အစာအိမ်ထဲက H.Pylori ဘတ်တီးရီးယားပိုး (သို့)အစာအိမ်ပိုး ရဲ့ ရာဇဝင်

အစာအိမ်ထဲက H.Pylori ဘတ်တီးရီးယားပိုး (သို့)အစာအိမ်ပိုး ရဲ့ ရာဇဝင်

အနှစ်ချုပ်

  • အစာအိမ်ရောင်ခြင်း ဟာ အစာချေအက်ဆစ်များကအစာအိမ်နံရံ ကိုဖျက်စီးခြင်း ၊ စိတ်ဖိစီးမှု ၊ တစ်နေ့တာရဲ့မစားသင့်တဲ့အချိန်မှာ အစားများ စားမိခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ တချို့သောဆေးဝါး များကိုသောက်ခြင်း စတဲ့ အကြောင်းအရင်းများကြောင့် ဖြစ်ပွားရတာပါ။ ဒါပေမယ့် ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းကတော့ Helicobacter Pylori Bacteria (သို့) H.Pylori ဘတ်တီးရီးယား ခေါ် အစာအိမ်ပိုး တစ်မျိုး ကြောင့်ဖြစ်ပါတယ်။
  • တစ်အိမ်တည်းမှာအတူနေသူများ (သို့) အစားအသောက်အတူတူစားသုံးသူ များ မှာ အစာအိမ်ပိုး ကူးစက်ခံရနိုင်ခြေများပြီး သေချာရောဂါ ရှာဖွေစစ်ဆေးဖို့လိုပါတယ်။
  • အစာအိမ်ရောင်ခြင်းဟာ မကုသဘဲထားလိုက်မယ်ဆိုရင် အသေးစား ပြဿနာ အဆင့်ကနေ နာတာရှည်အဆင့်အထိ ကြီးထွားနိုင်ပြီး အစာအိမ်ကင်ဆာ ကဲ့သလို့ အန္တရာယ်များတဲ့ ရောဂါအထိဖြစ်နိုင်တာကြောင့် သေချာကုသသင့် ပါတယ်။

အစာအိမ်ရောင်ခြင်းဖြစ်စေတဲ့အကြောင်းအရင်းများကတော့ တစ်နေ့တာရဲ့ မစားသင့်တဲ့အချိန်မှာအစားများစားမိခြင်း ၊ အဆီအနှစ်များတဲ့ဟင်းလျာများ စားသုံးခြင်း ၊ အစာအိမ်ထဲဘာမှမရှိဘဲ အစာချေအက်ဆစ်များက အစာအိမ်အတွင်းနံရံများကိုတိုက်စားသွားခြင်း စတာတွေကြောင့်ဖြစ်ပြီး အနာတည်ခြင်းအထိဖြစ်လာနိုင်ပါတယ်။
လက္ခဏာများအနေနဲ့ အစာမစားခင်နဲ့ အစာ စားပြီးချိန် ဗိုက်အောင့်ခြင်းခံစားရပြီး ပေါ်လိုက်ပျောက်သွားလိုက်ဖြစ်ခြင်း ၊ တချို့သောလ္ခဏာများမှာ အစာစားပြီး ချိန်မှာ ပျောက်သွားခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ လူအများစုဟာ ဒီလို ရောဂါလက္ခဏာ တွေဟာ ကျန်းမာရေးအတွက် ပြဿနာမဖြစ်ဘူးလို့ နားလည်ထားကြပြီး လျစ်လျူရှုထားတတ်ပါတယ်။
ဒီလိုနဲ့ ဗိုက်အောင့်တဲ့အချိန်မှာ အက်ဆစ်ဖြေဆေး(Antacid)များ သောက်လိုက်ပြီး ဝေဒနာပျောက်ရင် မေ့ထားလိုက်ပြန်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းကတော့ အစာအိမ်ပြဿနာတွေကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပြီး သင့်လျော်တဲ့ ကုသမှုနည်းလမ်းနဲ့ ကုသခြင်းဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို မသိကျိုးကျွံပြုလိုက်တဲ့ ဝေဒနာတွေကနေ နာတာရှည်အဆင့်ထိ ရောက်သွားပြီး အစာအိမ်ကင်ဆာလိုမျိုး ပိုမိုကြီးထွားတဲ့ ရောဂါတွေ ဖြစ်လာနိုင်လို့ပါပဲ။

 

