကျွေးသင့်တဲ့အပြင် အသေးစားလေ့ကျင့်ခန်းများ နှင့် အိမ်သာ တက်တဲ့ အလေ့အထ ကောင်းများကိုလည်း ငယ်စဉ်ကတည်းက လေ့ကျင့် ပေးသင့်ပါတယ်။
  • ဝမ်းသွားခြင်းနှင့် ပတ်သက်တဲ့ ပြဿနာများဟာ တခြားကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်ပြီး ပိုမိုဆိုးရွားနိုင်တဲ့ အခြေအနေမျိုးရှိလာနိုင်တာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။  တကယ်လို့ သင့်ကလေးငယ်ဟာ ဗိုက်အောင့်ခြင်း၊ အစာမကြေဖြစ်ခြင်း ၊ လေပွခြင်း ၊ နာတာရှည်ဝမ်းချုပ်ခြင်း ၊ ဝမ်း(မစင်) မှာသွေးပါခြင်း ၊ အဆက်မပြတ်ငိုကြွေးခြင်း၊ အော့အန်ခြင်း ၊ အိပ်ရေးပျက်ခြင်း စတာတွေ ကြုံနေရပြီဆိုရင် ချက်ချင်း ဆရာဝန်နှင့် ပြသ တိုင်ပင်သင့်ပါတယ်။ ဘယ်လိုအခြေအနေမှာဖြစ်စေ ကိုယ့်သဘောနှင့် ကိုယ် ဆေးဝယ်တိုက်တာမျိုးကို အထူးရှောင်ရှားရပါမယ်။

ဝမ်းသွားခြင်းနှင့် ပတ်သက်တဲ့ပြဿနာများဟာ မွေးကင်းစကလေးငယ်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များမှာ ပိုမိုတွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲအဖြစ် ဗိုက်အောင့်ခြင်း ၊ အစာမကြေဖြစ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ဝမ်း(မစင်)မာတောင့်ခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် တချို့ ကလေးငယ်များရဲ့ ပြဿနာများဟာ ရောဂါဇစ်မြစ် အကြောင်းအရင်း တိတိကျကျ မသိရဘဲ ကျန်းမာရေးစစ်ဆေးချိန်မှာလည်း သိသာတဲ့ အကြောင်းအရင်းကို မတွေ့ရပါဘူး။ မိဘများအနေဖြင့် အထူးသတိထားသင့်သော အခြေအနေတစ်ခုမှာ “Fecal Impaction” ဟုခေါ်သော နာတာရှည် ဝမ်းပိတ်ခြင်း ဖြစ်ပါတယ်။

နာတာရှည်ဝမ်းပိတ်ခြင်းရောဂါ(Fecal Impaction)ဆိုတာဘာလဲ?

နာတာရှည်ဝမ်းပိတ်ခြင်းရောဂါ (Fecal Impaction) ဆိုတာဟာ ဝမ်း (မစင်) တွေ မာတောင့်ကာ အစိုင်အခဲအဖြစ် ပြောင်းလာကာ အူလမ်းကြောင်း အောက်ပိုင်းမှာ တွယ်ကပ်နေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဝမ်းကို အပြည့်အဝ ကုန်စင်အောင် မသွားနိုင်တော့ဘဲ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်တဲ့ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ အဲဒီလို တွယ်ကပ်ခြင်းဟာ အချိန်ကြာလာပြီဆိုရင် အစားအစာ တစ်ခါစားတိုင်း ဝမ်း နှင့် ပတ်သက်တဲ့ ပြဿနာ တဖြည်းဖြည်းကြီးထွားလာပြီး ဝမ်းသွားရပိုမိုခက်ခဲကာ ဝမ်းဗိုက်တစ်ခုလုံး ပိတ်ဆို့သွားပါတော့တယ်။ ဒါဟာ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။

ငယ်စဉ်ဘဝမှာ နာတာရှည်ဝမ်းပိတ်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းများ

