ကလေးအတက်ရောဂါ - ကုသမှု နှင့် ကလေးမှာအတက်ရောဂါဖြစ်လာရင် လုပ်ဆောင်သင့်ဆုံးအရာ

ကလေးအတက်ရောဂါ - ကုသမှု နှင့် ကလေးမှာအတက်ရောဂါဖြစ်လာရင် လုပ်ဆောင်သင့်ဆုံးအရာ

ကလေးအတက်ရောဂါ - ကုသမှု နှင့် ကလေးမှာအတက်ရောဂါဖြစ်လာရင် လုပ်ဆောင်သင့်ဆုံးအရာ

•    တကယ်လို့ ကလေးငယ်တစ်ယောက်ဟာ တက်နေတယ်ဆိုရင် စိတ်အေးအေး ထားပြီး အာရုံစူးစိုက်မှုရှိဖို့ အရေးကြီး ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူ့အတွက် လုံခြုံတဲ့နေရာတစ်ခုကိုဖန်တီးပေးပြီး ဖုန်းနဲ့ ဗီဒီယို မှတ်တမ်းတင်ထားဖို့ လိုပါတယ်။ တကယ်လို့ တက်နေတာ (၅)မိနစ်ထက် ပိုကြာနေပြီဆိုရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။
•   ကလေးများမှာ အကြောင်းအရင်းမရှိဘဲနဲ့သော်လည်းကောင်း၊ တခြား အကြောင်းအရင်းတစ်ခုခုနဲ့တွဲပြီးတော့သော်လည်းကောင်း (၂၄)နာရီခြားပြီး တက်တာကိုခံစားရမယ်ဆိုရင် အတက်ရောဂါ(Epilepsy) အဖြစ် သတ်မှတ်နိုင် ပါတယ်။ တကယ်လို့ သင်တို့ရဲ့ သား(သို့) သမီးက တစ်ကြိမ် တက်နေပြီ ဆိုရင် ချက်ချင်းဆေးခန်းပြရပါမယ်။ အတက်ရောဂါ ဖြစ်နေပြီဆိုတာသိရတာနဲ့ ကုသမှုကိုစတင်နိုင်ပါတယ်။ ဒါကို အကောင်းဆုံးစီမံလုပ်ဆောင်နိုင်ပြီး တချို့ ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
•  အတက်ရောဂါခံစားနေရတဲ့ ကလေးငယ်အများစုဟာ အတက်ရောဂါ သက်သာစေတဲ့သောက်ဆေး (Anti-seizure Medication / ASM) အကူအညီ နဲ့ နဂိုအကောင်းအတိုင်းဘဝကို ပြန်လည်ရရှိနိုင်ပါတယ်။  လူနာကလေးငယ် (၆၀)-(၇၀) ရာခိုင်နှုန်းခန့်ဟာ သောက်ဖို့ညွှန်ကြားထားတဲ့ ASM ဆေးနဲ့ အဆင်ပြေနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ သား(သို့) သမီးဟာ တက်နေပြီဆိုရင် ပိုပြီး စိတ်အေးအေး ထားဖို့လိုအပ်တယ်ဆိုတာကို မိဘများအနေနဲ့ သဘောပေါက် နားလည်ထား ဖို့လိုပါတယ်။ အတက်ရောဂါဟာ လူအများသဘောပေါက်ထားတာထက် ပိုပြီး ကျယ်ပြန့်တာကြောင့် ကြောက်စရာကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

အတက်ရောဂါဟာ ကလေးများမှာ အဖြစ်အများဆုံး ဦးနှောက်နဲ့အာရုံကြောရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝန်းမှာ အတက်ရောဂါခံစားနေရတဲ့ ကလေးငယ်ပေါင်း သန်း(၅၀)ခန့်ရှိတယ်လို့ဆိုပါတယ်။

ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မိဘများ၊ ဆရာမများ အနေနဲ့ တက်နေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ နဲ့ ဘယ်လိုပုံစံမျိုး တက်တယ်ဆိုတာကို ကောင်းစွာသိရှိထားဖို့လိုပါတယ်။ ဒါမှသာ အကျိုးရှိအောင်မြင်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

