Mask တပ်တာတောင်ကလေးငယ်တွေ ဘာကြောင့်ဖျားနာနေကြသေးတာလဲ?

Mask တပ်တာတောင်ကလေးငယ်တွေ ဘာကြောင့်ဖျားနာနေကြသေးတာလဲ?

အနှစ်ချုပ်

  • ကလေးငယ်များဟာ တခြားကလေးငယ်များနဲ့ အတူ ပြေးလွှားခြင်း၊ ထိတွေ့မှု ရှိတဲ့ ဆော့ကစားခြင်းမျိုးနဲ့ မကင်းနိုင်ကြပါဘူး။ သူတို့အတွက် Social Distancing နည်းလမ်းကို လိုက်နာစေဖို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် လူတစ်ဦး ကနေ တစ်ဦးဆီရောဂါကူးစက်မှု နှုန်းဟာ ကလေးများမှာ ပိုပြီး သိသိသာသာ များပြားပါတယ်။
  • တုပ်ကွေးကာကွယ်ဆေးဟာ ကလေးငယ်များရဲ့ ကိုယ်ခံအားကို မြင့်မားစေရန် အထောက်အကူပြုတာကြောင့် မဖြစ်မနေထိုးထားသင့်ပါတယ်။ ဗီတာမင်ချို့တဲ့ တဲ့ ကလေးငယ်များအနေနဲ့ ဗီတာမင်စီ ကို ဖြည့်စွက်သောက်သုံးသင့်သလို New Normal ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု ညွှန်ကြားချက်တွေကိုပါ လိုက်နာမယ်ဆိုရင် ဖျားနာမှုနဲ့ ရောဂါအန္တရာယ်များကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်ကလေးငယ်ဟာ နောက်တစ်ကြိမ်ပြန်ဖြစ်လာမယ်၊ ပြန်ဖျားနာလာမယ်  ဆိုရင် သက်သာပျောက်ကင်းဖို့အတွက် ကျောင်းကနေ ခဏ ခွင့်ယူပြီးနားရပါမယ်။ ဒါဟာ မိဘတွေအတွက် စဉ်းစားလို့ လိုက်မမီနိုင်တဲ့ စိုးရိမ်မှုတစ်ခုရှိနေမှာအမှန်ပါပဲ။ ဘာလို့လဲဆိုတာ့ ကိုယ့်ကလေးက Mask အမြဲတပ်၊ လက်ကိုပုံမှန်ဆေး၊ ကျောင်းက သတ်မှတ်ထားတဲ့ New Normal ကျန်းမာရေးနဲ့ ဘေးကင်း လုံခြုံမှု ညွှန်ကြားချက် တွေကိုလည်းလိုက်နာနေလျက်နဲ့ ဘာလို့များ ဖျားနာရလဲ ဆိုတဲ့ အတွေးတစ်ခုကို တွေးမိကြမှာပါ။ စာသင်ကျောင်းတွေမှာ Mask တပ်ခိုင်းခြင်း၊ ကျောင်းထဲမဝင်ခင် အဖျား ရှိမရှိသိဖို့ အပူချိန်တိုင်းခြင်း၊ ကလေးတွေကြားမှာ အကာအကွယ်များထားခြင်း စတာ တွေကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်သည့်တိုင်အောင် အိမ်ပြန်ရောက်တဲ့အခါ ဘာလို့ အဖျား ပါလာသလဲဆိုတဲ့ မေးခွန်းက သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

Mask တပ်ခြင်းဟာရောဂါပိုးကို ဘယ်လောက်အတိုင်းအတာထိကာကွယ်နိုင်သလဲ?

ကျောင်းတွေမှာ Social Distancing သတ်မှတ်ထားခြင်း၊ ပုံမှန်လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ စာသင်စားပွဲတစ်ခုနဲ့ တစ်ခုကြား အကာအရံများထားခြင်း အပါအဝင် New Normal ကျန်းမာရေးနဲ့ ဘေးကင်းမှုလုပ်ဆောင်ချက်တွေကို စီစဉ်ထားရှိသည့်တိုင် အောင် ကလေးတွေ အိမ်ပြန်လာတဲ့အခါ ဖျားနာတာမျိုးကို မိဘတွေ ကြုံတွေ့နေကြရပါတယ်။

 

Mask တာတောင်ကလေးတွေဘာလို့ ဖျားနာကြတာလဲ?

