လူကြီးမင်းတို့ရဲ့ ရွှေရောင်နေ့ရက်တွေအတွက် မသိမဖြစ် သိထားရမယ့်အချက်တွေ…

လူကြီးမင်းတို့ရဲ့ ရွှေရောင်နေ့ရက်တွေအတွက်  မသိမဖြစ် သိထားရမယ့်အချက်တွေ…

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • (၄၀) ကျော်လာတဲ့ အမျိုးသားတွေမှာ (testosterone) ဆိုတဲ့ ကျားဟိုမုန်း ကျဆင်းလာတဲ့အတွက် ကိုယ်ခန္ဓာကြွက်သားကြီးထွားမှု၊ ဇီ၀ဖြစ်စဉ်၊ အရိုးသန်စွမ်းမှုနဲ့ လိင်မှုဆိုင်ရာ စိတ်အားထက်သန်မှုတွေ လျော့ပါးလာတာကို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ရွှေရောင်နှစ်ကာလများဆီသို့ ချဉ်းနင်းဝင်ရောက်လာပြီဆိုတာ… သိကြဖို့ပါပဲ။
  • အမျိုးသားတွေဟာ အဲဒီလိုရွှေနှစ်တွေဆီသို့ဝင်ရောက်လာတယ်လို့ဆိုရာမှာ  အမျိုးသမီးတွေလို သွေးဆုံးတဲ့ လက္ခဏာတွေတော့ ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ်လို့ သိသာတဲ့ ကိစ္စတွေကတော့ လိင်မှုကိစ္စမှာ စိတ်မသန်တော့ခြင်း၊ အားမရတော့ခြင်း၊ ကိုယ့်စွမ်းဆောင်မှုကို ကိုယ် သံသယဝင်လာတတ်ခြင်းနဲ့  တစ်ချို့ဆို စိတ်ကျရောဂါပါ ဝင်လာတတ်ပါတယ်။  အရင်လောက်လည်း အားကစားမလုပ်နိုင်တော့သလို အလုပ်ထဲမှာ လည်း စိတ်ရောကိုယ်ပါ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာကို တွေ့ရမှာဖြစ်ပါတယ်။
  • အဲဒါကို ပြန်လည်ဖြည့်တင်းဖို့က ကျဆင်းလာတဲ့ဟိုမုန်းဓာတ်တွေကို အစားအစာကနေ ပြန်လည် ရယူနိုင်ပါတယ်။ ဆဲလ်မွန်ငါး၊ မြေပဲကဲ့သို့သော အစေ့အဆံများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥအနှစ်၊ ဖရဲသီး၊ ကညွတ်နှင့် ဂုံးစတဲ့ အစားအသောက်တွေမှာ သတ္တုဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် ဇရာကို ဖြည်းဖြည်းပဲ လာစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ အဲဒီအစားအစာတွေဟာ သွေးတွင်းအဆီကို များစွာမြင့်တက်စေတတ်တာကြောင့် မှန်ကန်စွာ ရွေးချယ်စားသုံးတတ်ဖို့လည်း အရေးကြီးပါတယ်။

လူကြီးမင်းတို့ရဲ့ ရွှေရောင်နေ့ရက်တွေအတွက် မသိမဖြစ် သိထားရမယ့်အချက်တွေ…

အမျိုးသားတွေရဲ့ “ရွှေရောင်နှစ်ကာလများ” ဆိုတာလေ.. မိန်းမတွေ ဒူးတွေဘာတွေချောင်ပြီး ဖြုံသွားလောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည့်ဝနေတဲ့ နှစ်တွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီ ရွှေရောင်နှစ်ကာလများ ဆိုတာကတော့ ကြုံကို ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။

အဲဒီ ရွှေနှစ်ကာလတွေကို ရောက်လာပြီဆိုရင်တော့ အမျိုးသားတွေရဲ့ ကျား ဟိုမုန်းပမာဏတွေဟာ သဘာဝ အလျောက်ကို စတင်ပြီး ကျဆင်းလာတော့မှာ ဖြစ်ပါတယ်။ Testosterone ဆိုတာ ယောက်ျားပီသကြောင်း ပြတဲ့ ကျားကျားဟိုမုန်းဖြစ်တာမို့ အရေးကြီးပါတယ်။ အထူးသဖြင့် လိင်မှုရေးရာ စွမ်းဆောင်ရည်မှာ တော်တော်ကို အရေးပါတဲ့ ဟိုမုန်းဖြစ်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေဖွံ့ဖြိုးမှု၊ ဇီဝဖြစ်စဉ်တွေနဲ့ အရိုးတွေ သန်မာစေဖို့မှာလည်း သူ့ရဲ့ အစွမ်းအစတွေ ပါဝင်ပါတယ်။ အဲဒီတော့ အသက် (၄၀) ကျော်လာလို့ ကျားဟိုမုန်းပမာဏ  လျော့ကျလာပြီဆိုတာနဲ့ ယောက်ျားတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို ဆေးပညာအရ Andropause လို့ ခေါ်ပါတယ်။