အစာအိမ်ရောင်စေတဲ့အကြောင်းအရင်းများ

အစာအိမ်ရောဂါပြဿနာများဟာ အစာချေအက်ဆစ်ရည် များ မညီမျှမှုကြောင့်ဖြစ်ပြီး အဆိုပါ အစောချေအက်ဆစ်ရည်များဟာ အစာအိမ် နံရံကို တိုက်စားသွားပါတယ်။ ဒါဟာ အဆီအဆိမ့်များတဲ့အစားအစာများစားခြင်း ကဲ့သို့ ကျန်မာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ စိုးရိမ်သောကဖြစ်မှု ၊ အစာစားဖို့လွတ်သွားခြင်း ၊ တစ်နေ့တာရဲ့ မစားသင့် တဲ့အချိန်ကျမှစားခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ တချို့သော ဆေးဝါးများသောက်ခြင်း စတဲ့ နေထိုင်မှု အလေ့အကျင့်ပုံစံများကြောင့်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်နေပါတယ်။ ဒါပေမယ့် ထည့်သွင်းစဥ်းစားရမယ့်တခြားသောအချက်ကတော့ Helicobacter Pylori Bacteria (သို့) H.Pylori ဘတ်တီးရီးယားပိုးကြောင့်လည်း အစာအိမ်ရောင် ခြင်း ဖြစ်စေနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ အစာအိမ်ရောင်ရောဂါ ကုသမှုခံယူသူများရဲ့ (၉၀) ရာခိုင်နှုန်းဟာ အစာအိမ်ထဲမှာတွေ့ရတဲ့ ဒီ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။

အစာအိမ်ပိုးကြောင့်ဖြစ်တဲ့ အစာအိမ်ရောင်ခြင်း

အစာအိမ်ပိုး (သို့) H.Pylori ဘတ်တီးရီးယားပိုး  လို့ ပိုပြီးလူသိများတဲ့ Helicobacter Pylori Bacteria ပိုးဟာ  အစာချေစနစ်တစ်ခုလုံးမှာ တွေ့ရှိနိုင်ပြီး အစားအသောက်မှသော် လည်းကောင်း ၊ မသန့်ရှင်းတဲ့ ဟင်းလျာသုံပစ္စည်းများကို မျှဝေအသုံးပြုခြင်းကြောင့်သော်လည်းကောင်း လူတစ်ဦးကနေတစ်ဦးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဟာ အစာချေစနစ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီး အစာအိမ်နံရံတွေမှာ ကပ်ငြိနေပါတယ်။

အစာချေရည်အက်ဆစ်များရဲ့ ဖျက်စီးမှုကြောင့် ဘတ်တီးရီးယားပိုး တော်တော် များများဟာ အစာအိမ်ထဲမှာ မရှင်သန်နိုင်ပါဘူး။ ဒါပေမယ့် H.Pylori ဘတ်တီးရီးယားပိုး  ရဲ့ ထူးခြားတဲ့ ဝိသေသ ကတော့ အစာအိမ်နံရံတစ်ရှူးတွေမှာ တွယ်ငြိရှင်သန်နေနိုင်ပြီး အစာချေအက်ဆစ်ရည် ရဲ့ ဖျက်စီးမှုကနေကာကွယ်နိုင်တဲ့ အယ်ကာလိုင်းပစ္စည်းတစ်မျိုးကို ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် H.Pylori ဘတ်တီးရီးယားပိုး  ဟာ အစာအိမ်တစ်ရှူးထဲရှိ ဆဲလ် များ ကြားထဲမှာ ပုန်းကွယ်နိုင်စွမ်းရှိပြီး ဆယ်စုနှစ်များစွာကြာတဲ့အထိ မည်သည့် လက္ခဏာမှမပြဘဲ လူတစ်ယောက်ရဲ့ အစာအိမ်ထဲမှာ ရှင်သန်နေနိုင်ပါတယ်။

ရုတ်တရက်ဖြစ်တဲ့ H.Pylori ဘတ်တီးရီးယားပိုး ကူးစက်မှု (သို့) အစာအိမ်ထဲမှာ ဘတ်တီးရီးယားပိုးတွေအများကြီးရှိနေမယ်ဆိုရင် အစာအိမ်ရောင်ခြင်း ၊ ဖျားခြင်း ၊ ဗိုက်အောင့်ဗိုက်နာခြင်းနှင့်အော့အန်ခြင်း တို့ကို ခံစားရပြီး မကြာခင်မှာပဲ ပြန်လည် သက်သာသွားတတ်ပါတယ်။ ရောဂါပိုးကူးစက်မှု အသေးစားအဆင့်ပဲရှိသေးတဲ့ လူနာတွေမှာတော့ ဘာ လက္ခဏာမှ ပြမှာမဟုတ်ပါဘူး။ ဒါပေမယ့် H.Pylori ဘတ်တီးရီးယားပိုးဟာ အစာအိမ်နံရံတွေကို ဖုံးအုပ်ထားတဲ့ အရိအချွဲများရဲ့ အက်ဆစ်ဒဏ်ခံနိုင်တဲ့ အလွှာထူများ ကြားထဲမှာ ပုန်းကွယ်ပြီး ရှိနေတာ ကြောင့် အစာအိမ်နံရံကို အားပျော့သွားစေပါတယ်။ အဲဒီကနေတစ်ဆင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာဖြစ်ခြင်း များ ခံစားရနိုင်ကာ ဒီ အခြေအနေနှစ်ခုစလုံးဟာ လူတစ်ယောက်အတွက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ 