တက်ခြင်းနှင့် ကလေးများမှာဖြစ်တဲ့အတက်ရောဂါကိုရှာဖွေခြင်း


•   တက်ခြင်း(seizure)ဟာ လူနာတစ်ဦးမှာပြတတ်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။
•   အတက်ရောဂါ(Epilesy) ဟာ တက်ခြင်းရောဂါတစ်ခုဖြစ်ပါတယ်

အယူလွဲမှားနေတဲ့အချက်တစ်ချက်ကတော့ တက်ခြင်း(seizure)ပုံစံအားလုံးဟာ အတက်ရောဂါ(Epilesy) ကြောင့်ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ အတက်ရောဂါ(Epilesy) ဟာ တက်ခြင်း(seizure)ကြောင့်ဖြစ်တဲ့ရောဂါတစ်ခုလို့သတ်မှတ်လို့ရပေမယ့် တက်တဲ့ သူတိုင်းမှာ အတက်ရောဂါ ဖြစ်နေတယ်လို့ ပုံသေမှတ်ယူလို့မရပါဘူး။

အတက်ရောဂါဘယ်လိုမျိုး အတည်ပြုသတ်မှတ်လို့ရလဲဆိုရင် -
•    အကြောင်းအရင်းမရှိဘဲ (၂၄)နာရီခြားပြီး နှစ်ကြိမ်တက်ခြင်း
•   ဦးနှောက်တစ်ရှူးမူမမှန်ခြင်း (သို့) ကလေးများဖွံ့ဖြိုးကြီးထွားမှုနှောင့်နှေးခြင်း စတဲ့ တခြားသောအကြောင်းအရင်းများကြောင့် တစ်ကြိမ်တက်ခြင်း

တစ်ခါတစ်လေမှာ ချွေးဓာတ်မညီမျှမှု၊ သွေးထွက်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း၊ ဦးနှောက် ထိခိုက်မိခြင်း စတဲ့အကြောင်းအရင်းများကြောင့် တက်ခြင်းကို ခံစားရနိုင်ပါတယ်။ ကလေးငယ်တစ်ယောက်ဟာ အကြောင်းအရင်းမရှိဘဲ ပထမဆုံးတစ်ကြိမ်တက်တယ် ဆိုရင် အတက်ရောဂါ(Epilepsy) ရှိ မရှိဆိုတာသိရဖို့ ဦးနှောက်လျှပ်စီးလှိုင်း ပုံရိပ် ဖော်ခြင်း (EEG) အပါအဝင် လိုအပ်တဲ့ စမ်းသပ်မှုများကို လုပ်ဆောင်ရပါမယ်။ ရောဂါရှာဖွေစစ်ဆေးမှုကို ရက်အနည်းငယ်အတွင်းမှာပဲ ပြုလုပ်နိုင်ပါတယ်။

တက်ခြင်းအမျိုးအစားများနဲ့ပုံစံများ

ကလေးငယ်တစ်ယောက်ရဲ့ တက်ခြင်းပုံစံနဲ့အမျိုးအစားဟာ ကလေးရဲ့ အသက်အပိုင်း အခြားအပေါ်မှာတည်ပါတယ်။ ဦးနှောက်တစ်ခုလုံးကိုသက်ရောက်တဲ့တက်ခြင်း (Generalized Seizures) ဟာ ဦးနှောက်ရဲ့ နှစ်ဖက်စလုံးကို သက်ရောက်မှုရှိပြီး ဦးနှောက်တစ်ဖက်တည်းကိုသက်ရောက်တဲ့တက်ခြင်း (Focal Seizures) ကတော့ ဦးနှောက်ရဲ့ တစ်ဖက်တည်းမှာသာလျှင် သက်ရောက်မှုရှိပါတယ်။ နှစ်မျိုးစလုံးမှာ ဝိသေသလက္ခဏာတွေတစ်သမတ်တည်းဖြစ်တဲ့ တက်ခြင်းပုံစံအများကြီး ရှိနေပြန်ပါတယ်။

ဦးနှောက်တစ်ခုလုံးကိုသက်ရောက်တဲ့တက်ခြင်း (Generalized Seizures)