ယောက်ျားတစ်ယောက် ရွှေရာင်နှစ်ကာလများသို့ ချဉ်းနင်းဝင်ရောက်လာပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ - ၁ဝခု

(၁) လိင်မှုဆိုင်ရာမှာ သိပ် စိတ်မပါတော့ခြင်း။
(၂) အရင်ကလောက် အားမရတော့ခြင်း။
(၃) သက်လုံနှင့် ကြာရှည်စွမ်းဆောင်နိုင်စွမ်း လျော့ကျလာခြင်း။
(၄) အရင်လောက် မရှည်တော့ခြင်း။
(၅) ပျော်ရွှင်မှုနည်းလာခြင်း။
(၆) စိတ်ကျေနပ်မှုမရရှိခြင်းနှင့် စိတ်ဓါတ်ကျခြင်း။
(၇) ညီလေးကလည်း အရင်ကလောက် အလုပ်မလုပ်တော့ခြင်း။
(၈) အားကစားမှာ လှုပ်ရှားမှု စွမ်းရည် ကျဆင်းလာခြင်း။
(၉) အစာစားပြီးတိုင်း အိပ်ငိုက်ခြင်း။
(၁၀)လုပ်ငန်းခွင်မှာ စွမ်းဆောင်နိုင်မှုများ လျော့ကျလာခြင်း။

အဲဒီထဲကမှ အမှတ် (၁)၊ အမှတ် (၇) နဲ့ တခြား (၃)မျိုးလောက် ပေါင်းပြီး ဖြစ်နေပြီ ဆိုရင်တော့ ကျားကျားဟိုမုန်း ကျလာပြီဖြစ်လို့ ဆရာဝန်နဲ့ မေးကြည့်ဖို့ ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ယောက်ျားတွေလည်း သွေးဆုံးတတ်တယ်။

  • ယောက်ျားတစ်ယောက်ဟာ အသက်ရလာတာနဲ့အမျှ (Testosterone) ဆိုတဲ့ ကျားဟိုမုန်းပမာဏ ကျ ဆင်းလာတာကို ကြုံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဓမ္မတာသွေးဆုံးတာမျိုးလို သုညအထိ ကျဆင်းသွားတာမျိုးတော့ မဟုတ်ပါဘူး။
  • အသက်ရွယ်တူ အမျိုးသားနှင့် အမျိုးသမီး မှာဆိုရင် အမျိုးသားမှာ ကျားဟိုမုန်းကုန်ဆုံးတဲ့လက္ခဏာမျိုးတွေ ကြုံတွေ့နေရချိန်မှာ အမျိုးသမီးထု တစ်ဝက်နီးပါးဟာ သူတို့မှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာဝေဒနာများကြောင့် ဆေးခန်းပြနေရပြီ ဖြစ်ပါတယ်။
  • ဒါပေမယ့် သက်ရွယ်တူ အမျိုးသမီးတွေမှာ ဓမ္မတာကုန်ဆုံးတဲ့ အချိန်ကာလကို သိဖို့ လွယ်ကူပေမယ့်  အမျိုးသားဟိုမုန်း ကုန်ဆုံးတာကို ရှာဖွေဖို့ ပိုခက်နေတာမျိုးလည်း ကြုံရပါတယ်။ အမျိုးသမီးတွေမှာကျတော့ ဓမ္မတာဆုံးခါနီးဆိုရင် ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ စိတ်အတက်အကျ ပြောင်းလဲမြန်ခြင်းနှင့် အိပ်မရတဲ့ပြဿနာ စတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။
  • အမျိုးသားတွေမှာ ဟိုမုန်းပမာဏ ဘယ်လောက်အထိကျဆင်းသွားရင် အဲဒီအမျိုးသားဟာ  ဟိုမုန်းကုန်ဆုံးသွားပြီးလို့ သတ်မှတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကျတော့ သွေးစစ်ချက်ပေါ်မူတည်ပြီး  တိကျတဲ့အဖြေကို ထုတ်ပေးနိုင်ပါတယ်။
  • ဟိုမုန်းဆေးပေးပြီးကုသပေးမယ်ဆိုရင်လည်း အမျိုးသမီးတွေလောက် ထိရောက်မှု မရတာကို တွေ့ရပါတယ်။

