ရောဂါများရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဝမ်း(မစင်)သွေးပါခြင်းကို ရှာဖွေစစ်ဆေးပါ

ရောဂါများရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဝမ်း(မစင်)သွေးပါခြင်းကို ရှာဖွေစစ်ဆေးပါ

အနှစ်ချုပ်

  • ဝမ်း (မစင်) မှာသွေးပါခြင်း ၊ စအိုသွေးထွက်ခြင်း ဆိုတာဟာ စအိုလမ်း ကြောင်း (သို့) စအိုဝမှ သွေးထွက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဝမ်း(မစင်) မှာ သွေးပါခြင်းလို့ဆိုရာမှာ အနီရောင်ရှိတဲ့ လတ်လတ်ဆတ်ဆတ်သွေးထွက်ခြင်း ၊ နီညိုရောင်(သို့) အညိုရောင် (သို့) အမည်းရောင် ရှိတဲ့ သွေးအဟောင်းများ ထွက်ခြင်း အပြင် ဝမ်း(မစင်) ထဲမှာ သွေးခဲများ ၊ သွေးအစက်များပါလာခြင်း ၊ စေးပျစ်တဲ့သွေးပါခြင်း စတာတွေဖြစ်တတ်ပါတယ်။ အဆိုပါ မတူညီတဲ့ လက္ခဏာများဟာ အကြောင်းအရင်း အမျိုးမျိုး ကြောင့်ဖြစ်တတ်သလို  လိပ်ခေါင်း ၊ ပိုးဝင်ခြင်း ကြောင့်ဖြစ်တဲ့ အူမကြီး ရောင်ခြင်း ၊ အစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုစိမ့်ခြင်း ၊ အူမကြီးနှင့် စအိုဝအနီးအူလမ်းကြောင်းအနီးအသားပို ၊ အူမကြီးနှင့်စအိုဝအနီး အူလမ်းကြောင်း ကင်ဆာ ကဲ့သို့ရောဂါများကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။

  • တကယ်လို့ သင်ဟာ ဝမ်း (မစင်) မှာ သွေးပါခြင်းကို သတိထားမိတယ်ဆိုရင် ၄င်းရဲ့ အရောင် ၊ ပုံစံ စတာတွေကို သေချာလေ့လာဆန်းစစ်ဖို့လိုပါတယ်။ ဒါမှသာ ရောဂါရှာဖွေမှုအတွက် လိုအပ်တဲ့အချက်အလက်တွေကို ဆရာဝန်ထံ အသိပေးနိုင်မှာဖြစ်ပါတယ်။

  • တစ်ခါတစ်လေမှာ လိပ်ခေါင်းရောဂါလက္ခဏာများနဲ့  အူမကြီးနှင့်စအိုဝအနီး အူလမ်းကြောင်း ကင်ဆာရောဂါများရဲ့ လက္ခဏာများဟာ ဆင်တူတာကြောင့် လိုအပ်တဲ့ ရောဂါရှာဖွေမှုနဲ့ သင့်လျော်တဲ့ကုသမှုများခံယူနိုင်ရန် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

ဝမ်း(မစင်)မှာပါတဲ့သွေးဆိုတာဘာလဲ? ဘယ်လိုလက္ခဏာမျိုးတွေပြတတ်လဲ?

ဝမ်း (မစင်) မှာသွေးပါခြင်း ၊ စအိုသွေးထွက်ခြင်း ဆိုတာဟာ စအိုလမ်း ကြောင်း (သို့) စအိုဝမှ  သွေးထွက်ခြင်း  ကို ဆိုလိုတာဖြစ်ပါတယ်။ ဝမ်း(မစင်) မှာ သွေးပါခြင်းလို့ဆိုရာမှာ အနီရောင်ရှိတဲ့ လတ်လတ်ဆတ်ဆတ်သွေးထွက် ခြင်း ၊ နီညိုရောင်(သို့) အညိုရောင် (သို့) အမည်းရောင် ရှိတဲ့ သွေးအဟောင်းများ ထွက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဝမ်းသွားတဲ့အချိန် ဝမ်း(မစင်) ထဲမှာ သွေးခဲများ ၊ သွေးစက်များပါလာခြင်း ၊ ဝမ်းအမည်းရောင်သွားခြင်းနှင့် သွေးချွဲများပါလာခြင်း စတာတွေကို နာကျင်မှုနဲ့အတူခံစားရနိုင်ပြီး လုံးဝ နာကျင်မှု မရှိတာလည်း ဖြစ်နိုင်ပါတယ်။ အဆိုပါ လက္ခဏာတွေအားလုံးဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်သလို မတူညီတဲ့ရောဂါများကြောင့်လည်း ဖြစ်နိုင် ပါတယ်။  တကယ်လို့သင်ဟာ ဝမ်း(မစင်)မှာ သွေးပါတာကို သတိပြုမိတယ်ဆိုရင် ၄င်းရဲ့ အရောင်၊ ပုံစံ စတာတွေကို သေချာဆန်းစစ်ဖို့ လိုပါတယ်။ ဒါမှသာ ရောဂါရှာဖွေမှု အတွက် လိုအပ်တဲ့အချက်အလက်တွေကို ဆရာဝန်ထံအသိပေးနိုင်မှာဖြစ်ပါတယ်။