ဦးနှောက်တစ်ခုလုံးကိုသက်ရောက်တဲ့တက်ခြင်း (Generalized Seizures) အမျိုးအစားမှာ အောက်ပါ တက်ခြင်းအမျိုးအစားများပါဝင်ပါတယ်။
•    ကြွက်သားများတောင့်တင်းပြီးဆတ်ခနဲတက်ခြင်း (Tonic-Clonic Seizures) - ကလေးများမှာ အဖြစ်အများဆုံးပုံစံတစ်မျိုးဖြစ်ပြီး အကြောဆွဲခြင်း၊ လှုပ်ရမ်းခြင်း၊ ဆန့်ငင်ဆန့်ငင်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
•    ဆတ်ခနဲသိမ့်ခနဲတက်ခြင်း(Myoclonic Seizures) – ဒီ တက်ခြင်းအမျိုးအစားက တော့ ဓာတ်လိုက်သလိုမျိုး ရုတ်တရက် ဆတ်ခနဲ တုန်သွား တောင့်သွားပြီး တက်ခြင်း ဖြစ်ပါတယ်။
•    သတိကင်းလွတ်သွားကာတက်ခြင်း (Absence Seizures) - ဒီလို တက်ခြင်းအမျိုးအစားကိုခံစားရတဲ့ကလေးငယ်ဟာ ဘာကိုမှ မတုန့်ပြန်နိုင် တော့ဘဲ အဝေးကိုသာ စိုက်ကြည့်နေတတ်ပါတယ်။ ဒီ တက်ခြင်းအမျိုးအစား ဟာ တခြားအမျိုးအစားများထက် ပိုမြန်ဆန်ပြီး သတိမထားမိတာမျိုး ဖြစ်ဖို့ လွယ်ကူပါတယ်။
•    မွေးကင်းစကလေးငယ်များမှာတက်ခြင်း(Infantile spasm)  - ဒီအမျိုး အစားကတော့ ကလေးငယ် ရဲ့ ခြေရော လက်ရော နှစ်မျိုးစလုံးရဲ့ လှုပ်ရှားမှုဟာ ဆက်ခနဲဆတ်ခနဲ ဖြစ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ မွေးကင်းစကလေး ငယ်ငယ်လေးတွေမှာ ပိုပြီးအကြိမ်ကြိမ်ဖြစ်နိုင်ပါတယ်။
•    ဦးနှောက်တစ်ဖက်တည်းကိုသက်ရောက်တဲ့တက်ခြင်း (Focal seizures)
•    ဦးနှောက်တစ်ဖက်တည်းကိုသက်ရောက်တဲ့တက်ခြင်း မှာ အောက်ပါ အမျိုးအစားတွေပါဝင်ပါတယ်။
•    ဦးနှောက်တစ်ဖက်ခြမ်းမှာတက်ခြင်း (Simple Focal Seizire) - တက်တဲ့အခါ ခန္ဓာကိုယ်တစ်ဖက်ခြမ်းရဲ့ တစ်စိတ်တစ်ပိုင်း (သို့) ကြွက်သားအုပ်စုမှာ ထိန်းချုပ်မရနိုင်တဲ့ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။
•    Complex Focal Seizures - ဒီအမျိုးအစားတက်ခြင်းမှာ ကလေးငယ်ဟာ ပုံမှန် မဟုတ်တဲ့ အပြုအမူတွေလုပ်လေ့ရှိပြီး ပတ်ဝန်းကျင်ကိုလည်း သတိမမူမိတော့ပါဘူး။

ကလေးငယ်တွေတက်တဲ့အချိန်မှာဘယ်လိုလက္ခဏာတွေပြလဲ

တက်တဲ့အချိန်ပြတဲ့လက္ခဏာနဲ့ ပုံစံဟာ ကလေးတစ်ယောက်နဲ့တစ်ယောက် မတူညီတာကြောင့် ဘာကို စောင့်ကြည့်ရမှာလဲဆိုတာ မသိနိုင်ပါဘူး။ တစ်ခါတစ်လေ မှာ ပုံမှန်လုပ်နေကျ အပြုအမူနဲ့တင် ပြီးသွားတာလည်းရှိပါတယ်။ ဒီလိုအခြေ အနေဆိုရင် အတက်ရောဂါ(Epilepsy) ရှာဖွေမှုနဲ့ ကုသမှုဟာ နောက်ကျသွားပါတယ်။

