လိင်တူချစ်သူများနှင့် အသည်းရောင် ရောဂါ

လိင်တူချစ်သူများနှင့်  အသည်းရောင် ရောဂါ

အနှစ်ချုပ်

  • အသည်းရောင် A ပိုး တွေ့တဲ့သူတွေရဲ့ ၁၀% နှုန်းနဲ့ B ပိုးတွေ့တဲ့သူတွေရဲ့ ၂၀% ဟာ ဂေးတွေ ဒါမှမဟုတ် လိင်တူချစ်သူအမျိုးသားတွေ ထဲကဖြစ်တယ် လို့ ဆိုပါတယ်။
  • MSM လို့ခေါ်တဲ့ အမျိုးသားချင်း ဆက်ဆံသူတွေဟာ သူတို့ရဲ့ ပါးစပ်/အနောက်တံခါး နဲ့ ချစ်တင်းနှော တတ်တဲ့ အမူအကျင့်တွေကြောင့် အသည်းရောင် A ပိုးကူးစက်နိုင်တဲ့ အန္တရာယ်ဟာ အခြားအုပ်စုတွေထက် ပိုပြီး မြင့်မားပါတယ်။
  • အသည်းရောင် B ပိုး ကျတော့ သွေးတို့ သုက်ရည် တို့ စတဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေက တစ်ဆင့် ကူးတာဆိုတော့ အကာအကွယ်မဲ့ ဆက်ဆံခြင်းကြောင့် ပါးစပ်တို့ ကိုယ့်ရဲ့ အနောက်တံခါးတို့ကတစ်ဆင့် အဲဒီ B ပိုးပါတဲ့ အရည်တွေဟာ ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်သွားပြီး အသည်းရောဂါ ကူးစက်ခံရတော့တာပါပဲ။

အသည်းရောင်ရောဂါ Hepatitis ဆိုတာ အသည်းရောင်ရမ်းလာတဲ့ ရောဂါဖြစ်ပြီး Hepatitis ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်တာပါ။ ဗိုင်းရပ်စ်အမျိုးအစားတွေကတော့ A, B, C, D, E  စသည်ဖြင့် အမျိုးမျိုး ကွဲပြား ပါတယ်။ တစ်မျိုးချင်းစီမှာ သူတို့ရဲ့ မတူတဲ့ သီးခြားသဘာဝနဲ့ ကွဲပြားတဲ့ ကူးစက်ခြင်းနည်းလမ်းတွေ ရှိပါတယ်။ အားလုံးကတော့ အသည်းကို ရောဂါရစေတာဖြစ်ပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်သွားစေနိုင်တာ ဖြစ်ပါတယ်။ ဒါကို ဂရုမစိုက်ဘဲ မကုသဘဲ ပစ်ထားမယ်ဆိုရင် နာတာရှည် ဖြစ်လာပြီး အသည်းခြောက်တဲ့ ဝေဒနာကို ခံစားရမှာဖြစ်တဲ့အပြင် နောက်ပိုင်းမှာ အသည်းကင်ဆာအထိ ဖြစ်သွားမှာ ဖြစ်ပါတယ်။

  A ပိုး ဘယ်လိုကူးသလဲ။

အစားအသောက်တို့၊ ဗိုင်းရပ်စ်ပိုး ပါဝင်တဲ့ စွန့်ပစ်ပစ္စည်းတို့ မစင်တို့ စတာတွေကတစ်ဆင့် ကူးတာ ဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသားချင်း ချစ်ကြသူတို့ တူနှစ်ကိုယ် ချစ်ရည်လူးလို့ တစ်တီတူးလုပ်ကြတဲ့အခါ ရှိသမျှအကုန် နှိုက်မယ် မဟုတ်လား။ ပါးစပ်တွေ လက်ချောင်းတွေလည်း သုံးကြတယ်လေ။ အဲဒီကတစ်ဆင့် A ပိုးဗိုင်းရပ်စ်  က ဝင်သွားပြီး တော့ အသည်းကို မသွားခင် အူမကြီးကို အရင်ရောက်ပါတယ်။ ၁ ပတ် ကနေ ၂ ပတ်အတွင်း အစွမ်းပြတော့တာ ပါပဲ။ အစားအသောက်ပျက်မယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ အသည်းရောင်အသားဝါ ဖြစ်တဲ့ လက္ခဏာမျိုးတွေ ခံစားလာရမှာ ဖြစ်ပါတယ်။ အဲဒီမှာ သေသေချာချာ မကုသဘူးဆိုရင် အသည်းပျက်စီးတဲ့ အဆင့်ကနေတစ်ဆင့် အသက်ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။

 