  • အစားအစာများကို အကြီးကြီးကိုက်စားပေမယ့် သေချာ ကြေညက်အောင် မဝါးတာကြောင့် အလွယ်တကူ အစာမကြေခြင်း။
  • အမျှင်ဓာတ်အနည်းငယ်သာစားသုံးခြင်းကြောင့် ဝမ်း(မစင်) များ မာကျော လာကာ စွန့်ထုတ်ဖို့ ခက်ခဲခြင်း။
  • ဘတ်တီးရီးယားနှင့် ကပ်ပါးရောဂါပိုးဝင်ရောက်လာနိုင်ပြီး ဝမ်းဗိုက် ကိုထိခိုက်စေနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အစာစုပ်ယူမှုများ။
  • ဝမ်းသွားဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့ မနက်(၅)နာရီမှ (၇)နာရီ အတွင်း ကလေးငယ်များ ဝမ်းမသွားနိုင်ခြင်း။
  • ကလေးဘဝမှာလုပ်ဆောင်ခဲ့တဲ့ ဝမ်းဗိုက်ခွဲစိတ်မှုများကြောင့် အူမကြီး တစ်ဝိုက်မှာ အမြှေးလွှာတွေ ဖြစ်ပေါ်စေပြီး ဝမ်း(မစင်)များစုပုံလာခြင်း ကြောင့် ပုံမှန်လုပ်ဆောင်မှုများ နှေးလာခြင်း။
  •  ဝမ်းသွားနေစဉ် စအိုနာကွဲခြင်း(သို့)  စအိုအနာဖြစ်ခြင်းများကြောင့် ကလေးငယ်များဟာ အိမ်သာသွားရမှာကို ကြောက်ရွံ့လာပြီး ဝမ်းသွားချင် စိတ်ကို ထိန်းထားခြင်း။ 
  • နာတာရှည်ဝမ်းပိတ် တဲ့ ကလေးငယ်များမှာ ဝမ်းဗိုက်တင်းကျပ်ခြင်း၊ ဖောရောင်ခြင်းနှင့် အူမကြီးရှည်လာခြင်း တို့ကို ကြုံတွေ့ရနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုးကြုံလာရပြီဆိုရင် ဝမ်းဗိုက်ထဲမှာ အညစ်အကြေးတွေ အများကြီး ကျန်ရှိကာ ဗိုက်အောင့်ခြင်းကို ခံစားရနိုင်ပါတယ်။

ငယ်စဉ်ဘဝမှာ နာတာရှည်ဝမ်းပိတ်ခြင်း ရဲ့ အန္တရာယ်များ

နာတာရှည်ဝမ်းပိတ်ခြင်း ဖြစ်လာတာနှင့်အမျှ ဝမ်းတွင်းရှိအညစ်အကြေး (မစင်) တွေဟာ ကလေးငယ်ရဲ့ ဗိုက်ထဲမှာ စုပုံလာပြီး အစာအိမ်နှင့် ဆီးအိမ်ပေါ်မှာ ဖိအားသက်ရောက်ပြီး အောက်ပါ လက္ခဏာများကို ခံစားရလေ့ရှိပါတယ်။

  • အစာမကြေခြင်း (သို့) အချိန်ကြာရှည်စွာဝမ်းချုပ်ခြင်းကြောင့် ဗိုက်အောင့် ခြင်း
  • ဝမ်း(မစင်) သွေးပါခြင်း
  • ဝမ်းမထိန်းနိုင်ခြင်း (သို့) ဝမ်း(မစင်)ထွက်ကျခြင်း
  • နောက်ကျော၊ ခြေထောက် ၊ ပုခုံး၊ လည်ပင်း စတဲ့ ကလေးငယ်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းများနာကျင်ကိုက်ခဲခြင်း
  • ခေါင်းမူးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ အော့အန်ခြင်း (သို့) အစာစားချင်စိတ် မရှိခြင်း 
  • မအီမသာခံစားရပြီး အိပ်ပျော်ဖို့ခက်ခြင်း (သို့) ကောင်းစွာအိပ်မရခြင်း
  • ဆီးအိမ်ရောင်ခြင်းနှင့်အတူ မကြာခဏဆီးသွားပြီး ကျောက်ကပ်ရောင်တဲ့ အထိဖြစ်ခြင်း

ကာကွယ်ခြင်း

  • ပုံမှန် မနက်(၅)နာရီ ကနေ (၇) နာရီအတွင်း အိမ်သာအသုံးပြုစေခြင်း ၊ အိမ်သာမှာထိုင်စေခြင်း စတာတွေကို ကလေးငယ်များကို အလေ့အကျင့် ပြုလုပ်ပေးပါ။
  • ကလေးငယ်ကို သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် အမျှင်ဓာတ် ကြွယ်ဝအောင်ကျွေးပါ။
  • နို့ ၊ အာဟာရဖြစ်စေတဲ့အရည် အပါအဝင် ဝမ်းနူးစေတဲ့ အရည်များတိုက်ပါ။
  • ဝမ်းသွားချင်စိတ်ဖြစ်လာတာနှင့် အောင့်မထားဘဲ အိမ်သာတက်တဲ့ အလေ့အကျင့်ရှိအောင်လုပ်ပါ။
  • ဝမ်းပျော့ပျော့သွားစေပြီး ကျန်းမာတဲ့ ဝမ်း လုပ်ဆောင်မှုကို ထိန်းသိမ်း နိုင်အောင် ဒိန်ချဉ်နဲ့ Probiotic ပါတဲ့ အရည်များကိုတိုက်ပါ။
  • အစာစားပြီးနောက်မှာ အူ လုပ်ဆောင်မှုကိုတွန်းအားပေးကာ ဝမ်းသွားခြင်းကို လွယ်ကူစေတဲ့ အသေးစားလေ့ကျင့်ခန်း များလုပ်ခိုင်းပါ။
  • ကလေးငယ်မှာ ဝမ်းဗိုက်ပြဿနာတစ်ခုခုရှိပြီဆိုတာနှင့် နို့ ၊ ဒိန်ချဉ် ၊ အချဉ် ပါတဲ့ သစ်သီး၊ ဆီးသီးခြောက် ၊ လိမ္မော်သီးဖျော်ရည်၊ သံပုရာရည် စတာတွေ များများတိုက်ပါ။

