အူရောင်ရောဂါအကြောင်း

အူရောင်ရောဂါအကြောင်း

အဓိကအချက်များ

  • IBD လို့ အတိုကောက်ခေါ်တဲ့ အူရောင်ရောဂါ(Inflammatory Bowel Disease) ဟာ အစာချေအူလမ်းကြောင်းစနစ်ရောင်ရမ်းမှုမှတစ်ဆင့် ဖြစ်ပွားပြီး အကြောင်းအရင်းအတိအကျမသိရတဲ့ရောဂါအုပ်စုထဲမှာပါဝင်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားကျဆင်းမှု (သို့) မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။
  • အနောက်တိုင်းစားသောက်မှုပုံစံ အတိုင်းစားသုံးကြတဲ့ ထိုင်းနိုင်ငံသားများအပါအဝင် အာရှသားများမှာ အူရောင်ရောဂါဖြစ်ပွားမှု မြင့်မားပါတယ်။
  • အူရောင်ရောဂါကို မကုသဘဲထားလိုက်မယ်(သို့) နည်းလမ်းမှန်ကန်စွာမကုသဘူးဆိုရင် အန္တရာယ်ရှိပြီး အူမကြီးကင်ဆာရောဂါဖြစ်နိုင်ခြေ များပါတယ်။

IBD လို့ အတိုကောက်ခေါ်တဲ့ အူရောင်ရောဂါ(Inflammatory Bowel Disease) ဟာ အစာချေအူလမ်းကြောင်းစနစ်ရောင်ရမ်းမှုမှတစ်ဆင့် ဖြစ်ပွားပြီး အကြောင်းအရင်းအတိအကျမသိရတဲ့ရောဂါအုပ်စုထဲမှာပါဝင်ပါတယ်။ IBD ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အူမကြီးအနာဖြစ်၍ရောင်ရမ်းခြင်း(Ulcerative Colitis) နဲ့ Crohn’s Disease လို့ခေါ်တဲ့ အူရောင်ရောဂါတစ်မျိုး ဆိုပြီး အမျိုးအစား(၂)ခု ခွဲခြားနိုင်ပါတယ်။ Ulcerative Colitis ဟာ အူမကြီးမှာသာ ဖြစ်ပွားနိုင်ပေမယ့် Crohn’s Desease ကတော့ ပါးစပ်မှစကာ စအိုအထိ အစာချေလမ်းကြောင်းတစ်လျှောက်နေရာမရွေး ဖြစ်ပွားနိုင်ပြီးအများအားဖြင့် အူသိမ်နှောင်းပိုင်း(Distal Ileum) နဲ့ အူပိတ်(Cecum) နေရာတွေမှာ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါအခြေအနေနှစ်ခုစလုံးဟာ အူလမ်းကြောင်းအစာချေစနစ်မှာ အနာဖြစ်ခြင်းနဲ့ သွေးထွက်ခြင်းဖြစ်စေနိုင်ခြင်းသာမက အူကျုံ့သထက်ကျုံ့လာကာ အစာအိမ်နာကျင်ခြင်း ဝမ်းလျှောခြင်း ၊ မောပန်းခြင်း နဲ့ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း များဖြစ်လာပါတယ်။

အူရောင်ရောဂါဘယ်လိုဖြစ်လဲ?

ရောဂါဖြစ်စေတဲ့ တိတိကျကျအကြောင်းအရင်းကို မသိသေးပါဘူး။ ဒါပေမယ့်လည်း ဒီနယ်ပယ်မှာရှိတဲ့ ဆရာဝန်များနဲ့ ကျွမ်းကျင်ပညာရှင်များ ကတော့ အစာချေစနစ်တစ်ရှူးနံရံမှာ သွေးဖြူဥလွန်ကဲစွာပေါက်ဖွားမှုဖြစ်စေတဲ့ ခုခံအားမူမမှန်မှုများနဲ့ ဆက်စပ်နေတယ်လို့ဆိုကြပါတယ်။ ဒါဟာ နာတာရှည်ရောင်ရမ်းခြင်းနဲ့ သူ့ရဲ့နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ အစာချေလမ်းကြောင်းမှာ အပေါက်ဖြစ်ခြင်း(Perforation) ၊ ပိတ်ဆို့ခြင်း(Obstructions) များဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မိသားစုရာဇဝင်မှာ ဒီရောဂါရှိခဲ့ဖူးသူများလည်း ဖြစ်ပွားနိုင်ကြောင်းတွေ့ရတာကြောင့်  မျိုးရိုးဗီဇ(Genetics) ဟာလည်း ဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ မိသားစုရာဇဝင်မှာ ရောဂါရှိခဲ့ဖူးသူများနဲ့ ရောဂါမရှိခဲ့ဖူးသူများအကြား နှိုင်းယှဉ်မယ်ဆိုရင် ရောဂါရာဇဝင်ရှိခဲ့ဖူးသူများဟာ အူရောင်ရောဂါဖြစ်နိုင်ခြေ (၂၀) ရာခိုင်နှုန်းပိုများပါတယ်။