အောက်ပါလက္ခဏာ(သို့)အပြုအမူတွေ ရှိနေတယ်ဆိုရင် ကလေးငယ်ဟာ တက်နေပြီ လို့ မှတ်ယူလို့ရပါတယ်။

  • ခန္ဓာကိုယ်တစ်ခုလုံး(သို့) ခြေ (သို့) လက် စတဲ့ အစိတ်အပိုင်းတွေမှာ ဆတ်ခနဲ တုန့်ခနဲဖြစ်ခြင်း
  • မမျှော်လင့်ဘဲရုတ်တရက်လဲကျခြင်း
  • ခံစားချက်မရှိဘဲအဝေးကိုငေးနေခြင်း (သို့) ပတ်ဝန်းကျင်မှဖြစ်ပျက်သမျှကို တုန့်ပြန်မှုမရှိခြင်း
  • သဘာဝအတိုင်းမဟုတ်ဘဲ လျှောက်သွားနေခြင်း (သို့)ရွေ့လျားလှုပ်ရှားနေခြင်း
  • အဝတ်အစား (သို့)ဘာမှမရှိတဲ့လေကိုတောင် ဆွဲကိုင်ဆုပ်ခြင်း (သို့) ကိုယ့်နှုတ်ခမ်းကိုယ် အကြိမ်ကြိမ်စုပ်ခြင်း

ကလေးငယ်ဟာ အောက်မှာဖော်ပြထားတဲ့ နှုတ်အမူအရာလက္ခဏာတွေ တွေ့ရပြီ ဆိုရင် တက်နေတယ် (သို့) တက်ခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။

  • ကလေးငယ်ရဲ့ပါးစပ်မှာ ပုံမှန်မဟုတ်တဲ့အနံ့ (သို့) ဆိုးဆိုးရွားရွားအရသာ ရနေတဲ့အကြောင်းကိုပြောပြခြင်း
  • တစ်ဆစ်ဆစ်ဖြစ်နေတဲ့ခံစားမှု (သို့) အထိအတွေ့ထုံနေတဲ့အကြောင်း ပြောပြခြင်း
  • ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေ

ကလေးငယ်များဟာ တက်ပြီ ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတွေထဲက တစ်ခုအထက်ကို ခံစားရတတ်ပါတယ်။  ကိုယ့်ကလေးက တက်နေပြီဆိုတာ သိရတယ်ဆိုရင် ဖြစ်ပျက်သမျှအကြောင်းအရာများကို ချရေးပြီးမှတ်ထားဖို့ လိုအပ် သလို ဖြစ်ခဲ့တဲ့အချိန်အတိုင်းအတာကိုလည်း မှတ်ထားရပါမယ်။

ကလေးတစ်ယောက်တက်နေပြီဆိုရင်ဘာတွေကြုံတွေ့ရနိုင်မလဲ?

တက်တဲ့အဆင့် (၃)ဆင့်ရှိပါတယ်။

မတက်ခင်အချိန်
ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေ (သို့) လူငယ်တွေမှာ ပုံမှန်မဟုတ်တဲ့ ထိတွေ့ခံစားမှု (သို့) ရှေ့ပြေးလက္ခဏာ ကို အရင်တွေ့ရမှာဖြစ်ပါတယ်။ နည်းနည်းငယ်သေးတဲ့ ကလေးတွေအတွက် ဒါကို နားလည်အောင်ရှင်းပြဖို့ အခက်အခဲရှိနိုင်ပါတယ်။ တချို့ ဆိုရင် မိဘ (သို့) သူတို့ယုံကြည်ရတဲ့ ဆရာမ ကိုသွားပြေးဖက်တာမျိုး၊ စိုးရိမ်ထိတ်လန့် တဲ့အမူအရာနဲ့ ဘေးပတ်ဝန်းကျင်ကိုကြည့်တာမျိုး ဖြစ်နိုင်ပါ တယ်။

