”သည်းခြေကျောက်”ကို ဘယ်လိုရှာပြီး ဘယ်လိုကုမလဲ။

”သည်းခြေကျောက်”ကို ဘယ်လိုရှာပြီး ဘယ်လိုကုမလဲ။

သည်းခြေကျောက်ဆိုတာဘာလဲ?

သည်းခြေကျောက်ဆိုတာဟာ သူ့ရဲ့ နာမည်အတိုင်း သည်းခြေအိတ်အတွင်းမှာ တစ်ခါတစ်ရံပေါ်လာတတ်တဲ့ ကျောက်တုံးလေးများသဏ္ဍာန်ရှိတဲ့ အပိုင်းအစ လေးတွေဖြစ်ပါတယ်။ အဆိုပါ သည်းခြေကျောက်များဟာ အစာချေရည် (Digestive Fluid) ကို ကျောက်တုံးလေးများအဖြစ်အနည်ထိုင်လာပြီး မပြောပ လောက်အောင်သေးငယ်တဲ့အရွယ်အစားမှ စကာ ပင်ပေါင်ဘောလုံးအရွယ်အစား အထိ ပုံသဏ္ဍာန်နဲ့ အရွယ်အစားအမျိုးမျိုး ရှိတတ်ပါတယ်။  သည်းခြေကျောက်များဟာ အရွယ်ငယ်တဲ့အတုံးလေးများစွာပေါင်းစပ်ပြီး အစုအဖွဲ့နဲ့ တည်တတ်သလို အရွယ်ကြီးတဲ့ကျောက်တစ်ခုတည်းအနေနဲ့လည်း တည်တတ်ပါတယ်။ တချို့လူတွေအနေနဲ့ တစ်ခါတစ်ရံမှာ ဖော်ပြခဲ့တဲ့ ပုံစံ နှစ်ခုလုံးအနေနဲ့သည်းခြေကျောက်တည်တတ်ပါတယ်။ သည်းခြေကျောက်ဟာ သည်းခြေပြွန်လမ်းကြောင်း(Biliary Tract Duct) ကို ပိတ်ဆို့သွားတဲ့အခါမှာ တချို့လူတွေအနေနဲ့ Gallbladder Attack လို့ လူသိများတဲ့ သည်းခြေအောင့် ခြင်း(Biliary Colic) ကို ခံစားရတတ်ပါတယ်။ တချို့လူတွေအနေနဲ့ ဗိုက်အောင့် တတ်သလို ပျို့အန်ခြင်း၊ ဖျားနာခြင်းများနဲ့လည်း တွဲပြီး ဖြစ်တတ်ပါတယ်။

လူတွေမှာဘာကြောင့်သည်းခြေကျောက်တည်သလဲ?

သည်းခြေကျောက်ဟာ သည်းခြေရည်ပမာဏ မညီမျှမှုကြောင့်ဖြစ်တာပါ။ ကိုလက်စ်ထရောလ်ပမာဏ(သို့) သွေးနီဥဟေမိုဂလိုဘင်ပျက်စီးမှုကြောင့်ထွက် တဲ့ အဝါရောင်အရည်(Bilirubin)၊ ဆားဓာတ်ကုန်ခမ်းမှု စတဲ့ အချိုးအစားမညီမျှမှု များကြောင့်လည်း ဖြစ်တတ်ပါတယ်။ သည်းခြေအိတ်ဟာ လုံလောက်စွာ မစီးဆင်း နိုင်တဲ့အခြေအနေမှာလည်း သည်းခြေကျောက်တည်တတ်ပါတယ်။ ပြဿနာ အမျိုးအစားအပေါ်မူတည်ပြီး မတူညီတဲ့သည်းခြေကျောက်များဖြစ်ပေါ်တတ် ပါတယ်။

  • အဆီမှဖြစ်သောကျောက်( Cholesterol Stones)
  • ရောင်ခြယ်ကျောက်(Pigment Stones)