အစာအိမ်ပိုးကူးစက်မှုနဲ့ဆက်စပ်နေတဲ့လက္ခဏာများ

  • တစ်ခါတစ်ရံရင်ညွန့်နေရာကနေတစ်ဆင့်ဗိုက်အောင့်ခြင်း
  • အစာမစားခင် (သို့) အစာ စားပြီးချိန်များမှာ နာကျင်ခြင်းကဲ့သို့ အစာစားချိန် နဲ့ပတ်သက်နေတဲ့ နာကျင်ခြင်းများ
  • ဗိုက်ထဲမှာ တင်းကျပ်ပြီးပူစပ်ပူလောင်ခံစားရခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • ပိုမိုဆိုးရွားတဲ့ ရောင်ရမ်းမှု အခြေအနေများမှာ အစာအိမ်(သို့) အူလမ်းကြောင်း အထက်ပိုင်းမှာ အနာဖြစ်ရာမှတစ်ဆင့် အစာချေစနစ်မှာသွေးထွက်ပြီး သွေးဝမ်းသွားခြင်း ၊ သွေးအန်ခြင်း (သို့) သွေးအားနည်းရောဂါများဖြစ်ခြင်း

H.Pylori ဘတ်တီးရီးယားပိုးကိုရောဂါရှာဖွေစစ်ဆေးခြင်း

လူနာကို အခြေခံကျန်းမာရေးရာဇဝင်မေးမြန်းစစ်ဆေးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာစမ်း သပ်စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် အောက်ပါစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်မှာဖြစ်ပါတယ်။
●    အစာအိမ်မှန်ပြောင်းအသုံးပြုပြီး အစာချေစနစ်မှ အသားစတစ်ရှူးယူ စစ်ဆေးပါမယ်။ ဒီလုပ်ဆောင်မှုဟာ အစွန်းတစ်ဖက်မှာ ကင်မရာတပ်ဆင် ထားတဲ့ Tube ကို လူနာရဲ့ ပါးစပ်ကနေတစ်ဆင့် အစာအိမ်ထဲကို ထည့်သွင်း လိုက်တာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် အနာဟုတ်မဟုတ် အစာအိမ် တစ်ရှူးစ ကို ထုတ်ယူစစ်ဆေးပြီး H.Pylori ဘတ်တီးရီးယားပိုး စစ်ဆေးမှု အတွက် ဓာတ်ခွဲခန်းကိုပို့ဆောင်မှာဖြစ်ပါတယ်။

  • ဒါ့အပြင် လူနာရဲ့ ဝမ်း(မစင်)ကို နမူနာယူပြီး H.Pylori ဘတ်တီးရီးယားပိုး (သို့) H.Pylori ဘတ်တီးရီးယားပိုးနဲ့ဆက်စပ်တဲ့ ပရိုတိန်းဓာတ်များကို စစ်ဆေးတဲ့ Stool Antigen Test ကို လုပ်ဆောင်ပါမယ်။ ဒီစမ်းသပ်မှုနည်းလမ်းဟာ (၄)နာရီမျှသာကြာမြင့်ပြီး တိကျမှု (၉၈) ရာခိုင်နှုန်း ရှိပါတယ်။