တက်နေစဉ်အချိန်
တက်နေတဲ့အချိန်မှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကတော့ သူတို့ခံစားနေရတဲ့ ပုံစံ အပေါ်မူတည်ပါတယ်။ အများအားဖြင့် (၃)မိနစ်ကနေ (၅)မိနစ်ကြားမှာရှိပါတယ်။

တက်ပြီးတဲ့အချိန်
တက်တာကိုခံစားရပြီးနောက်အခြေအနေကို တက်ခြင်းကနေ ပြန်လည်ပြေလျော့ တဲ့အခြေအနေ (Postictal State) လို့ခေါ်ပါတယ်။ ဒီအချိန်မှာ ကလေးငယ်ဟာ ထင်ယောင်ထင်မှားဖြစ်ခြင်း(သို့) အမြင်အာရုံဝေဝါးခြင်း ကြောင့် အိပ်ချင်မူးတူးဖြစ်ခြင်း (သို့)မူးဝေခြင်းကိုခံစားရနိုင်ပြီး စကားမပြောနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေဟာ သာမန်အားဖြင့် (၁၅)မိနစ်- မိနစ်အခြေ(၃၀) လောက်ကြာရင်ပျောက် သွားတတ်ပေမယ့် တစ်ခါတစ်လေမှာလည်း တစ်နာရီထက်ပိုပြီး ကြာတတ်ပါတယ်။ မိနစ်(၆၀)ကျော်လို့မှ ကလေးငယ်ဟာ ပုံမှန်အသိအတိုင်း ပြန်မဖြစ်သေးဘူးဆိုရင် နောက်တစ်ကြိမ်ပြန်တက်ခြင်း (သို့) ဆေးကုသမှုလိုအပ်တဲ့ တခြားပြဿနာ တစ်ခုခု ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

သင့်ကလေးက တက်နေပြီဆိုရင် ဘာလုပ်သင့်သလဲ?

ကိုယ့်ကလေးငယ်မှာ ပုံမှန်ဟုတ်တဲ့ လှုပ်ရှားရွေ့လျားမှု ၊ ကြီးကြီးမားမားမဟုတ်ဘဲ ဆန့်ငင် ဆန့်ငင်ဖြစ်ခြင်း၊ အကြောဆွဲခြင်း စတာတွေ ရှိ မရှိ စောင့်ကြည့်ဖို့ လိုအပ်ပြီး ဒါဟာ တက်တဲ့ လူအများစုမှာတွေ့ရတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ တက်နေတယ်ဆိုတာ သိရပြီဆိုရင် စိတ်အေးအေးထားကာ တောက်လျှောက်စောင့်ကြည့် ဂရုစိုက်ပြီးအောက်ပါ အချက်တွေအတိုင်း လုပ်ဆောင် ပေးဖို့လိုပါတယ်။

•   ကလေးငယ်ရဲ့အနီးနားမှာရှိတဲ့ ရှပြီးချွန်ထက်တဲ့ အရာတွေကိုဖယ်ရှားပြီး ရေကူးကန်လိုမျိုး အန္တရာယ်ဖြစ်နိုင်တဲ့နေရာနဲ့အဝေးမှာ ရှိနေစေခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရပါမယ်။ အဆင်ပြေတယ်ဆိုရင် ကလေးဘေးမှာနေပြီး သူ့ကို စိတ်ဖြေသိမ့်ပေးရပါမယ်။
•   စပြီး တက်တဲ့အချိန်နဲ့ တက်တာ ပြီးသွားတဲ့အချိန်ကို ချရေးပြီးမှတ်ထားပါ။ ဖြစ်နိုင်ရင် ကလေးကို ဗီဒီယိုရိုက်ထားပါ။ ဒါဟာ ဆရာဝန်အတွက် ဘယ်လိုပုံစံ အမျိုးအစားတက်ခြင်းဆိုတာကို ဆုံးဖြတ်နိုင်ဖို့နဲ့ အတက်ရောဂါ(Epilepsy) အဖြစ် အတည်ပြုသတ်မှတ်န်ိုင်ဖို့ အထောက်အကူပြုပါတယ်။
•    တက်ပြီးတဲ့အချိန် မိနစ် (၃၀)မှ မိနစ်(၆၀)အတွင်း ကလေးငယ်အနေနဲ့ ပုံမှန် အတိုင်းပြန်ပြီး အသိစိတ် ရ မရ ဆိုတာကိုကြည့်ရပါမယ်။ သူတို့ကို ရိုးရှင်းတဲ့ မေးခွန်းများမေးခြင်း၊ သာမန်တုန့်ပြန်မှုတွေအပေါ်မှာ စစ်ဆေးခြင်းဖြင့် ဒါကို လုပ်နိုင်ပါတယ်။