သည်းခြေကျောက်တည်စေတဲ့အကြောင်းအရင်းများ

  • အသက်(၄၀)နှင့်အထက်ရှိခြင်း။
  • အဝလွန်ခြင်း(သို့) ကိုယ်အလေးချိန်များလွန်းခြင်း။
  • အဆီများတဲ့အစားအစာ (သို့) ကိုလက်စ်ထရောလ်မြင့်မားစွာပါဝင်တဲ့ အစားအစာများကို အလွန်အကျွံစားသုံးခြင်း။
  • သန္ဓေတားဆေးကဲ့သို့ မ ဟော်မုန်း(Estrogen) ပါဝင်တဲ့ ဆေးဝါးများ သုံးစွဲခြင်း။
  • တချို့သောအဆီကျဆေးအမျိုးအစားများကိုသောက်သုံးခြင်း။
  • အလျှင်အမြန်ကိုယ်အလေးချိန်ကျဆင်းခြင်း။
  • သာလာဆီးမီးယားသွေးအားနည်းရောဂါ ကဲ့သို့ သွေးနီဥ အလျှင်အမြန် ပြိုကွဲစေသည့် သွေးရောဂါများ။

သည်းခြေကျောက်ရဲ့လက္ခဏာများ

သည်းခြေကျောက်တည်တဲ့သူတော်တော်များများဟာ ထင်သာမြင်သာတဲ့ လက္ခဏာမပြတတ်ပဲ ဒါကို အသံတိတ်သည်းခြေကျောက်(Silent Gallstones) လို့ သတ်မှတ်ကြပါတယ်။ ဒီလိုအမျိုးအစားမှာပါတဲ့သူတွေဟာ ဆိုးရွားတဲ့ လက္ခဏာ တစ်ခုမှ မခံစားရတဲ့အပြင် သူတို့ရဲ့ သည်းခြေနဲ့ အသည်း လုပ်ဆောင်ချက်တွေကိုလည်း ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ပါတယ်။

တကယ်လို့ သည်းခြေပြွန်ဟာ ပိတ်ဆို့နေတယ်ဆိုရင် အကျိုးဆက်အနေနဲ့ သည်းခြေအောင့်ခြင်း (Gallbladder Attack)ကို နာရီများစွာခံစားရပါတယ်။ ဒါဟာ သည်းခြေအိတ်အတွင်း စတင်ပြီး ဖိအားမြင့်တက်မှုကြောင့် ဖြစ်တာပါ။ ဒီလိုမျိုးအောင့်ခြင်းဟာ အစားအများကြီးစားပြီးတဲ့နောက်မှာ ဖြစ်လေ့ရှိပြီး သည်းခြေပြွန်အတွင်းမှ သည်းခြေကျောက်များ ရွေ့လျားသွားတဲ့အခါမှာ တဖြည်းဖြည်းသက်သာသွားပါတယ်။

ဒါပေမယ့်လည်း သည်းခြေကျောက်ဟာ အန္တရာယ်အလွန်များတဲ့ ရောဂါတစ်ခု အဖြစ်သိထားရပါမယ်။ အောက်ဖော်ပြထားတဲ့ လက္ခဏာတွေကိုစတင်ခံစားရပြီ ဆိုရင် (၁)ပတ်မှ (၂)ပတ်အတွင်း သေချာစစ်ဆေးသင့်ပါတယ်။

  • ဆိုးဆိုးရွားရွားလေတက်ခြင်းနှင့် လေပွခြင်း။
  • အဆီများတဲ့အစားအစာများစားပြီးနောက်အစာမကြေဖြစ်ခြင်း။
  • ညာဘက်နံရိုးများနေရာမှ အစာအိမ်အောင့်ခြင်းကိုခံစားရပြီး ၎င်းမှတစ်ဆင့် ပုခုံးနဲ့ နောက်ကျောညာဘက်ခြမ်းအထိအောင့်ခြင်း။