A ပိုး ကာကွယ်ဆေး

A ပိုးတွေ့ရှိထားပြီးသား လူတစ်ယောက်၊ ထပ်ပြီးတော့ မဖြစ်ချင်တော့ဘူးဆိုရင် Hepatitia A Vaccination ထိုးထားခြင်းအားဖြင့် တစ်သက်တာ အတွက် ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါတယ်။  ကာကွယ်ဆေးက အသက် ၁ နှစ် နဲ့ အထက် ဆိုရင် ထိုးလို့ရပါပြီ။ ကလေး ၁ နှစ်ဆိုရင် မိဘတွေက စပြီးတော့ အပြင်ခေါ်သွားတာတို့ ဘာတို့ နောက်ပိုင်းဆို ကျောင်းအပ်တာတို့ စသည်ဖြင့် အပြင်လောကနဲ့ စ ပြီး ထိတွေ့ တော့မှာ ဖြစ်လို့ အရေးကြီးပါတယ်။ အပြင်စာတွေလည်း စပြီးတော့ စားတော့မယ်။ လျှောက်ကိုင်ပြီး လက်ကို ပါးစပ်ထဲ ထည့်မယ်။ တွေ့ကရာ ကိုက်မယ် စတာတွေ လုပ်တော့မယ်လေ။ ဆေးက ၂ ကြိမ် ထိုးရပါမယ်။ ပထမတစ်ခါ ထိုးပြီး ၆ လ အကြာ မှာ ဒုတိယ အလုံးကို ထိုးရပါမယ်။ လူကြီးဆိုရင်၊ A ပိုးကို မကာကွယ်ရသေးဘူးဆိုရင် ၆ လ ကနေ ၁၂ လ အတွင်း ဒါမှမဟုတ် ဆရာဝန်က လိုအပ်သလို ညွှန်ကြားတဲ့အတိုင်း ထိုးရပါမယ်။

 

A ပိုး ကာကွယ်ဆေး ထိုးထားသင့်သူများ

  • A ပိုးတွေပျံ့နှံ့ပြီး ကူးစက်နိုင်တယ်လို့ ယူဆတဲ့ ပတ်ဝန်းကျင်ကို သွားမယ့်သူတွေ ၁ လကြိုတင်ပြီး ထိုးထားသင့်ပါတယ်။
  • A ပိုး ကူးစက်ခံထားရသူတွေနဲ့ အတူ နေတဲ့သူတွေ။
  • အလုပ်ထဲမှာ A ပိုး ကူးစက်နိုင်ချေရှိသူတွေဖြစ်တဲ့ ပိုးရှိပြီးသား လူတို့ တိရစ္ဆာန်တို့နဲ့ လက်ပွန်းတတီး နေရသူတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတို့၊ ရေဆိုးကို ကိုင်တွယ်ရတဲ့သူတို့ စတဲ့သူတွေ။
  • လိင်တူချစ်ကြတဲ့သူတွေ (အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်)
  • တရားမဝင်မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေ။
  • နာတာရှည် အသည်းရောဂါ ခံစားနေရသူတွေ။
  • ဆေးရုံတို့ ဓာတ်ခွဲခန်းတို့မှာ အလုပ် လုပ်နေရသူတွေ။
  • အစားအသောက် ကိုင်တွယ်ရတဲ့ စားဖိုမှူးတို့ ဘာတို့ စတဲ့သူတွေဟာ A ပိုး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

B ပိုး ဘယ်လို ကူးသလဲ။

Hepatitis B Virus (HBV) ပိုး - B ပိုး က ပို အန္တရာယ်ကြီးပါတယ်။ သူက သွေးတို့၊ သုက်ရည်တို့၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကတစ်ဆင့် ကူးပါတယ်။ သေသေချာချာ မကုဘူးဆိုရင် နာတာရှည် အသည်းရောင်တာကတစ်ဆင့် အသည်းပျက်စီးတာ၊ အသည်းခြောက်တာတွေဖြစ်လာပြီး အသည်းကင်ဆာ အဆင့်ကို ကူးသွားမှာဖြစ်ပါတယ်။ ကူးတာကတော့ မွေးတဲ့အချိန်တို့၊ သွေးတွေဘာတွေ ကိုင်တွယ်ရတဲ့ အချိန်တို့၊ B ပိုး ရှိသူရဲ့ သွေးထွက်နေတဲ့အနာကို ကိုင်မိတာတို့၊ ဆက်ဆံတာတို့၊ ပိုးရှိသူသုံးစွဲတဲ့ ချွန်ထက်တဲ့ အရာတွေဖြစ်တဲ့ အပ်တို့၊ မုတ်ဆိတ်ရိတ်ဓားတို့၊ သွားပွတ်တံ တို့ စတာတွေကို အတူတူ မျှဝေ သုံးစွဲတာကနေတစ်ဆင့် ကူးပါတယ်။