ကလေးငယ်ဟာတက်နေချိန်မှာ သူတို့လျှာကို မကိုက်နိုင်တာကြောင့် သင့်အနေနဲ့ သူ့ပါးစပ်ထဲကို တစ်ခုခု ထည့်ပေးချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တက်နေချိန်မှာ ပါးစပ်ထဲ အစားအစာတစ်ခုခုရှိနေတယ်ဆိုရင် အန္တရာယ်ကင်းဖို့အတွက် ဖယ်ရှား ပေးနိုင်ပါတယ်။

တကယ်လို့ တစ်ချိန်တည်းမှာ ကလေးနှစ်ယောက် (သို့) နှစ်ယောက်ထက်ပို ပြီး တက်နေတယ်ဆိုရင်လည်း ဒီနည်းလမ်းတွေအတိုင်းပဲ လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးငယ်အတွက် ဘေးကင်းလုံခြုံတဲ့ နေရတစ်ခုကိုပြင်ဆင်ဖန်တီးပေးပြီး ဂရုတစိုက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တက်ခြင်းအတွက်ဘယ်အချိန်မှာချက်ချင်းဆေးကုသမှုခံယူရမလဲ?

ခန့်မှန်းအားဖြင့် တက်တဲ့သူတွေရဲ့ (၇၀) ရာခိုင်နှုန်းလောက်က (၃)မိနစ်ကနေ (၅)မိနစ် အကြာမှာ သူ့အလိုလိုရပ်သွားပါတယ်။ တကယ်လို့ (၅)မိနစ်ကျော်တဲ့အထိ တက်တာ မပျောက်သေးဘူးဆိုရင် ကလေးကို ဆေးရုံချက်ချင်းပို့ရပါမယ်။ တက်ပြီးတဲ့နောက် (၁) နာရီကျော်အထိ ကလေးငယ်က တုန့်ပြန်နိုင်စွမ်းပြန်မရသေးဘူးဆိုရင်လည်း ချက်ချင်း ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။

အတက်ရောဂါကဘယ်အချိန်မှာစပြီးဖြစ်ပွားသလဲ?

အတက်ရောဂါအဖြစ်အများဆုံးအသက်အရွယ်ကတော့ (၂)နှစ်ကနေ (၁၀)နှစ်အရွယ် ဖြစ်ပါတယ်။ ဒါပေမယ့် အတက်ရောဂါဟာ မွေးကင်းစကလေးများမှာလည်း ဖြစ်နိုင်ပြီး တချို့ဆိုရင် လူငယ်ပိုင်းအရွယ်တွေမှာလည်း တွေ့ရတတ်ပါတယ်။

ကလေးငယ်တွေမှာဘာကြောင့်အတက်ရောဂါဖြစ်သလဲ?

အတက်ရောဂါအားလုံးရဲ့ တစ်ဝက်ကျော်ဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်း အရင်းမသိရပါဘူး။ ဒါပေမယ့်လည်း ဒါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပြီး ပျောက်ကင်းတဲ့ အထိ ကုသနိုင်ပါတယ်။

  • မွေးကင်းစကလေးငယ်များမှာ ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်တစ်ရှူးမူမမှန်ခြင်း (သို့) မွေးဖွားချိန်မှာ အောက်ဆီဂျင်လုံလောက်စွာမရခြင်း စတဲ့ အကြောင်းအရင်းများကြောင့် အတက်ရောဂါဖြစ်ပွားနိုင်ပါတယ်။
  • ရောဂါပိုးဝင်ခြင်းနဲ့ မွေးဖွားစဉ်မှာ ဒဏ်ရာရှိခဲ့မှုကြောင့်လည်း ကလေးများမှာ အတက်ရောဂါဖြစ်နိုင်ပါတယ်။
  • လူငယ်ပိုင်းအရွယ်များမှာ ခန္ဓာကိုယ်ခုခံအားချို့ယွင်းမှုကြောင့်ဖြစ်တဲ့ရောဂါ (Autoimmune Disease) နဲ့ ပုံမှန်မဟုတ်တဲ့ ဗီဇ(Genes) များကြောင့် အတက်ရောဂါဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာအတက်ရောဂါဖြစ်နိုင်ခြေများလဲ?