ဘာတွေ ပြင်ဆင်ထားရမလဲ။

  • Diet (အစားအသောက်): အချိုနှင့် အဆီလွန်ကဲတဲ့ အစားသောက်ကို ရှောင်ရှားပြီး သဘာ၀ကျားဟိုမုန်း (testosterone hormones) တွေအားပေးတဲ့ ဆဲလ်မွန်ငါး၊ အစေ့အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် ၊ ကြက်ဥအနှစ်၊ ဖရဲသီး၊ ကညွှတ်၊ ဂုံး စတဲ့ ဇင့်ဓာတ် များစွာပါဝင်တဲ့ အစားအစာများ စားသုံးပေးသင့်ပါတယ်။  ဒါပေမယ့်  တချို့အစားအစာတွေမှာ အဆီဓာတ်ပမာဏ ပါဝင်မှုများတာကြောင့် ရွေးချယ်ပြီးစားသုံးသင့်ပါတယ်။
  • Exercise (လေ့ကျင့်ခန်း): လေ့ကျင့်ခန်းတစ်ခေါက်လုပ်တိုင်း အနည်းဆုံး မိနစ် (၃၀)၊ (၅) ကြိမ်တွင် တစ်ကြိမ် ကြွက်သားအဓိက လေ့ကျင့်ခန်းအပြင် နှလုံးလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် အလေးမခြင်း စတာတွေ လုပ်ပေးသင့်ပါတယ်။
  • Temperament (စိတ်ခံစားချက်): ကိုယ့် ကိုယ်ခန္ဓာ ပြောင်းလဲမှုဖြစ်စဉ်များ အပေါ်မှာ သတိထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပျိုးထောင်ပေးပြီး အောင်မြင်အောင် ဆောင်ရွက်ရပါမယ်။ မိမိကိုယ်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့ အကောင်းဆုံး ကြိုးစားရပါမယ်။ မိတ်ဆွေ အပေါင်းအဖော်များနှင့် တွေ့ဆုံခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပြီး ပေါ့ပေါ့ပါးပါး နေထိုင်ရပါမယ်။ တစ်ကိုယ်တည်း ကြာရှည်စွာ နေထိုင်ခြင်းများကို ရှောင်ရှားပြီး စိတ်ဖိစီးမှု လျော့နည်းစေနိုင်သော လုပ်ငန်းဆောင်တာတွေမှာ  ပါဝင်လုပ်ဆောင်ရပါမယ်။
  • Medical attention (ဆေးဘက်ဆိုင်ရာအထောက်အကူများ): ကိုယ့်မှာ ဟိုမုန်းပမာဏ နည်းပါးလာပြီဆိုရင် ကျန်းမာပျော်ရွှင်ပြည့်စုံသော ဘ၀ရဲ့အနှစ်သာရ လျော့နည်းလာမယ်၊ လိင်မှုကိစ္စမှာ အားနည်းလာတာကြောင့် ဆိုးဝါးတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ မဖြစ်ရလေအောင်  ကျန်းမာရေး စစ်ဆေးမှုတွေ သေသေချာချာလုပ်ပြီး ကုသမှုတွေ လိုအပ်ရင်လည်း ခံယူသင့်ပါတယ်။ ယေဘုယျအားဖြင့်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ ဆီးကြိတ်တို့၊ နှလုံးနဲ့ နှလုံးသွေးကြောများကို မထိခိုက်စေဖို့ ကာလတိုဟိုမုန်းကုသမှုမျိုးကိုပဲ လုပ်ပေးကြပါလိမ့်မယ်။

တကယ်တော့(Andropause) ဆိုတာ အမျိုးသားတွေမှာ ကျားဟိုမုန်းတွေ ကုန်ခန်းပြီး ကျန်းမာရေးအခြေအနေ တစ်ခုကို ရွေ့လျားသွားခြင်းသာဖြစ်ပါတယ်။ ဒါကို နားလည်သဘောပေါက်ပြီး ပြင်ဆင်ထားမယ်ဆိုရင် ဒီကာလမှာ ဖြစ်ပေါ်တတ်တဲ့  စိတ်မတင်မကျဖြစ်ခြင်း၊ စိတ်ပူပန်ခြင်းနှင့် အခြားဖြစ်လာနိုင်ခြေ ရှိတဲ့ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေကို ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ကလည်း  ဒါမျိုးကို နားလည်သဘောပေါက်ပြီး အားပေးနှစ်သိမ့်ကူညီခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ အသီးသီးကို ကြိုတင်ကာကွယ် ဖြေရှင်းပေးသွားနိုင်မယ်ဖြစ်တယ် ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။