၁။ ကလေးများဟာအမြဲ Mask မတပ်ခြင်း - အထူးသဖြင့် သူငယ်ချင်းများနဲ့ အပြင် မှာ ပြေးလွှားဆော့ကစားတဲ့အချိန်မှာ ကလေးတွေဟာ အသက်ရှူ ပိုမိုလွယ်ကူစေ ဖို့ Mask ကို ချွတ်ထားတတ်ကြပါတယ်။ မျက်နှာပေါ်မှာ Mask တပ်ထားတာကို အသားမကျတဲ့ ကလေးငယ်တွေအနေနဲ့ Mask ကို ချွတ်ထားခြင်းကြောင့် ရောဂါ ပိုးတွေကို အသက်ရှူရင်းနဲ့ ရှူသွင်းမိပါတယ်။

၂။ Social Distancing (သို့)တစ်ဦးနဲ့တစ်ဦးကြားအကာအရံများ - ဒီနည်းလမ်းဟာ အရမ်းငယ်သေး တဲ့ ကလေးငယ်များအတွက် အဆင်မပြေပါဘူး။ ဒီအရွယ်ကလေးငယ်များမှာ သူငယ်ချင်းများနဲ့ ထိတွေ့ခြင်း၊ အတူပြေးလွှားခြင်း၊ အတူကစားခြင်းထက် ပိုပျော်ဖို့ ကောင်းတဲ့နည်းလမ်းရှိမှာမဟုတ်ပါဘူး။ ဒီလိုကလေးငယ်များကြားမှာ ရောဂါ ပိုးမွှားတွေ အလွယ်တကူပျံ့နှံ့နိုင်တာဟာ မထူးဆန်းပါဘူး။

၃။ ရာသီဥတု - ရာသီဥတုဟာလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။ အထူးသဖြင့် မိုးရာသီမှာ လေတိုက်ခတ်မှုပြင်းထန်တယ်ဆိုရင် ရောဂါပိုးတွေ ပျံ့နှံ့ဖို့ ပိုပြီးလွယ်ကူ ပါတယ်။ ဒီလိုရာသီဥတုအခြေအနေမျိုးမှာ ပျံ့နှံ့တဲ့ ရောဂါပိုးမွှားတွေဟာ ဖျားနာ စေဖို့ အထောက်အကူပြုတယ်လို့ ပြောနိုင်ပါတယ်။

၄။ ကလေးများရဲ့မွေးရာပါကျန်းမာရေးအခြေအနေ - ဓာတ်မတည့်မှု လိုမျိုး မွေးရာပါ ကျန်းမာရေးအခြေအနေများဟာ အထူးသဖြင့် မိုးရာသီမှာ ပိုမိုဖြစ်ပွားနိုင်ပြီး ရောဂါလက္ခဏာဖြစ်ပွားဖို့ အဓိက ကျတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

 

သင့်ကလေးငယ်ကိုဖျားနာမှုမဖြစ်စေဖို့ကာကွယ်ခြင်း

၁။ သင့်ကလေးငယ်ကနေမကောင်းဘူးဆိုရင် - ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်အပူချိန် ၃၇.၅ ဆဲလ်စီးယက်စ် အထက်ရှိခြင်း စတဲ့ လက္ခဏာ တွေဟာ အသေးစားလက္ခဏာလို့ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပေမယ့်လည်း ဒီလိုလက္ခဏာတွေပြလာပြီဆိုရင် ကလေးကို ကျောင်းကနေခွင့်ယူခိုင်းပြီး ဆရာဝန် နဲ့ ပြသရမှာဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ အပြည့်အဝ ပြန်လည်ကောင်းမွန် သက်သာလာပြီဆိုမှသာ ကျောင်းကို ပြန်တက်ခွင့်ပြုသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ကိုယ်ခံအားနည်းနေသေးတဲ့အချိန်မှာ အလျှင်အမြန် ကျောင်းပြန်တက်ခိုင်းမယ်ဆိုရင် နောက်ထပ် ဖျားနာမှုတွေ ကြုံလာနိုင်လို့ဖြစ်ပါ တယ်။ ဖျားနာမှုလက္ခဏာတွေ ရှိနေသေးတယ်ဆိုရင် တခြားကလေးတွေဆီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၂။ ကလေးငယ်များရဲ့မွေးရာပါကျန်းမာရေးအခြေအနေ - ဓာတ်မတည့်ခြင်းလို ပြဿနာမျိုးဟာ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းကို ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ရဲ့ ကျောင်းက ဆရာ ဆရာမ များကို အသိပေးခြင်း၊ ဆရာဝန်ရဲ့ ဆေးစာကို ကျောင်းကို ပြသခြင်းမျိုးကို လုပ်ဆောင်ရပါမယ်။ ဒါမှသာ ကလေးငယ် နဲ့ ထိတွေ့ပတ်သက်သူအားလုံး သတိထားနိုင်မှာဖြစ်ပါတယ်။