အောက်ဖော်ပြပါအချက်များထဲမှ တစ်ခုခုကိုခံစားနေရတယ်ဆိုရင် အတက်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။

  • ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
  • အော်တစ်ဇင် (Autism Spectrum Disorder)
  • ဦးနှောက်ထိခိုက်မိခြင်း
  • တချို့သောအရေပြားရောဂါပြဿနာများ
  • မွေးဖွားခဲ့စဉ်အချိန်အတွင်းအောက်ဆီဂျင်လုံလောက်စွာမရခဲ့ခြင်း
  • အဖျားတက်ပြီးနောက်ပိုင်းဖြစ်တဲ့တက်ခြင်း
  • မိသားစုထဲမှာ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးသူ (သို့) အတက်ရောဂါရှိခြင်း

အတက်ရောဂါအတွက်ကုသမှုများ

အတက်ရောဂါကို စပြီး ကုသမယ်လို့စဉ်းစားရင် လူနာတစ်ဦးချင်းစီရဲ့ရောဂါဖြစ်နိုင်ခြေအကြောင်းအရင်းများကို အခြေခံပြီး ရောဂါရှာဖွေမှု များစွာကိုပြုလုပ်ရပါမယ်။ ဦးနှောက်နဲ့အာရုံကြောစစ်ဆေးခြင်း၊ ဦးနှောက်လျှပ်စီးလှိုင်းပုံရိပ်ဖော်ခြင်း(EEG) ၊ MRI နဲ့ တခြားလိုအပ်တဲ့စစ်ဆေးမှုများကိုပြုလုပ်ရပါမယ်။

ဒါတွေပြီးတာနဲ့ ဆေးစစ်ချက်ရလဒ်များအပေါ်အခြေခံပြီး အတက်ရောဂါသက်သာ စေတဲ့ဆေး (Anti-seizure Medication / ASM) ကိုသောက်ဖို့ ဆရာဝန်မှ ညွှန်ကြား ပေးပါလိမ့်မယ်။ ကလေးငယ်ဟာ သောက်ဆေးနဲ့ထိရောက်မှုရှိမရှိ အပြင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ဆရာဝန်မှ စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်။ ခန့်မှန်းအားဖြင့် အတက်ရောဂါရှိတဲ့ ကလေးငယ်အားလုံးရဲ့ (၆၀)-(၇၀) ရာခိုင်န်ှုးခန့်ဟာ သောက်ဆေးနဲ့ ထိရောက်မှုရှိပါတယ်။ တကယ်လို့ သိသိသာသာ ကောင်းလာတဲ့ရလဒ်လည်းမရှိဘူး နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီး ရှိမယ်ဆိုရင် နောက်ထပ်ဆေးတစ်မျိုးကို ပြောင်းပေးပါလိမ့်မယ်။

တစ်ခါတစ်လေမှာ ကလေးငယ်များဟာ ဆေးမတိုးတော့တဲ့ အတက်ရောဂါ (Drug-resistant Epilepsy) ကို ခံစားရနိုင်ပါတယ်။  ဒီလိုမျိုး အတက်ရောဂါများဟာ သောက်ဆေးနဲ့ မသက်သာတာကြောင့် တခြားမတူညီတဲ့ကုသမှုနည်းလမ်းများနဲ့ ပြောင်းလဲကုသဖို့လိုပါတယ်။ Drug-resistant Epilepsy ကို ကုသဖို့အတွက် နယ်ပယ်စုံမှာ နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်စုံမှာ နားလည်တတ်ကျွမ်းတဲ့အထူးကုဆရာဝန်ကြီးများအဖွဲ့ နဲ့ ဆွေးနွေးတိုင် ပင်ခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သောက်ဆေးအစား ပြောင်းလဲရွေးချယ်နိုင်တဲ့ကုသမှုနည်းလမ်းများ

