ဝမ်းချုပ်ခြင်းလား၊ အူပိတ်ခြင်းလား?

ဝမ်းချုပ်ခြင်းလား၊ အူပိတ်ခြင်းလား?

အနှစ်ချုပ်

  • ဝမ်းချုပ်ခြင်းနဲ့ အူပိတ်ခြင်းတွင် ဗိုက်အောင့်ခြင်း၊ ဝမ်းပုံမှန်မသွားနိုင်ခြင်းစတဲ့ ဆင်တူသော လက္ခဏာများ ရှိကြပါတယ်။ သို့သော် အူပိတ်ခြင်းဆိုတာ အူလမ်းကြောင်းအတွင်း အရည်ရော အဖတ်ပါ လုံးဝဖြတ်သန်းလို့ မရတော့တာကြောင့် ထိရောက်တဲ့ ကုသမှု မခံယူပါက အသက်အန္တရာယ်ထိ စိုးရိမ်ရနိုင်ပါတယ်။

  • ဝမ်းချုပ်ခြင်းနဲ့ အူပိတ်ခြင်းကို နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်ပေးရန် လိုပြီး ဝမ်းချုပ်ခြင်းနဲ့အတူ လေပွခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အန်ခြင်းနဲ့ ဝမ်းသွားလျှင်သွေးပါခြင်း စတဲ့ လက္ခဏာများပါ ယှဉ်တွဲဖြစ်ပေါ်လာပါက စနစ်တကျစစ်ဆေးကုသမှု ခံယူနိုင်ဖို့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။ ဒါ့အပြင် အသက် ၄၅ နှစ်နဲ့ အထက် ရှိသူတွေအနေနဲ့လည်း နှစ်စဉ် အူမကြီးကင်ဆာစစ်ဆေးမှု ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

ဝမ်းချုပ်ခြင်း ဟာ အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့ ခံစားနေရတဲ့သူတွေအတွက်တော့ ဝမ်းပုံမှန်မသွားနိုင်ခြင်းကြောင့် ကိုယ်ရောစိတ်ပါ ထိခိုက်စေပြီး စိတ်ဖိစီးခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊  ဗိုက်မအီမသာဖြစ်ခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းမှတဆင့် လိပ်ခေါင်းနဲ့ စအို သို့မဟုတ် အစာဟောင်းအိမ် တွင်အနာဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ချို့အခြေအနေတွေမှာတော့  အူပိတ်ခြင်းနဲ့ အူမကြီးကင်ဆာ  ကဲ့သို့ ပိုမို ပြင်းထန်တဲ့ ရောဂါတွေရဲ့ သတိပေး လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ 

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းဆိုတာ တစ်ပတ်မှာ (၃) ကြိမ်ထက်ပိုပြီး ဝမ်းမသွားနိုင်ခြင်းကို ပြောတာဖြစ်ပြီး ဝမ်းသွားတဲ့အခါမှာလည်း အချိန်ကြာကြာ ယူရလေ့ရှိပါတယ်။ ဝမ်းသွားရင်လည်း ဝမ်း က သေးပြီး မာနေတတ်တာကြောင့် ဗိုက်ထဲမအီမသာဖြစ်ပြီး ဝမ်းကုန်အောင် မသွားလိုက်ရသလို ခံစားရစေပါတယ်။ ဝမ်းချုပ်တာကို ၃ လထက်ကျော်အောင် ကုသမှုမခံယူဘဲ နေပါက သို့မဟုတ် ဝမ်းချုပ်တာ ၆ လအထိ ကြာမြင့်သွားပါက အဆက်မပြတ် ဝမ်းချုပ်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဤအခြေအနေဟာ နာတာရှည် ဝမ်းချုပ်ခြင်း ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ လူဦးရေ ၃၀ ရာခိုင်နှုန်းကျော်မှာ ဖြစ်တတ်တဲ့ အတွေ့ရများဆုံး အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပြီး လူကြီးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နိုင်ခြေ ၂ ဆ ပိုများပါတယ်။