  • ဆရာဝန်ရဲ့ ညွှန်ကြားချက်အောက်မှာ Urea အသုံးပြုပြီးလုပ်ဆောင်ရတဲ့ လေမှုတ်ထုတ်ပြီးစစ်ဆေးခြင်း (သို့) Urea Breath Test နဲ့ စစ်ဆေးနိုင်ပါတယ်။ လူနာဟာ အထူးပြုလုပ်ထားတဲ့ ကိရိယာတစ်ခုထဲကို လေမှုတ်ထုတ်လိုက်ပြီး ၄င်းဟာ ပုံမှန်အသက်ရှူတာနဲ့ ယှဥ်မယ်ဆို အမိုးနီးယားမြင့်တက်မှုကို တိုင်းတာနိုင်ပါတယ်။ Urea ကနေ နမိုးနီးယားအဖြစ် အသွင်ပြောင်းနိုင်တာကြောင့် H.Pylori ဘတ်တီးရီးယားပိုး ရှိ မရှိဆိုတာကို အတည်ပြုပေးနိုင်ပါတယ်။ အမိုးနီးယားပမာဏများနေခြင်း ဟာ အစာအိမ်ထဲမှာ  H.Pylori ဘတ်တီးရီးယားပိုး ရှိနေတယ်ဆိုတဲ့ သဘော ပါပဲ။ Urea Breath Test နဲ့စစ်ဆေးခြင်းဟာ အထက်မှာဖော်ပြခဲ့တဲ့ စစ်ဆေးမှု နည်းလမ်းများလိုပဲ တိတိကျကျ သိရှိနိုင်ပါတယ်။

အစာအိမ်ပိုး H. pylori ကူးစက်မှုကိုကုသခြင်း

လူနာတစ်ယောက်ဟာ H.Pylori ဘတ်တီးရီးယားပိုးရှိတာကို သိရတဲ့အခါ ဆရာဝန်မှ သောက်ရမယ့်ပိုးသတ်ဆေးကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။  အစာအိမ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားပိုးဟာ တော်ရုံပိုးသတ်ဆေးကို မဖြုံပါဘူး။ အစာအိမ်ပိုးကို ကုသနိုင်တဲ့ ပိုးသတ်ဆေးတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဆေး(၂)မျိုး (၃) မျိုး လောက်ကတော့ လူနာတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အရ ဆရာဝန်ရဲ့ ညွှန်ကြား ချက်အပေါ်မူတည်ပြီး တစ်ပတ်-နှစ်ပတ် လောက် သောက်ဖို့လိုပါတယ်။

နောက်တစ်ချက်ကတော့ မိသားစုဝင်တစ်ဦးဦးမှာ H.Pylori ဘတ်တီးရီးယားပိုး ရှိပြီ ဆိုရင် ထမင်းတစ်ဝိုင်းတည်းအတူစားသူများ (သို့) မီးဖိုချောင်ပစ္စည်းအတူသုံးသူများ အနေနဲ့လည်း ရောဂါစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

H.Pylori ဘတ်တီးရီးယားပိုး ကို ကြိုတင်ကာကွယ်ခြင်း

  • အစားအသောက်များမပြင်ဆင်ခင် လက်ကိုသေချာဆေးကြောပါ။
  • ကျက်အောင်မချက်ထားတဲ့ ဟင်းလျာများအပါအဝင် မသန့်ရှင်းတဲ့ အစားအသောက် (သို့) ရေ/အအေး စတာတွေကို ရှောင်ကျဥ်ပါ။
  • မီးဖိုချောင်သုံးပစ္စည်းများ ၊ မီးဖိုချောင်သုံးဓါးများကို သန့်ရှင်းအောင်ထားပါ။
  • တကယ်လို့အစာချေစနစ်ပုံမှန်မဟုတ်ခြင်း (သို့) နာတာရှည်ဗိုက်အောင့် ဗိုက်နာခြင်းကို ခံစားနေရပြီဆိုရင် H.Pylori ဘတ်တီးရီးယားပိုး အပါအဝင် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ဖို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။

အစာအိမ်ရောင်ခြင်းဟာ ပုံမှန်အားဖြင့် အန္တရာယ်မရှိပေမယ့် မကုသဘဲထားလိုက်ရင် နာတာရှည်ဗိုက်အောင့်ဗိုက်နာ အခြေအနေကနေ အစာအိမ်ကင်ဆာအထိ ကြီးထွား လာနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ကုသမှုခံယူတာတောင်မှ  ဗိုက်အောင့်ခြင်း ၊ ရင်ပူခြင်း ၊ လေပွခြင်း စတာတွေဆက်လက်ခံစားနေရတယ်ဆိုရင် ၊ H.Pylori ဘတ်တီးရီးယားပိုး ရှိသူနဲ့ အနီးကပ်ထိတွေ့မှုရှိခြင်း (သို့) ကောင်းစွာမကျက်တဲ့ အသားတွေကို စားမိခြင်း ဖြစ်မယ်ဆိုရင် သင်ဟာလည်း အစာအိမ်ပိုးရှိဖို့ ရာခိုင်နှုန်း များပါတယ်။ ဒါဆိုရင်တော့ အန္တရာယ်ရှိတဲ့ အနေအထားတစ်ခုအထိ မရောက်ခင် မှာ ကုသမှုခံယူနိုင်ဖို့ နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။