တစ်ခါတစ်လေမှာ အချိန်ကြာရှည်စွာသည်းခြေပြွှန်ပိတ်ဆို့ခြင်းကြောင့် သည်းခြေကျောက်တည်ခြင်းဟာ ပိုမိုပြင်းထန်တဲ့လက္ခဏာများ ပြတတ်ပါတယ်။ တစ်ခါတစ်လေမှာ သည်းခြေကျောက်များဟာ အစမှာ သည်းခြေပြွှန်ကို တိုက်ရိုက် ပိတ်ဆို့ပြီးအဲဒီမှတစ်ဆင့် အူရဲ့အစနေရာ (Duodenum) ကိုပါ ပိတ်ဆို့နေတတ် ပါတယ်။ ဒါဟာ ပန်ကရိယ(မုန့်ချိုအိတ်)ပြွန်ကို ဆိုးရွားစွာပိတ်ဆို့စေပြီး ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ခြင်း ကို ဖြစ်စေပါတယ်။ သည်းခြေကျောက်ကြောင့် ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ခြင်းရဲ့ လက္ခဏာ များက တော့ ဖျားခြင်း၊ အချိန်ကြာမြင့်စွာနာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသားဝါဖြစ်ခြင်း စတာတွေဖြစ်ပါတယ်။ တကယ်လို့ လူနာအတွက် လုံးဝမခံ မရပ်နိုင်ဖြစ်တဲ့အထိ အစာအိမ်အောင့်တယ်ဆိုရင်တော့ အရေးကြီးတဲ့ အခြေ အနေဖြစ်ပြီး (၂၄)နာရီအတွင်း ဆေးရုံကို အလျှင်အမြန် ပို့ဆောင်သင့်ပါ တယ်။ မကုသဘဲထားလိုက်မယ်ဆိုရင် သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

သည်းခြေကျောက်ကိုသေချာပေါက်ဖယ်ရှားရမယ်ဆိုရင် ကိရိယာသုံးပြီး သည်းခြေအိတ်ကိုခွဲစိတ်ဖယ်ရှားခြင်း (Gallbladder Laparoscopic Cholecystectomy) နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ အကြံပြုလိုပါ တယ်။

ဘယ်အချိန်မှာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမလဲ?

တကယ်လို့ သည်းခြေအောင့်ခြင်းကိုခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြ သင့်ပါတယ်။ သည်းခြေကျောက်ဟာ သူ့အလိုအလျောက် မရွေ့သွားဘူးဆိုရင် ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပုံမှန်အရောင်မဟုတ်တဲ့ဆီးသွားခြင်း စတာတွေကို အချိန်ကြာရှည်စွာခံစားရပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါ တယ်။ ဒီလက္ခဏာတွေဟာ သည်းခြေအိတ်၊ အသည်း(သို့) ပန်ကရိယ (မုန့်ချိုအိတ်) လုပ်ဆောင်မှုပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာဖြစ်ပါ တယ်။

ရှာဖွေခြင်း

အများစုကတော့ ကုပေးနေတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ သည်းခြေထဲမှာတည်နေတဲ့ကျောက်ကို အာလ်ထရာဆောင်းကနေတစ်ဆင့် ရှာလေ့ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သည်းခြေထဲမှာ ကျောက်တည်နေပြီဆိုတာ သိရဖို့ တခြား စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ကွန်ပျူတာတိုမိုဂရပ်ဖီ၊ endoscopic retrograde cholangiopancreatography လို့ခေါ်တဲ့ သည်းခြေအိတ်၊ သည်းခြေ၊ ပန်ကရိယ နဲ့ အသည်း စတာတွေကို မှန်ပြောင်းနဲ့ ကြည့်တာ၊ MRI ရိုက်ကြည့်တာ စ တာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ထဲမှာ ‘silent gallstones’ လို့ ခေါ်တဲ့ ဘာလက္ခဏာမှ မပြတဲ့ သည်းခြေကျောက် ရှိနေသူတွေဟာ အခြားမကျန်းမာမှုတွေကို စစ်ဆေးရင်နဲ့မှပဲ ကျောက်ရှိနေမှန်း သိကြရပါတယ်။