ရောဂါလက္ခဏာများ

  • ဝမ်းက မာမာခဲခဲဖြစ်ခြင်း
  • ဝမ်းကုန်အောင်မသွားလိုက်ရသလိုခံစားခြင်း/ဝမ်းမစင်သလိုခံစားရခြင်း
  • စအိုလမ်းကြောင်းတွင် တစ်ခုခုခံနေသလို ခံစားရခြင်း
  • ဝမ်းသွားနိုင်ရန် ဝမ်းနုတ်ဆေးများအသုံးပြုနေရခြင်း
  • ဝမ်းသွားနိုင်ရန် အချိန်ကြာကြာယူရခြင်း
  • ဝမ်းသွားတဲ့အခါ ပုံမှန်ထက် အားထုတ်၍ညစ်ရခြင်း

ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရင်းများ

ဝမ်းချုပ်ရတဲ့ အကြောင်းအရင်း အများကြီးရှိပေမဲ့ အဓိကအားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားနိုင်ပါတယ်။ 

  • အဓိကအကြောင်းအရင်းများ - အူမကြီးနဲ့ အညစ်အကြေးစွန့်ထုတ်တဲ့စနစ်ရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်မဟုတ်ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာတဲ့ ဝမ်းချုပ်ခြင်းမျိုး ဖြစ်ပါတယ်။ အူမကြီးအတွင်း လှုပ်ရှားမှုအားနည်းလာတာကြောင့် ဝမ်းတွေဟာ ပုံမှန်ထက် နှေးကွေးစွာ ဖြတ်သန်းသွားရပါတယ်။ ဒါပေမဲ့ ဒီအကြောင်းရင်းကြောင့် ဝမ်းချုပ်ခြင်းဖြစ်ပွားတာက ရှားပါးပြီး ဝမ်းချုပ်ခြင်းဖြစ်ပွားမှုအားလုံးရဲ့ ၅–၆ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။
  • အခြားအကြောင်းအရင်းများ - အမျှင်ဓာတ် စာသုံးမှုနည်းခြင်း၊ ရေဓါတ် လုံလောက်အောင် မဖြည့်တင်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း၊ အချို့သော ဆေးဝါးများ သို့မဟုတ် ဖြည့်စွက်စာတွေ သောက်သုံးခြင်းနဲ့ အသည်း/အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများရဲ့ အကျိုးဆက်များကြောင့် ဖြစ်နိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ကုသခြင်း

  • နေထိုင်မှုပုံစံ ပြောင်းလဲပေးခြင်း - ဝမ်းချုပ်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဒါကြောင့် စတင်ကုသတဲ့အခါမှာ အမျှင်ဓာတ်များတဲ့ အစားအစာတွေ ပိုစားပေးခြင်း၊ ရေများများ သောက်ခြင်း၊ ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးခြင်းစတဲ့ ရိုးရှင်းတဲ့ နည်းလမ်းများဖြင့် စတင်နိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် အိမ်သာတက်တဲ့အခါ စနစ်တကျ ဝမ်းသွားတတ်အောင် လေ့ကျင့်ခြင်း၊ အိမ်သာတတ်ရင်း ဖုန်းမသုံးခြင်းနဲ့ လိုအပ်ရင် ဝမ်းနှုတ်ဆေးကို သင့်တော်သလို အသုံးပြုခြင်းမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
  • ခန္ဓာကိုယ်တုံ့ပြန်မှု/ဇီဝတုံ့ပြန်မှုကို လေ့ကျင့်ပေးခြင်း (Biofeedback training) - ဤနည်းလမ်းကတော့ ဝမ်းသွားတဲ့အခါ အသုံးပြုရတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို အထူးကိရိယာများဖြင့် ကြည့်ရှုပြီး ဝမ်းမှန်မှန် သွားတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ဤကဲ့သို့ လေ့ကျင့်ပေးခြင်းဟာ နာတာရှည် ဝမ်းချုပ်နေသူများအတွက် အထူးသင့်တော်ပါတယ်။ အထူးသဖြင့် မိမိရဲ့ ဝမ်းချုပ်ခြင်းဟာ အူမကြီး ပုံမှန် အလုပ်မလုပ်လို့လား သို့မဟုတ် ဝမ်းသွားတဲ့ နည်းလမ်း မမှန်ကန်လို့လား ဆိုတာကို မသေချာတဲ့သူတွေအတွက် ဖြစ်ပါတယ်။ တကယ်လည်း အိမ်သာတက်တဲ့အခါ စအိုကြွက်သားကို ဖြေလျှော့မပေးဘဲ ညှစ်ထားမိခြင်းကြောင့် ကြွက်သား အလုပ်မလုပ်နိုင်ဘဲ ဝမ်းထွက်ရခက်တဲ့  ရောဂါအခြေအနေ (Dyssynergia) ဖြစ်နေသူ မြှောက်များစွာ ရှိပါတယ်။ ဆရာဝန်များအနေနဲ့ ဝမ်းသွားစဉ် ကြွက်သားအလုပ်လုပ်ပုံကို စစ်ဆေးတဲ့ ကိရိယာ (Anorectal manometry) ကို သုံးပြီး ဤရောဂါ ရှိမရှိ စမ်းသပ် စစ်ဆေးပေးနိုင်ပါတယ်။