ဝမ်း(မစင်) မှာသွေးပါခြင်းဟာ ဘယ်ရောဂါတွေကို ညွှန်ပြနေသလဲ?

ဝမ်း(မစင်)သွေးပါတယ်လို့ဆိုလိုက်တာနဲ့ လိပ်ခေါင်းရောဂါဖြစ်နေတယ်လို့ အမြဲတမ်း မှတ်ယူလို့မရဘဲ တခြားသောရောဂါရဲ့လက္ခဏာများ ၊ တခြားသောအကြောင်းအရင်း များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စအို ကနေ သွေးထွက်စေနိုင်တဲ့ တချို့သော ရောဂါများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • လိပ်ခေါင်း - ဝမ်းသွားနေစဥ်အတွင်း ဝမ်း(မစင်)မှာ သွေးစက်များပါလာခြင်း နဲ့ အတူခံစားရနိုင်သလို တစ်ခါတစ်ရံ စအိုကနေလိပ်ခေါင်းပြူထွက်လာခြင်း နဲ့အတူ (သို့မဟုတ်) နာကျင်ခြင်းကိုပါ ခံစားရနိုင်ပါတယ်။
  • ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့အူမကြီးရောင်ခြင်း ဟာ အများအားဖြင့် ဝမ်းသွား ခြင်း ၊ ဝမ်းအရည်သွားခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဖျားခြင်း စတာတွေနဲ့အတူ ခံစားရနိုင်ပါတယ်။  
  • အစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုစိမ့်ခြင်း - အနံ့ဆိုးရွားတဲ့ အမည်းရောင် စေးပျစ်ပျစ် ဝမ်း(မစင်)များနဲ့အတူတွဲပြီးဖြစ်တဲ့ အစာအိမ်နှင့်အူလမ်းကြောင်း အထက်ပိုင်းသွေးထွက်ခြင်း (သို့) ဝမ်း(မစင်)မှာ အနီရဲရဲ အရောင်သွေးများ ရောပြီးပါလာခြင်းနဲ့အတူဖြစ်တဲ့ အစာအိမ်နှင့်အူလမ်းကြောင်း အောက်ပိုင်း သွေးထွက်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။
  • အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းအသားပို ဟာ ဝမ်း(မစင်) ထဲသွေးပါ ခြင်းနဲ့အတူခံစားရနိုင်ပြီး ပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။ တချို့သော အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်း အကျိတ်များကတော့  ကင်ဆာအဆင့်အထိ ကြီးထားလာတတ်ပါတယ်။
  • အူမကြီးကင်ဆာ ကတော့ ကနဦးအဆင့်မှာပဲရှိနေသေးတယ်ဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းအခြေအနေ တွေမှာ ဝမ်းသွားလိုက် ဝမ်းချုပ်လိုက်ဖြစ်ခြင်း ၊ ဝမ်း(မစင်) မှာသွေးပါခြင်း ၊ သွေးအားနည်းခြင်း ၊ ဗိုက်အောင့်ခြင်း စတာတွေကိုပါ ခံစားရနိုင်ပါတယ်။

ဝမ်း(မစင်) မှာသွေးပါခြင်းအတွက်ဘယ်အချိန်မှာဆရာဝန်နဲ့ပြသရမလဲ?

လိပ်ခေါင်းရောဂါလက္ခဏာများနဲ့ အူမကြီးကင်ဆာလက္ခဏာများဟာ တစ်ခါတစ်လေ မှာ ဆင်တူတတ်တာကြောင့် အောက်ပါလက္ခဏာတစ်ခုခုကို ခံစားရပြီဆိုရင် ပိုမိုကျယ်ပြန့်တဲ့ရောဂါရှာဖွေစစ်ဆေးမှုများနဲ့ သင့်လျော်တဲ့ကုသမှုတွေအတွက် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ ( အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်း ကင်ဆာ ဟာ အသက်ကြီးပိုင်းတွေမှာသာမက အသက်ငယ်ရွယ်တဲ့လူနာတွေမှာပါ ဖြစ်ပွားနိုင်တာကို သတိပြုရပါမယ်။)

လိပ်ခေါင်းဆိုတာဘာလဲ? လက္ခဏာတွေဘယ်လိုပြနိုင်လဲ?