သွေးစစ်အဖြေတွေကိုကြည့်ပြီး သည်းခြေကျောက်ဖြစ်နိုင်ချေသတိပေးအချက်ပြမှုတွေဖြစ်တဲ့ သည်းခြေအိတ် ရောင်နေတာတို့ ၊သည်းခြေပြွန် ပိုးဝင်တာတို့ စတာတွေကတစ်ဆင့် လည်း သိရနိုင်ပါတယ်။ ဒါပေမယ့် သွေးစစ်တယ်ဆိုတာ အဖြေထွက်ဖို့ ရက် အတန်ကြာ စောင့်ရသေးတာပဲ။ တိကျတဲ့ အဖြေတစ်တစ်ခုရဖို့ ဓာတ်ခွဲခန်းမှာ အချိန်တစ်ခုပေးပြီး ဆန်းစစ် ရသေးတာပဲ။ တစ်ချို့ ကေ့စ်တွေမှာ ကနဦး ရောဂါရှာဖွေမှုမှာ လွဲခဲ့ရင် သည်းခြေကျောက်ရဲ့ ရောဂါလက္ခဏာတွေဟာ အခြားကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ အန်ချင်နေတာ၊ ကိုယ်ပူတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာတွေဟာ အစာအိမ်နာတာနဲ့ မသဲကွဲပဲ ဖြစ်နေ တတ်ပါတယ်။ အူအတက်ရောင်တာလား၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာဘက်ကလား၊ ပန်ကရိယမှာ များလား စသဖြင့် ဇဝေဇဝါ ဖြစ်တတ်ပါတယ်။

သည်းခြေကျောက်ကိုကုသခြင်း

  • အဆီမှဖြစ်သောကျောက် ( Cholesterol Stones)အတွက် ခွဲစိတ်စရာ မလို သည့်ကုသမှုနည်းလမ်း - တကယ်လို့ တခြား ကျန်းမာရေးပြဿနာများ (သို့) ကနဦးရောဂါပြဿနာများကြောင့် ခွဲစိတ်ကု သမှုနဲ့ အဆင်မပြေဘူး ဆိုရင် Cholesterol Stones အတွက် တခြားကုသမှု နည်းလမ်းတွေလည်း ရှိပါတယ်။ အသုံးများတဲ့ကုသမှုပုံစံကတော့ Endoscopic Retrograde Cholangiopancreatography(ERCP) နည်းလမ်းဖြစ်ပါတယ်။
  • Laparoscopic cholecystectomy: ကိရိယာအသုံးပြုပြီးသည်းခြေအိတ်ကိုဖယ်ရှားခြင်း (Laparoscopic cholecystectomy) - သည်းခြေကျောက်ကြောင့်နာကျင်မှုမရှိဘူး၊ အဆင်မပြေတာ မရှိဘူးဆိုရင် ခွဲစိတ်စရာမလိုပါဘူး။ ဒါပေမယ့် လက္ခဏာ စပြပြီဆိုရင် လူနာအနေနဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကို ခံယူဖို့လိုအပ်ပါတယ်။ ရုတ်တရက်နာလာတာမျိုးဆိုရင် ဆရာဝန်နဲ့ မြန်နိုင်သမျှ အမြန်ဆုံးဆွေးနွေးတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ သည်းခြေကျောက်အတွက် အဓိက ကုသမှုနည်းလမ်းတစ်ခုကတော့ သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း(Cholecystectomy)ဖြစ်ပြီး ရိုးရှင်း လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သည်းခြေအိတ်မပါဘဲနဲ့ သည်းခြေရည်များဟာ အသည်းမှတစ်ဆင့် အသည်းနဲ့ သည်းခြေပြွန် များကိုဖြတ်သန်းပြီး အူအစပိုင်း (Duodenum) ထဲကို တိုက်ရိုက်စီးဝင်သွား ပါတယ်။ သည်းခြေအိတ်ဟာ သာမန် ခန္ဓာကိုယ်လုပ်ဆောင်မှုများအတွက် အရေးမကြီးပါဘူး။ သည်းခြေအိတ်မရှိဘဲနဲ့လည်း လူတစ်ယောက်ဟာ ဆိုးဆိုးရွားရွားပြဿနာဘာမှမရှိဘဲ သာမန်လူတစ်ယောက်အတိုင်း နေထိုင် သွားနိုင်ပါတယ်။