 

B ပိုး ကာကွယ်ဆေး

အသည်းကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ဟာ B ပိုးကူးစက်ခံရမှုကနေစတင်တာဖြစ်လို့ B ပိုး ကာကွယ်ဆေးထိုးတာဟာ အသည်းကင်ဆာကို ကနဦးကာကွယ် လိုက်တာပဲ ဖြစ်ပါတယ်။  B ပိုး ကာကွယ်ဆေးမှာ surface antigen (HbsAg) ပရိုတိန်း ပါဝင်ပြီး ကိုယ်ခန္ဓာကို B ပိုး ကူးစက်ခံရတဲ့အခါ ထွက်လာမယ် ကာကွယ်ခုခံနိုင်စွမ်းအားတွေ ထွက်လာစေအောင် နှိုးဆွပေးထားလိုက်တာပဲ ဖြစ်ပါတယ်။ ၃ ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ မွေးမွေးချင်း ၁ ကြိမ်၊ ၁လ ခြားပြီးတော့ နောက် ၁ ကြိမ် နဲ့ ၅ လ အကြာမှာ နောက် ၁ ကြိမ် ထိုးရမှာဖြစ်ပါတယ်။


ဒီ ၃ ကြိမ်လုံး ထိုးပြီးပြီဆိုရင် အများစုဟာ တစ်သက်တာအတွက် ၉၇%  ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။ တတိယအလုံး ထိုးပြီးတဲ့နောက် ၁ လ ကနေ ၂ လ အတွင်းမှာ ဆေး အောင် မအောင် စစ်ဆေးရမှာ ဖြစ်ပါတယ်။ မအောင်သေးဘူးဆိုရင် နောက်တစ်လုံး ထပ်ထိုးဖို့ ဆရာဝန်က လိုအပ်သလို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ 

B ပိုး ကာကွယ်ဆေး ထိုးထားသင့်သူများ

  • မွေးမွေးချင်းနဲ့ မွေးကင်းစကလေးများ၊ မွေးဖွားသည့်အချိန်က ကာကွယ်ဆေး မထိုးခဲ့ရသူများ။
  • B ပိုး ရှိသူနဲ့ အတူ အလုပ်လုပ်နေရသူများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ ဆေးရုံဝန်ထမ်းများ။
  • နာတာရှည် အသည်းရောင်ရောဂါ ခံစားနေရသူများ။
  • နာတာရှည် ကျောက်ကပ်ဆေးနေရသူများ။
  • ပုံမှန်သွေးသွင်းကုသမှုခံယူနေကြရသူများ။
  • တရာမဝင်မူးယစ်ဆေး အကြောထဲ ထိုးသွင်းနေကြသူများ။
  • B ပိုး ကူးစက်နိုင်သည့် ပတ်ဝန်းကျင်သို့ သွားရောက်ကြမည့်သူများ။
  • လိင်မှုရေးရာကိစ္စများကို မကြာခဏ ဆောင်ရွက်ခြင်း နဲ့ လိင်ဆက်ဆံဖော် မကြာမကြာ ပြောင်းလဲခြင်း စတဲ့ ရောဂါကူးစက်နိုင်ချေ အန္တရာယ်များတဲ့ အမူအကျင့် ရှိတဲ့သူများ စသူတွေဟာ B ပိုး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

အဲဒီတော့ အသည်းရောင် ဗိုင်းရပ်စ်ကလည်း တစ်မျိုးနဲ့တစ်မျိုး မတူတဲ့အပြင် ကာကွယ်ဆေးဆိုတာကလည်း တစ်မျိုးကို ဗိုင်းရပ်စ်တစ်မျိုးပဲ ကာကွယ်ပေးနိုင်တာ ဆိုတော့ကာ.. ဆေးထိုးမယ့်သူဟာ သူကာကွယ်ဖို့ လိုအပ်တဲ့ ဗိုင်းရပ်စ်အတွက် မှန်ကန်တဲ့ ကာကွယ်ဆေးကို ရွေးချယ် ထိုးနှံနိုင်ဖို့ လိုအပ်ပါတယ်။ ခုတော့ A  ရော  B ပါ ကာကွယ်ပေးနိုင်တဲ့  ၂မျိုးပေါင်း ကာကွယ်ဆေးတော့ ပေါ်နေပြီ ဖြစ်ပါတယ်။ ဒါတွေအကြောင်းအသေးစိတ် သိချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးရုံမှာ ဆက်ပြီးတော့ မေးမြန်းနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။