သို့သော် ဝမ်းချုပ်ခြင်းနဲ့အတူ  ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဝမ်းသွားတဲ့အခါ သွေးပါခြင်း၊ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက် ဖြစ်နေခြင်း၊ စအိုတွင်အလုံးအကျိတ် စမ်းမိခြင်း၊ မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူးသူရောဂါရာဇဝင် ရှိခြင်း သို့မဟုတ် အသက် ၅၀ ကျော်မှ စပြီး ဝမ်းချုပ်ခြင်းများပါ ယှဥ်တွဲဖြစ်ပေါ်လာပါက အူမကြီးကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ ဖြစ်နေနိုင်သောကြောင့် ဆရာဝန်နဲ့ ချက်ချင်း ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

အူပိတ်ခြင်း

အူပိတ်ခြင်းဆိုတာ အူရဲ့ ပုံမှန် လှုပ်ရှားမှုတွေ နှောင့်နှေးသွားတာ သို့မဟုတ် ပိတ်ဆို့သွားတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် အစားအစာများနဲ့ အရည်များဟာ အူလမ်းကြောင်းအတွင်း ပုံမှန်အတိုင်း ဖြတ်သန်းသွားလို့ မရတော့ဘဲ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ လက္ခဏာများကို ကြည့်ပြီး ဘယ်နေရာမှာ ပိတ်နေလဲဆိုတာကို ခန့်မှန်းနိုင်သလို အူလမ်းကြောင်းတစ်ခုလုံး ပိတ်ခြင်းမျိုး သို့မဟုတ် အူလမ်းကြောင်းတစိတ်တပိုင်း ပိတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချိန်မီ မကုသပါက စိုးရိမ်ရတဲ့ နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်အထိတောင် စိုးရိမ်ရနိုင်ပါတယ်။

အူပိတ်ခြင်းရဲ့ ရောဂါလက္ခဏာများ

အူပိတ်ခြင်းရဲ့ လက္ခဏာများဟာ ပိတ်ဆို့သွားတဲ့ နေရာပေါ် မူတည်ပြီး အောက်ပါအတိုင်း ကွဲပြားနိုင်ပါတယ်။

  1. အူသိမ်ပိတ်ခြင်း
    • လေပွပြီး ဗိုက်ကြီးတင်းနေပေမဲ့ လေမလည်နိုင်ခြင်း
    • ဗိုက်ကို ဖိကြည့်ပါက အောင့်ခြင်း
    • ချက်နားတစ်ဝိုက်နဲ့ နံရိုးအောက်ဘက်တွင် ပြင်းထန်စွာ အောင့်လိုက်ပျောက်လိုက်ဖြစ်ခြင်း (သွေးခုန်နှုန်းလည်း မြန်လာနိုင်ပါတယ်)
    • မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း
  2. အူမကြီးပိတ်ခြင်း 
    • လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း 
    • ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်း
    • ဝမ်းချုပ်ခြင်း
    • ဝမ်းသွားတဲ့အခါသွေးပါခြင်း