ကလေးများမှာဖြစ်တဲ့နာတာရှည်ဝမ်းပိတ်ခြင်းကိုစစ်ဆေးခြင်း

မိဘများအနေနှင့် မိမိတို့ရဲ့ ကလေးငယ်ရဲ့ နာတာရှည်ဝမ်းပိတ်ခြင်းရောဂါကို စစ်ဆေးဖို့ဆိုရင် ကလေးငယ်ရဲ့ ချက်အောက်ပိုင်း ဝမ်းဗိုက်ဘယ်ဘက်ခြင်း ကို လက်ချောင်းနှင့် ထိုးပြီး အစိုင်အခဲ ရှိ မရှိ စမ်းသပ်ရပါမယ်။ အဲလို လက်ချောင်းနှင့် ဖိလိုက်တဲ့အချိန်မှာ ရှည်လျားပြီး ဝက်အူချောင်းပုံသဏ္ဍာန် ရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု ရွေ့လျားသွားတာကို စမ်းမိပါလိမ့်မယ်။ တကယ်လို့ မိဘများအနေနှင့် အဲဒီနေရာတစ်ဝိုက်ကို ဖြည်းဖြည်းခြင်း ဖိလိုက်ပေမယ့် ကိုယ်တွင်းအစိတ်အပိုင်းကို မစမ်းမိဘူးဆိုရင် ကလေးငယ်ကို ပက်လက်လှန်ပြီး ဗိုက်ဖောင်းလာအောင် အသက်ရှူသွင်းခိုင်းပါ။ ခန္ဓာကိုယ် ပိုမိုသေးငယ်တဲ့ ကလေးငယ်တွေဟာ ခန္ဓာကိုယ်အရွယ်အစားကြီးမားတဲ့ ကလေးငယ်များထက်စာရင် ပိုမိုအလွယ်တကူ စမ်းမိနိုင်ပါတယ်။

တကယ်လို့ ကလေးငယ်ဟာ ဗိုက်အောင့်ခြင်း ၊ အကြောင်းအရင်းမရှိဘဲ မအီမသာ ခံစားရခြင်း ၊ လေပွခြင်းနှင့်အစာမကြေခြင်း၊ ဝမ်း(မစင်)မှာသွေးပါ ခြင်း စတဲ့ လက္ခဏာတစ်ချက်ချက်ကိုခံစားရတယ်ဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်း စစ်ဆေးမှုကို လုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုစစ်ဆေးမှုမှာ -

  • ကလေးငယ်ရဲ့ကျန်းမာရေးရာဇဝင်ကိုစစ်ဆေးခြင်း
  • ဝမ်း(မစင်)စစ်ဆေးခြင်း 
  • ဒစ်ဂျစ်နယ်နည်းဖြင့်စအိုကိုစစ်ဆေးခြင်း