 

ဖိအားများခြင်း (သို့) အားစိုက်ထုတ်ခြင်း ကြောင့် စအိုအတွင်းရှိသွေးကြောများ (သို့) စအိုတစ်ဝိုက်ရှိသွေးကြောများ ဖောင်းကားရောင်ရမ်းလာတဲ့အချိန်မှာ လိပ်ခေါင်း ရောဂါရယ်လို့ဖြစ်လာပါတယ်။ တစ်ခါတစ်ရံမှာ သွေးပြန်ကြော စတင်ရောင်ရမ်းခြင်း ကနေတစ်ဆင့် သူ့ရဲ့နဂိုမူလပုံစံအတိုင်း ပြန်မကြုံ့သွားနိုင်တော့ပါဘူး။ အဲဒီကနေ တစ်ဆင့် သွေကြောပေါက်ခြင်း ၊ ဝမ်းသွားပြီးနောက်သွေးထွက်တဲ့ လက္ခဏာများ ကို ခံစားရနိုင်ပြီး ဝမ်း(မစင်) (သို့) သတ်လိုက်တဲ့အခါ တစ်ရှူးမှာ သွေးများ ပါလာတတ် ပါတယ်။ တစ်ခါတစ်ရံ စအိုတစ်ဝိုက်အဖုကြောင့်သော်လည်းကောင်း ၊ ဝမ်းသွားရခက် ခြင်းကြောင့်သော်လည်းကောင်း နာကျင်မှုကိုခံစားရနိုင်ပါတယ်။

လိပ်ခေါင်းကိုအဓိကအားဖြင့် အမျိုးအစား(၂)မျိုးခွဲခြားနိုင်ပါတယ် -

၁။ အတွင်းလိပ်ခေါင်း - အတွင်းလိပ်ခေါင်းဟာ စအိုအတွင်းမှာဖြစ်ပွားပြီး သွေးကြော များရောင်ရမ်းခြင်းကို အပြင်ကနေမမြင်နိုင်သလို လက်နဲ့လည်းစမ်းသပ်လို့မရနိုင်ပါ ဘူး။ ဒါကြောင့်မှန်ပြောင်းကြည့်မှသာလျှင် ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို မျိုး လိပ်ခေါင်းကို အရွယ်အစား အသေးဆုံးကနေ အကြီးဆုံးအပေါ်မူတည်ပြီး (၄)မျိုး ခွဲခြားနိုင်ပါတယ်။

  • အဆင့်(၁)လိပ်ခေါင်း  - ဒီအဆင့်မှာ လိပ်ခေါင်းဟာ အရွယ်အစားသေးငယ်ပြီး စအိုကနေ လုံးဝ ပြူထွက်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝမ်းသွားနေစဥ်အတွင်း (သို့) ဝမ်းသွားပြီးချိန်မှာ သွေးထွက်နိုင်ပါတယ်။
  • အဆင့်(၂)လိပ်ခေါင်း  - ဒီအဆင့်မှာ လိပ်ခေါင်းဟာ ကျယ်ပြန့်လာပြီး ဝမ်းသွားနေချိန် စအိုကနေ ပြူထွက်လာကာ ဝမ်းသွားပြီးချိန်မှာ သူ့ရဲ့ နဂိုမူလပုံစံအတိုင်း ပြန်ဖြစ် သွားပါတယ်။ ၄င်းဟာ အကြိမ်ကြိမ်သွေးထွက်ခြင်းကို ဖြစ်စေပြီး အရောင်အားဖြင့် အနီရဲရဲ အရောင်ရှိပါတယ်။
  • အဆင့်(၃)လိပ်ခေါင်း  - ဒီအဆင့်မှာ လိပ်ခေါင်းဟာ လွန်စွာအရွယ်ကြီးမားပြီး ဝမ်းသွားနေချိန် စအိုကနေ ပြူထွက်ကာ လူနာက ကိုယ်တိုင်ပြန်ပြီး မတွန်းထည့်ဘဲ သူ့ရဲ့ နဂိုမူလပုံစံ ကို ပြန်မရောက်နိုင်ပါဘူး။ ဒီလိုမျိုး လိပ်ခေါင်းအမျိုးအစားဟာ အကြိမ် ကြိမ်သွေးထွက်ခြင်းကိုဖြစ်စေပြီး သိသိသာသာကျိန်းစပ်တဲ့ဝေဒနာကို ခံစားရပါတယ်။
  • အဆင့်(၄)လိပ်ခေါင်း - ဒီအဆင့် မှာ လိပ်ခေါင်းဟာ အရွယ်အစားကြီးမားပြီး တစ်ချိန်လုံး စအိုကနေ ပြူထွက်ကာ ပြန်တွန်းသွင်းလို့မရတော့ပါဘူး။ ကိုယ့်ရဲ့နေ့စဥ်ဘဝကို ထိခိုက်စေတဲ့အထိ ပြင်းထန်တဲ့နာကျင်မှုကို ခံစားရနိုင်ပါတယ်။