၃။ ကာကွယ်ဆေးထိုးခြင်း - ကာကွယ်ဆေးထိုးခြင်းဟာ အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးငယ်ဟာ အသက် အရမ်းငယ်နေသေး တယ်ဆိုရင်တောင် ကာကွယ်ဆေးကို ပုံမှန်ထိုးပေးသင့်ပါတယ်။ ဥပမာ- တုပ်ကွေး ကာကွယ်ဆေးထိုးပြီး (၆)လ အကြာမှာ ရောဂါကာကွယ်နိုင်တဲ့ ကိုယ်ခံအားမြှင့်တင် မှုကို ပေးစွမ်းဖို့ နောက်တစ်ကြိမ်ထပ်ထိုးသင့်ပါတယ်။

၄။ ဗီတာမင်ဆေးဝါးများ - ဗီတာမင်နဲ့ ဖြည့်စွက်စားသောက်မှု များဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ အထောက်အကူပြုပါတယ်။ ( သစ်သီးများကို ပုံမှန်စားသုံးတဲ့ ကလေးငယ်များကတော့ ဖြည့်စွက်စာ မလိုအပ် ပါဘူး။) တကယ်လို့ ကလေးငယ်ဟာ စားသောက်မှုပုံစံ လိုအပ်ချက် ရှိ မရှိ ဆိုတာ မသေချာဘူးဆိုရင် ကလေးအထူးကုဆရာဝန်(သို့) ကလေးအာဟာရပညာရှင် များဆီမှ အကြံဥာဏ်များ ရယူသင့်ပါတယ်။

လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် ဖျားနာခြင်း(သို့)ရောဂါ ဆိုတာဟာ သဘာဝအတိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါပိုးမွှားများအားလုံး ကိုယ်ခန္ဓာထဲမဝင်အောင် ကာကွယ်ဖို့ဆို တာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း မိဘများအနေနဲ့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကလေးငယ်များနေ့စဉ်စားသောက်ရာမှာ အဓိကအစားအစာအုပ်စု (၅)စု မျှတစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ရမှာဖြစ်ပါတယ်။ နေရာင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင်ဒီ ရရှိအောင် အိမ်အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း သတိပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးငယ်က လုံလောက်စွာအိပ်စက်ချိန် ရှိသလား၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုသေချာဂရုစိုက်သလား စတာတွေကို အမြဲတမ်း စောင့်ကြည့်နေရမှာဖြစ်ပါတယ်။

လက်ရှိလိုမျိုး ပုံမှန်မဟုတ်ဘဲ ခက်ခဲတဲ့ကာလအတွင်း မိဘများအနေနဲ့ ကိုယ့်ကလေးငယ်ကို အိမ်အပြင်ထွက်တိုင်း Mask တပ်ဖို့၊ အစာမစားခင်နဲ့ အစာ စားအပြီး လက်ကို ဆပ်ပြာ(သို့) အယ်လ်ကိုဟောပါတဲ့ဂျယ်လ်နဲ့ဆေးဖို့၊ လူများတဲ့ နေရာများကိုရှောင်ရှားဖို့ အရေးကြီးကိစ္စအနေနဲ့ သတိပေးရမှာဖြစ်ပါတယ်။ ဒီလို ရိုးရှင်းလွယ်ကူတဲ့ ဆောင်ရန်ရှောင်ရန်နည်းလမ်းများဟာ သင်တို့ရဲ့ကလေးငယ်ကို ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ ကလေးငယ်ဖြစ်အောင် အထောက်အကူပြုမှာ အမှန်ပါပဲ။

ကိုးကားချက်များ

https://www.cbs8.com/article/news/education/cdc-releases-guidelines-for-reopening-schools-what-will-the-new-normal-look-like/509-70532f64-69f9-443f-83e7-c9bb522e982c 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။