Crohn’s Disease လို့ခေါ်တဲ့ အူရောင်ရောဂါတစ်မျိုးနဲ့ အူမကြီးအနာဖြစ်၍ရောင်ရမ်းခြင်း (Ulcerative Colitis) နှစ်ခုစလုံးဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Crohn’s Disease ခေါ်အူရောင်ရောဂါဟာ အသက်(၂၀)နဲ့ (၃၀) ကြားမှာ အဖြစ်များပြီး အူမကြီးအနာဖြစ်၍ရောင်ရမ်းခြင်း (Ulcerative Colitis) အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းမှာ တွေ့ရှိရပါတယ်။ အရင်တုန်းကတော့ ဒီရောဂါအခြေအနေ(၂)မျိုးစလုံးဟာ အနောက်နိုင်ငံသားတွေမှာ ပိုပြီးသံသယဖြစ်ဖွယ်ရာတွေ့ရှိခဲ့ရပေမယ့် ယနေ့ခေတ်မှာတော့ ကမ္ဘာ့အနောက်န်ိုင်ငံများမှ နေထိုင်မှုနဲ့ စားသောက်မှုပုံစံတိုင်းပြောင်းလဲလာမှုများကြောင့် ထိုင်းနဲ့ အာရှနိုင်ငံသားများမှာလည်း အူရောင်ရောဂါကို တော်တော်များများတွေ့ရှိလာရပါတယ်။

အူရောင်ရောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြလဲ?

ဖြစ်ပွားတဲ့နေရာနဲ့ ရောင်ရမ်းခြင်းပြင်းထန်မှုအပေါ်မူတည်ပြီး အူရောင်ရောဂါ(IBD) နဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ အများကြီးရှိပါတယ်။ အတွေ့ရများတဲ့ လက္ခဏာများကတော့ -

  • အစာအိမ်ကြွက်တက်သလိုရစ်နာခြင်း
  • ဝမ်းလျှောခြင်း (တစ်နေ့တာအတွင်းဝမ်းသွားတဲ့အကြိမ်အရေအတွက်အနည်းငယ်သာဆိုရင် အန္တရာယ်မရှိပေမယ့် မကြာခဏဝမ်းသွားပြီး ဝမ်းထဲမှာသွေးပါမယ်ဆိုရင် အန္တရာယ်ရှိတဲ့အခြေအနေလို့ဆိုရမှာပါ)
  • ဖျားနာခြင်း
  • ပျို့အန်ခြင်း
  • မောပန်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • သွေးအားနည်းခြင်း

တခြားသောလက္ခဏာများအနေနဲ့ အရိုးအဆစ်များနာကျင်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း ၊ ပါးစပ်မှာအနာတည်ခြင်း စတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ ဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်တတ်သလို တစ်ခါတစ်လေမှာ တစ်နှစ်လောက်ပျောက်သွားပြီးမှလည်း ပြန်ပေါ်လာတတ်ပါတယ်။

အူရောင်ရောဂါစစ်ဆေးရှာဖွေခြင်း

အူရောင်ရောဂါလက္ခဏာများဟာ တခြား အစာချေစနစ်ရောဂါလက္ခဏာများနဲ့ဆင်တူတာကြောင့် တိတိကျကျဖော်ထုတ်ပေးနိုင်တဲ့ အဆင့်မြင့် စစ်ဆေးမှုနည်းလမ်းများ လိုအပ်ပါတယ်။

  • အစာအိမ်နဲ့စအိုကို အထူးပစ်မှတ်ထားတဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း
  • သွေးစစ်ဆေးခြင်းနှင့် ဝမ်း(မစင်) ကိုဓာတ်ခွဲစစ်ဆေးခြင်း
  • ဝမ်းထဲသွေးပါခြင်း(သို့)သွေးအားနည်းခြင်းများကြောင့် သွေးဆုံးရှုံးမှုဖြစ်စေတတ်လို့ သွေးအတွင်းရှိသွေးဥမွှား အရေအတွက် စစ်ဆေးခြင်း(CBC)
  • အူမကြီးနံရံတစ်ရှူးများအားစစ်ဆေးခြင်းနဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုအတွက် ရောင်ရမ်းနေတဲ့တစ်ရှူးအသားစနမူနာယူရန်အတွက် အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy)  ။ ဒီနည်းလမ်းဟာ ရောဂါရှာဖွေစစ်ဆေးမှုနဲ့ အူမကြီးကင်ဆာစစ်ဆေးရာမှာ ထိရောက်မှုမြင့်မားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာရောဂါအစမှာ အကျိတ်ရှိ မရှိကိုပါစစ်ဆေးနိုင်တာကြောင့် ဆရာဝန်များအတွက် ကုသမှုအစီအစဉ်ကို တိကျမှုမြင့်မားစေသလို လူနာများအတွက်ကုန်ကျစရိတ်ပိုမိုသက်သာစေပါတယ် ( ပိုမိုသိရှိနိုင်ရန် ကလစ်နှိပ်ပါ။)
  • CT Scan ၊ အစာအိမ်နှင့်အူလမ်းကြောင်းစစ်ဆေးခြင်း (သို့) အူအတွင်းပါဝင်မှုများကို အသေးစိတ်စစ်ဆေးဖို့အတွက် ဗီဒီယိုရိုက်ကူး၍ရောဂါရှာဖွေခြင်း (Video Capsule Endoscopy)။