အူပိတ်ခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရင်းများ

အဓိကအားဖြင့် အမျိုးအစား () မျိုး ခွဲခြားနိုင်ပါတယ််။ 

  • ရုပ်ပိုင်းဆိုင်ရာ ပိတ်ဆို့ခြင်းများ - အူထဲမှာ တစ်ခုခု လာပိတ်နေတာကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက် ခွဲစိတ်ပြီးနောက် အူမှာ ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တစ်သျှုး (Membrane) ကြောင့်အဖြစ်များပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ၊ အကျိတ် (Tumor)၊ သည်းခြေကျောက် ၊ အူကျွံခြင်း၊ မွေးရာပါ အူပုံစံမမှန်ခြင်း နဲ့ ခရွန်းရောဂါ (Crohn’s disease) လိုမျိုး အူရောင်ရမ်းတဲ့ ရောဂါတွေကြောင့်လည်း ပိတ်ဆို့နိုင်ပါတယ်။
  • လှုပ်ရှားမှုပိုင်းဆိုင်ရာ ပိတ်ဆို့ခြင်း - အူက ပုံမှန်အတိုင်း မညှစ်နိုင်၊ မလှုပ်ရှားနိုင်တော့ခြင်းကြောင့် အညစ်ကြေးစွန့်ထုတ်တဲ့စနစ်ကို ထိခိုက်ပြီး ဖြစ်လာရတာပါ။ ဝမ်းဗိုက် သို့မှမဟုတ် တင်ပါးဆုံတွင်းပိုင်း ခွဲစိတ်ထားခြင်း၊ ပိုးဝင်ခြင်း၊ အချို့ဆေးဝါးများ သုံးစွဲခြင်းနဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease)၊ ဆီးချိုရောဂါ လိုမျိုး အာရုံကြောနဲ့ ကြွက်သားစနစ်ကို ထိခိုက်စေတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အူပိတ်ခြင်းကို ကုသခြင်း

အူပိတ်ခြင်းကို ကုသတဲ့အခါ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ လူနာရဲ့ ရောဂါလက္ခဏာတွေကို တိတိကျကျ သိရှိဖို့ အရေးကြီးပါတယ်။ ကုသမှုများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

  • အူလမ်းကြောင်းတစိတ်တပိုင်း ပိတ်ခြင်းကို ကုသခြင်း - အရည်နဲ့ အစားအစာများ အူလမ်းကြောင်းမှ အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းသွားနိုင်သေးတဲ့ အခြေအနေမျိုးတွင် အရည်များကိုသာ တိုက်ကျွေးပြီး ကုသပါတယ်။ လက္ခဏာများ သက်သာလာတဲ့အခါ ဆရာဝန်က အမျှင်ဓာတ်နည်းတဲ့ အစားအစာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ စားသုံးဖို့ အကြံပြုပါလိမ့်မယ်။ ဒါပေမဲ့ လက္ခဏာတွေ သက်သာမလာဘူးဆိုရင်တော့ ခွဲစိတ်ကုသမှုကို စဉ်းစားရနိုင်ပါတယ်။
  • အူလမ်းကြောင်းလုံးဝပိတ်ခြင်းကို ကုသခြင်း - အရည်ရော အဖတ်ပါ လုံးဝဖြတ်သန်းသွားလို့ မရတော့ဘဲ အူလမ်းကြောင်းလုံးဝပိတ်သွားတဲ့ အခြေအနေတွင် ပိတ်နေတဲ့ အစိတ်အပိုင်း သို့မဟုတ် ထိခိုက်သွားတဲ့ အူအပိုင်းအစကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှု မဖြစ်မနေ ပြုလုပ်ရပါတယ်။
  • အူလမ်းကြောင်းလှုပ်ရှားမှုမရှိဘဲရပ်တန့်နေခြင်းကြောင့် ပိတ်ခြင်းကို ကုသခြင်း (Pseudo-obstruction (paralytic ileus) - ဤကဲ့သို့အခြေအနေမျိုးတွင် အာဟာရမပြတ်လပ်စေဖို့ နှာခေါင်းပိုက် (Nasogastric tube) ကတစ်ဆင့် သို့မဟုတ် အကြောဆေးပိုက် (IV) ကတစ်ဆင့် အာဟာရပေးသွင်းဖို့ လိုအပ်ပါတယ်။ အချိန်ကြာလာလို့မှ လက္ခဏာတွေ သက်သာမလာဘူးဆိုရင် အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ ဆေးဝါးများ ပေးခြင်း သို့မဟုတ် ပျက်စီးသွားတဲ့ အူအစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်းများ လုပ်ဆောင်ရနိုင်ပါတယ်။ အူမကြီး ရောင်ရမ်းပြီး ကြီးမားလာပါက အူမကြီးမှန်ပြောင်း သုံးပြီး လေနဲ့ အညစ်အကြေးများကို စုတ်ထုတ်၍လျှော့ချပေးတဲ့ ကုသမှု (Decompression) ကို ဆရာဝန်များ စဉ်းစားဆောင်ရွက်ပေးပါလိမ့်မယ်။