3D-4K နည်းပညာကိရိယာအသုံးပြုပြီးသည်းခြေအိတ်ကိုဖယ်ရှားခြင်း

သည်းခြေအိတ်ထုတ်တဲ့လူနာဟာ ဆေးရုံ ၂ ရက်လောက်တက်ဖို့ လိုအပ်ပြီး တစ်ပတ်အကြာမှာ ပုံမှန် အလုပ်တွေ ပြန်လုပ်နိုင်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆစ်မီတဝေ့ဆေးရုံကြီးမှာဆိုရင် နောက်ဆုံးပေါ် ခေတ်အမီဆုံး၊ ထိုးဖောက်မှုအနည်းဆုံးနည်းပညာဖြစ်တဲ့ 3D-4K နည်းပညာနဲ့ ကုသပေး နိုင်နေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာဆိုရင် မှန်ပြောင်းကတစ်ဆင့် ရှင်းလင်းပြီး ပြတ်သားမှုမြင့်မားတဲ့ အသေးစိတ်ပုံရိပ်တွေကို ကြည့်ရှုနိုင်ပြီး ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုအဆင့်တွေကို လက်တွေ့ကျကျ တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ အနီးကပ် ကြည့်ရမယ်ဆိုရင်လည်း ရှိပြီးသားကို ပုံကြီးချဲ့ ကြည့်တာမျိုးမဟုတ်ဘဲ မှန်ဘီလူးနဲ့ တကယ် အနီးကပ် ကြည့်နိုင်မယ် ဖြစ်ပါတယ်။

ဒီနည်းပညာနဲ့ဆိုရင် တစ်လက်မလောက်ဘဲ ခွဲစိတ်ဖို့ လိုအပ်ပါတယ်။ အဆင့်မြင့် 4K မော်နီတာကတစ်ဆင့် ခွဲစိတ်ဆရာဝန်ဟာ အထဲကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တွေ့နိုင်ပြီး လိုအပ်တဲ့ ခွဲစိတ်မှုကို တိတိကျကျ သေသေချာချာ နဲ့ အန္တရာယ်ကင်းကင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ခွဲစိတ်မှု မစတင်ခင်မှာ နာကျင်မှုများမှ သက်သာစေဖို့ မေ့ဆေးပေးထားမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ခွဲစိတ်ဆရာဝန်ဟာ အသည်း နဲ့ သည်းခြေပြွန်များကြားက သည်းခြေအိတ်ကို ခွဲထုတ်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အသေးဆုံး ခွဲစိတ်မှုလေးကို လုပ်လိုက်မှာဖြစ်ပါတယ်။ ခုပြောပြခဲ့တဲ့ ထိုးဖောက်မှုအနည်ဆုံး နောက်ဆုံးပေါ် ခွဲစိတ်မှုနည်းပညာကြောင့် ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ လူနာတွေဟာ နာကျင်မှုအနည်းဆုံး ခွဲစိတ်ကုသမှု ပြီးတဲ့နောက် ဘေးအန္တရာယ်ကင်ရှင်းစွာနဲ့ အချိန်မဆိုင်းဘဲ အလုပ်ခွင်ကို ပြန်ဝင်နေနိုင်ကြပြီ ဖြစ်ပါတယ်။

 

”သည်းခြေကျောက်”ကို ဘယ်လိုရှာပြီး ဘယ်လိုကုမလဲ။

နောက်ဆုံးပေါ်နည်းပညာများနဲ့ပေါင်းစပ်ထားတဲ့ ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်ကုသမှု (MIS)

Learn more

References

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။