အူရောင်ရောဂါကုသခြင်း

  • စားသောက်မှုပုံစံနှင့်အာဟာရကိုအလေးပေးစားသုံးခြင်း - အူရောင်ရောဂါကိုသက်သာစေဖို့ ပံ့ပိုးတဲ့ အစားအသောက်ပုံစံဆိုပြီး တိတိကျကျ မရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်း၊ သင့်တင့်မျှတစွာစားခြင်း၊ အဓိကအစာအုပ်စု(၅)ခုပါဝင်အောင်သင့်တင့် မျှတစွာစားသုံးခြင်း တို့ဟာ ကျန်းမာရေးကောင်းမွန်စေဖို့ အချက်အချာကျပါတယ်။ အူရောင်ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် နေ့စဉ် အစားအစာစားသုံးမှုပမာဏကိုလျှော့ချရပါမယ်။ ဒါ့အပြင် ရေဓာတ်မျှတအောင်စားသုံးခြင်း၊ အဆီများတဲ့အစားအစာ အရက်နဲ့ ကဖင်းဓာတ်များတဲ့ အချိုရည်များကိုရှောင်ကျဉ်ခြင်းတို့ကိုလည်း လိုက်နာရပါမယ်။
  • ဆေးသောက်ခြင်း - အူတစ်ရှူးများကိုကျန်းမာရေးကောင်းစေပြီး ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ စိတ်ချရတဲ့ဆေးတွေရှိပါတယ်။ လူနာများအနေနဲ့ ရောဂါတစ်ကျော့ပြန်ဖြစ်ပေါ်လာနိုင်ခြေကိုလျှော့ချဖို့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးသင့်ပါတယ်။
  • ခွဲစိတ်ကုသမှုခံယူခြင်း - တကယ်လို့ ဆေးသောက်သည့်တိုင်အောင် ရောဂါလက္ခဏာတွေပြနေဆဲ (သို့) နောက်ဆက်တွဲရောဂါတွေ ပြင်းပြင်းထန်ထန်ခံစားနေရဆဲဆိုရင် ဆရာဝန်များမှ ခွဲစိတ်ကုသမှုနည်းလမ်းကို စဉ်းစားမှာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုနည်းလမ်းဟာ ရောဂါကုသရာမှာ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့်လည်း Crohn’s Disease လို့ခေါ်တဲ့ အူရောင်ရောဂါတစ်မျိုး ခံစားရနေရသူများအတွက် အူသိမ်ထဲရော အူမကြီးထဲမှာပါ ရောဂါလက္ခဏာရှိနေနိုင်တာကြောင့် ခွဲစိတ်ကုသမှုနည်းလမ်းကို မရွေးချယ်ဖို့အကြံပေးချင်ပါတယ်။ ဒါပေမယ့်လည်း အူထဲရှိတွယ်ဆက်တစ်ရှူးများ(Intestinal Fibrosis) ကြီးထွားလာတဲ့ အူရောင်ရောဂါလူနာများဟာ အူပိတ်ခြင်း(Obstruction) မှတစ်ဆင့် အာဟာရချို့ယွင်းမှုဖြစ်လာနိုင်လို့ ဒီလိုလူနာများအတွက် ဆရာဝန်များမှ ခွဲစိတ်ကုသခြင်းနည်းလမ်းကို စဉ်းစားကောင်းစဉ်းစားပါလိမ့် မယ်။

အူရောင်ရောဂါဟာလက္ခဏာများဟာ အချိန်နဲ့အမျှ ပျောက်လိုက် ပြန်ပေါ်လိုက် ဖြစ်နိုင်တာကြောင့် တချို့လူနာများဟာ ရောဂါကိုမေ့သွားပြီး ကုသဖို့ ကို ဂရုမပြုဘဲထားတတ်ကြပါတယ်။ တကယ်လို့ မကုသဘဲထားလိုက်လို့ ရောဂါဟာ နာတာရှည်အဆင့်ထိရောက်လာပြီဆိုရင်တော့ ခန္ဓာကိုယ်ကလိုအပ်တဲ့ သတ္တုဓာတ် ၊ အာဟာရ ၊ သွေး စသည်တို့ဆုံးရှုံးရာမှတစ်ဆင့် အသက်အန္တရာယ်ကိုခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တခြားသော နောက်ဆက်တွဲရောဂါများမှတစ်ဆင့် အူမကြီးကင်ဆာ စတင်ဖြစ်လာနိုင်ပါတယ်။


Free first video call consultation with doctor. LEARN MORE HERE


အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။