၂။ အပြင်လိပ်ခေါင်း - အပြင်လိပ်ခေါင်းဟာ စအိုမှာရှိတဲ့ အရေပြားအောက်က သွေးကြောများရောင်ရမ်းခြင်းကြောင့်ဖြစ်ပွားပြီး စအိုရဲ့အပြင်ဘက်မှာ ဖြစ်ပွား ပါတယ်။ ဒီအမျိုးအစားလိပ်ခေါင်းဟာ အပြင်ကနေမြင်နိုင်သလို လက်နဲ့လည်း စမ်းသပ်နိုင်ပါတယ်။ ရောင်ရမ်းတဲ့အချိန်မှာဆိုရင် ပိုပြီးပြင်းပြင်းထန်ထန်နာကျင် မှုကို ခံစားရပါတယ်။

တချို့လူနာများအနေနဲ့ အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်းကိုပါ တစ်ချိန် တည်းမှာ ခံစားရနိုင်ပါတယ်။

လိပ်ခေါင်းကြောင့်ဖြစ်တဲ့ ဝမ်း(မစင်)သွေးပါခြင်းကိုဘယ်လိုကုသနိုင်လဲ

လိပ်ခေါင်းရောဂါအတွက်ကုသမှုဟာ တစ်ယောက်ချင်းစီရဲ့ လက္ခဏာနဲ့ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး အောက်ပါအတိုင်း ကွာခြားနိုင်ပါတယ်။

ခွဲစိတ်ဖို့မလိုတဲ့ကုသမှုများ
ဒီရွေးချယ်မှုဟာ အရွယ်အစားသေးငယ်တဲ့အဆင့်မှာပဲရှိနေသေးတဲ့ အဆင့်(၁) လိပ်ခေါင်း နဲ့ အဆင့်(၂) လိပ်ခေါင်းကို ကုသရာမှာ အသုံးပြုပါတယ်။ ခွဲစိတ်ဖို့မလိုတဲ့ ကုသမှုနည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • စအိုထဲထည့်ရတဲ့ဝမ်းချူဆေးများ
  • ထိုးဆေးများ
  • ရာဘာကွင်းချည်ခြင်း

ခွဲစိတ်ကုသမှုနည်းလမ်းများ
ဒီနည်းလမ်းကတော့ အဆင့်(၃)နဲ့အဆင့်(၄) လိပ်ခေါင်းရောဂါများကို ကုသရာမှာ အသုံးပြုပါတယ်။

  • သမားရိုးကျလိပ်ခေါင်းခွဲစိတ်ကုသမှု
  • PPH stapler အသုံးပြုပြီးလိပ်ခေါင်းကိုခွဲစိတ်ကုသမှု
  • လေဆာအသုံးပြုလိပ်ခေါင်းခွဲစိတ်ကုသမှု
  • စအိုနံရံကျွံခြင်းကိုပြုပြင်ခြင်းနဲ့အတူ  Doppler အသုံးပြုပြီး လိပ်ခေါင်းသွေး ကြောများကိုချည်နှောင်ခြင်း

အူမကြီးကင်ဆာဆိုတာ ဘာလဲ ? ဘယ်လိုလက္ခဏာတွေပြတတ်လဲ?