တကယ်လို့ ဆရာဝန်က မသင်္ကာစရာ တစ်ခုခုကိုတွေ့ရှိရတယ်ဆိုရင် ကလေးငယ်ကို မှန်ပြောင်းကြည့်စစ်ဆေးဖို့ အကြံပြုမှာဖြစ်ပါတယ်။ ၎င်း နည်းလမ်းဟာ အစွန်းတစ်ဖက်မှာ ကင်မရာတပ်ဆင်ထားပြီး ရှည်လျားတဲ့ Tube ကို ကလေးငယ်ရဲ့ စအို (သို့) ပါးစပ် ကနေတစ်ဆင့် အစာခြေလမ်းကြောင်း ထဲကိုထည့်သွင်းပြီးစစ်ဆေးတာဖြစ်ပါတယ်။  မှန်ပြောင်းစစ်ဆေးရာမှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း စစ်ဆေးခြင်း (Upper GI Endoscopies) နှင့် အစာအိမ်နှင့်အူလမ်းကြောင်း အောက်ပိုင်းစစ်ဆေးခြင်း (Lower GI Endoscopies) ဆိုပြီး (၂)မျိုး ရှိပါတယ်။ ပထမတစ်မျိုးဟာ အစာမျိုပြွန် ၊ အစာအိမ် ၊ အူ စတာတွေကို စစ်ဆေးတာဖြစ်ပြီး ခန့်မှန်းအားဖြင့် (၁၀)မိနစ်လောက်သာ ကြာမြင့်ပါတယ်။ Lower GI Endoscopies ကတော့ အူသိမ်နှင့်အူမကြီးဆုံရာနေရာ(Caecum) ၊ အူမကြီး ၊ အူတစ်ခုလုံးနဲ့ စအိုကိုစစ်ဆေးရာမှာအသုံးပြုပြီး ပျမ်းမျှအားဖြင့် မိနစ် (၃၀) မှ (၆၀) ခန့် ကြာမြင့်ပါတယ်။ တခြားနည်းလမ်းအနေနှင့် ဆေးတောင့်ပုံကင်မရာ(Video Capsule) အသုံးပြုတဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်း နည်းလမ်းနှင့် ဝမ်းဗိုက်ထဲကို စစ်ဆေးပါတယ်။ အဲဒီနည်းလမ်းဟာ (၈)နာရီကနေ (၁၂)နာရီခန့် ကြာမြင့်တတ်ပြီး အစာခြေစနစ် တစ်ခုလုံးရဲ့ ရောဂါဗေဒဆိုင်ရာ ပုံရိပ်တစ်ခုကို ထုတ်ပေးနိုင်ပါတယ်။

အဲဒီနည်းလမ်းနှင့် စစ်ဆေးရာမှာ စိတ်ငြိမ်ဆေး(သို့) မေ့ဆေး(သို့) စိုးရိမ်မှုနှင့် နာကျင်မှုကိုလျော့ပါးစေတဲ့ဆေး ပေးထားတဲ့ လူနာကလေးငယ်များရဲ့ လိုအပ်ချက်နှင့် ကိုက်ညီအောင်စစ်ဆေးနိုင်ဖို့အတွက် သေချာသတိထား ကိုယ်တွယ်ရပါတယ်။ ကံကောင်းစွာဖြင့် အဆိုပါနည်းလမ်းများဟာ ဝမ်းဗိုက်နှင့် ဆိုင်တဲ့ရောဂါပြဿနာများကို ရှာဖွေစစ်ဆေးရာမှာ မြင့်မားတဲ့ထိရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။

ကလေးငယ်များရဲ့ ဝမ်းသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာများဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သည်အထိဖြစ်စေတာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ ကလေးငယ်မှာ ဗိုက်အောင့်ခြင်း ၊ အစာမကြေခြင်း ၊ လေပွခြင်း ၊ နာတာရှည်ဝမ်းချုပ်ခြင်း၊ ဝမ်း(မစင်)မှာသွေးပါခြင်း ၊ တရစပ်ငိုခြင်း ၊ အော့အန်ခြင်း ၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာတစ်ခုခုကြုံလာပြီဆိုရင် ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပြုပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆရာဝန်ထောက်ခံချက်မပါဘဲ ကိုယ့်သဘောဖြင့် ကိုယ် ကောင်းမယ်ထင်တဲ့ဆေးများ တိုက်ခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းဟာ သင့်ကလေးငယ်ကို အကောင်းဆုံးရောဂါရှာဖွေမှုနှင့် တိကျတဲ့ ကုသမှုများကို ပေးစွမ်းနိုင်တယ်ဆိုတာကို မိဘများအနေဖြင့် အမြဲ သိရှိနေဖို့က အရေးကြီးပါတယ်။


ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါက ကလေးအစာအိမ် အူလမ်းကြောင်းနှင့်အသည်းကုသမှုစင်တာ ကလေးအစာအိမ် နှင့် အူလမ်းကြောင်း ကုသရေးစင်တာ

သင့်ကလေးငယ်မှာခံစားနေရတဲ့ ဗိုက်အောင့်ခြင်း ၊ လေပွခြင်း ၊ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာများကို ဗီဒီယိုကောလ်ကနေတစ်ဆင့် ကလေးအထူးကုဆရာဝန်များ နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အသေးစိတ်မေးမြန်းရန် ဒီနေရာမှာကလစ်နှိပ်ပါ။

အဆင့်သတ်မှတ်ချက်