  • ကာဗိုဟိုက်ဒရိတ်လျှော့စားရတဲ့ Ketogenic Diet နဲ့ Atkins Diet – ဒီနည်းလမ်း ဟာ ဦးနှောက်ကထုတ်လုပ်လိုက်တဲ့ စွမ်းအင်တွေကို လုပ်ဆောင်မှုအဖြစ် ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှု - ဒီနည်းလမ်းကတော့ ဦးနှောက်ထဲက တက်ခြင်းကိုဖြစ်စေတဲ့ နေရာ(Spot) ကို အတည်ပြုပေးပြီး ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ ဖယ်ရှား လိုက်တာဖြစ်ပါတယ်။
  • ဦးနှောက်မှထွက်တဲ့အာရုံကြောဆီလျှပ်စစ်စွမ်းရည်ပို့လွှတ်ခြင်း(VNS) – ဒီနည်းလမ်းဟာ တချို့အခြေအနေတွေမှာ တက်ခြင်းရဲ့ ကြာချိန်၊ ကြိမ်နှုန်းနဲ့ ပြင်းထန်မှုကိုလျှော့ချပေးတဲ့ ကိရိယာတစ်ခုကို ထည့်သွင်းတာဖြစ်ပါတယ်။

အတက်ရောဂါရှိတဲ့ကလေးငယ်များဟာသာမန်ဘဝပုံစံအတိုင်းနေထိုင်နိုင်ပါတယ်

အများအားဖြင့် အတက်ရောဂါရှိတဲ့ကလေးငယ်များဟာ သောက်ဆေး(ASM) အကူအညီနဲ့ သာမန်ဘဝအတိုင်းနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် ရေကူးခြင်း၊ စက်ဘီးစီး ခြင်းလိုမျိုး အားကစားလှုပ်ရှားမှုများကို ပြုလုပ်မယ်ဆိုရင် မိဘများအနေနဲ့ သေချာလေး ဂရုစိုက်ပြီးစောင့်ကြည့်ပေးရပါမယ်။

ဒါ့အပြင် ကလေးငယ်များရဲ့ ဆရာမ၊ နည်းပြနဲ့ ကလေးထိန်းများကို ရောဂါအခြေ အနေနဲ့ပတ်သက်ပြီး သေချာရှင်းပြထားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါ တယ်။

ကလေးငယ်များဟာ တစ်ဖြည်းဖြည်းအရွယ်ရောက်လာပြီး နောက်ဆုံးမှာ လူကြီးဖြစ်လာ တာနဲ့အမျှ တခြားသော ရောဂါဖြစ်နိုင်ခြေတွေလည်း ရှိလာတတ်ပါတယ်။ ဥပမာ - အရက်သောက်ခြင်း၊ ကားမောင်းခြင်း လို အချက်တွေဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အရက်သောက်ခြင်းဟာ တက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး အတက်ရောဂါပျောက်ကင်းသွားတဲ့သူကိုတောင် ပြန်လည် ဖြစ်ပေါ်လာစေပါတယ်။

ဘယ်လိုအသက်အရွယ်မှာမဆို ညစဉ်လုံလောက်စွာအိပ်စက်ဖို့ အရေးကြီးပါတယ်။ အတက်ရောဂါရှိသူတွေအနေနဲ့ နေ့စဉ် (၈)နာရီအိပ်စက်ချိန်ရှိဖို့ အကြံပြုလိုပါတယ်။  ဒါ့အပြင် ကာကွယ်ဆေးထိုးထားပြီး အဖျားရောဂါကို ကြိုတင်ဟန့်တားထားဖို့ အရေးကြီးပါတယ်။ ဖျားနာခြင်းဟာ တက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိက အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တုပ်ကွေးလိုမျိုးရောဂါအတွက် ခုခံအားကောင်းမွန်အောင်နေပြီး ကြိုတင်ကာကွယ်ထားဖို့ကိုလည်း ထပ်မံအကြံပြုပြောကြားလိုပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။