အူမကြီးကင်ဆာဆိုတာဟာ အူမကြီးအထိပျံ့နှံ့သွားတဲ့ အဖုအကျိတ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ၄င်းဟာ တစ်ခါတစ်ရံ အူမကြီးအတွင်းမှာရှိတဲ့ အဖုအကျိတ်များနဲ့ ဆက်စပ်နေသလို တစ်ခါတစ်လေမှာ ဝမ်း(မစင်) ကိုဖုံးအုပ်ခြင်း (သို့) ဝမ်း(မစင်)နဲ့ ရောနှောခြင်းများနဲ့ ဆက်စပ်နေပါတယ်။ တချို့လူနာတွေမှာ ဝမ်း(မစင်)သွေးပါခြင်း (သို့) ဝမ်း(မစင်)အမည်းရောင်ဖြစ်ခြင်း ဖြစ်ပွားကာ ဝမ်းသွားလိုက်ဝမ်းချုပ်လိုက် ဖြစ်ခြင်း ၊ အစာစားချင်စိတ်မရှိခြင်း ၊ ကိုယ်အလေးချိန်ကျဆင်းခြင်းများကို ခံစားရ နိုင်ပါတယ်။
ကင်ဆာဟာ ရောဂါပိုမိုဆိုးရွားပြီး ရောဂါကျွမ်းတဲ့အခြေအနေမှာ အူမကြီးပိတ်သွားခြင်း အထိ ဖြစ်နိုင်ပါတယ်။ လူနာဟာ ဝမ်းသွားတဲ့အမူအကျင့်များ ပြောင်းလဲခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဝမ်း(မစင်) အရွယ်အစားသေးသွားခြင်း စတာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

အူမကြီးရောဂါရှာဖွေခြင်းနှင့်ကုသမှု

လက်ရှိအချိန်မှာ အသက်(၄၅)နှစ်အထက်ရှိသူများ ၊ မူမမှန်တဲ့ လက္ခဏာများရှိတဲ့ အသက်(၄၅)နှစ်အောက် အရွယ်ရှိသူများ ၊ မိသားစုကျန်းမာရေးရာဇဝင်မှာ ကင်ဆာ(သို့) အကျိတ်ဖြစ်ပွားမှု ရှိသူများ အနေနဲ့ အူမကြီးမှန်ပြောင်းကြည့်ဖို့ ဆရာဝန် များက အကြံပြုထားပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ခြင်းဟာ ကင်ဆာနဲ့ဆက်စပ်မှုရှိတဲ့  အူမကြီးအတွင်း အကျိတ် ရှိ မရှိ ကို စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ အကျိတ် (သို့) မူမမှန်တဲ့ တစ်ရှူးတွေ တွေ့ရတယ်ဆိုရင် ဆရာဝန်က အသားစယူ စစ်ဆေးမှာ ဖြစ်ပြီး အူမကြီးမှန်ပြောင်းကြည့်တဲ့အချိန် တစ်ရှူးစကိုယူကာ ကင်ဆာ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။ အူမကြီးကင်ဆာဟာ စောစောစီးစီး ရှာဖွေ တွေ့ရှိရင်ကုသပျောက်ကင်းနိုင်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ကုသမှုဟာ ကင်ဆာအမျိုးအစားနဲ့ ရောဂါအဆင့်အပေါ်မှာ မူတည်ပါတယ်။

ဝမ်း(မစင်)သွေးပါခြင်းကိုကြိုတင်ကာကွယ်ခြင်း

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကဲ့သို့  အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုတားဆီးပြီး စအိုသွေးထွက် ခြင်းကို ကာကွယ်နိုင်ပါတယ်။ တကယ်လို့သင်ဟာ ပြင်းထန်တဲ့ အကိုက်အခဲ ပျောက်ဆေးကဲ့သို့ ဝမ်းချုပ်စေတဲ့ဆေးတွေကို သောက်နေရတယ်ဆိုရင် ဝမ်းနုတ်ဆေး သောက်ဖို့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ ဒါ့အပြင် အောက်ပါအချက် တွေကိုလည်း လိုက်နာလုပ်ဆောင်သင့်ပါတယ်။

  • တစ်နေ့ကိုအနည်းဆုံး ရေ(၈)ခွက်သောက်ပါ။

  • ခန္ဓာကိုယ်ကိုရေဓာတ်ခန်းခြောက်စေတဲ့ ကဖင်းဓာတ်ပါတဲ့အရည်များ ၊ အယ်လ်ကိုဟောပါတဲ့အရည်များကို ရှောင်ကျဥ်ပါ။

  • ဝမ်း ပုံမှန်သွားပါစေ။

  • ဝမ်းသွားခြင်းကိုလှုံ့ဆော်စေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • အနာဖြစ်ခြင်းနဲ့ နာကျင်ခြင်းမဖြစ်စေရန် ပွတ်တိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် အိမ်သာသွားပြီးတိုင်း ရေနဲ့ဆေးကြောပါ (သို့) နူးညံ့တဲ့ တစ်ရှူးကိုအသုံးပြုပါ။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။