ဝမ်းချုပ်ခြင်းနဲ့ အူပိတ်ခြင်းတွင် ဗိုက်အောင့်တာ၊ ဝမ်းပုံမှန်မသွားတာစတဲ့ ဆင်တူလက္ခဏာများ ရှိကြပါတယ်။ သို့သော် ဝမ်းချုပ်ခြင်းကို ကုသခြင်းတာက အူပိတ်ခြင်းကို ကုသခြင်းထက် အများကြီး ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို စိုးရိမ်ရတဲ့ အခြေအနေလို့ မသတ်မှတ်ပေမဲ့ အူပိတ်ခြင်းကိုတော့ စနစ်တကျမကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ခဏတာ သို့မဟုတ် နာတာရှည် ဝမ်းချုပ်ခြင်း/အူပိတ်ခြင်းဖြစ်ပါက အူပေါက်ခြင်း၊ လိပ်ခေါင်းထွက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းစတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်သောကြောင့် မဖြစ်ပွားမီ အမြန်ဆုံး ဆရာဝန်နဲ့ကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အူပိတ်ခြင်းကြောင့် အူရဲ့ တခြားအပိုင်းများကို သွေးလှည့်ပတ်မှု နည်းသွားပါက အူလမ်းကြောင်းတလျှောက် သွေးစီးစင်းမှု ပြတ်တောက်၍ အူတစ်သျှုးများ ပုပ်သိုးသေဆုံးပြီး သွေးထဲ ပိုးဝင်ခြင်းမှတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

ကံကောင်းထောက်မစွာဖြင့် ဝမ်းချုပ်ခြင်းရော အူပိတ်ခြင်းကိုပါ ဖြစ်စေနိုင်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို ပြောင်းလဲပေးခြင်းဖြင့် ကြိုတင်ကာကွယ်လို့ ရနိုင်ပါတယ်။ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပါဝင်မှုမြင့်တဲ့ အသီးအရွက်တွေကို များများစားပေးခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်မဟုတ်တဲ့ သတိပေးလက္ခဏာတွေကို ဂရုစိုက် စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့အတူ လေပွခြင်း၊ ဗိုက်ကယ်ခြင်း၊ အန်ခြင်းနဲ့ ဝမ်းသွားလျှင်သွေးပါခြင်းစတဲ့ လက္ခဏာများပါ တွဲဖြစ်လာပါက ဆရာဝန်နဲ့ သေချာစစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုကိုခံယူသင့်ပါတယ်။  ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ရောဂါအများစုဟာ လက္ခဏာချင်း ဆင်တူတာကြောင့် အသက် ၄၅ နှစ်နဲ့ အထက်ရှိသူတွေအနေနဲ့ အထက်ပါ လက္ခဏာတွေ ဖြစ်လာပါက အူမကြီးကင်ဆာ ရှိမရှိ စစ်ဆေးနိုင်ဖို့ ဆရာဝန်နဲ့ ရက်ချိန်းယူ ပြသသင့်ပါတယ်။ ရောဂါရှိမရှိ စစ်ဆေးသိရှိနိုင်ပြီး နောက်ပိုင်းမှာလည်း တစ်နှစ်တစ်ကြိမ် ပုံမှန် စစ်ဆေးသွားဖို့ အကြံပြုချင်ပါတယ်။

အဆင့်သတ်မှတ်ချက်