ပါးတစ်ခြမ်းရွဲ့ခြင်းအကြောင်းသိကောင်းစရာ..

ပါးတစ်ခြမ်းရွဲ့ခြင်းအကြောင်းသိကောင်းစရာ..

အဓိကအချက်များ

  • “ပါးတစ်ခြမ်းရွဲ့သွားလို့...” ဆိုတာ... စိတ်ဖိစီးမှုများတဲ့သူတွေ၊ လုံလောက်တဲ့ အနားယူမှု မရတဲ့သူတွေ၊ နောက်ပြီးတော့ ဆီးချိုဝေဒနာရှင်တွေ နဲ့ တစ်ခါတစ်လေ အအေးမိတဲ့သူတို့ တုပ်ကွေးမိတဲ့သူတို့ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေဖြစ်တဲ့သူတွေမှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေ တွေ့ရတတ်ပါတယ်။
  • ယေဘုယျအားဖြင့်တော့ ၁ လ ၂ လ လောက်ကြာရင် ပေျာက်သွားတတ်ပေမယ့် ၁၀% နှုန်းလောက်က ပြန်ဖြစ်တတ်တယ်။ ပြန်ဖြစ်ရင် ပထမဖြစ်ထားတာရဲ့ နောက်တစ်ဖက်ကိုလည်း ထိခိုက်နိုင်ပါတယ်။
  • သေသေချာချာ စနစ်တကျနဲ့ အမြန်ဆုံးကုမယ်ဆိုရင် ဒီလိုဖြစ်တာတာ တအားကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ ပထမ ၂ လ အတွင်းမှာပဲ ရာနှုန်းပြည့်နီးပါး ပြန်ကောင်းနိုင်ပါတယ်။

ပါးရွဲ့ခြင်းနဲ့ပတ်သက်လို့ မသိသေးတဲ့အချက်တွေ...

ရုတ်တရက် ချက်ချင်း ပါးစပ်ကြီးရွဲ့ သွားတယ်ဆိုရင် လန့်သွားကြမှာတော့ အမှန်ပါပဲ။ ဒါဟာ Bell’s palsy လို့ ခေါ်တဲ့ ရောဂါရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဦးခွံထဲမှာရှိတဲ့ cranial nerves လို့ခေါ်တဲ့ နာဗ်ကြောအုပ်စုက မျက်နှာလှုပ်ရှားမှုကို ထိန်းသိမ်းပေးတာနဲ့ဆိုင်တဲ့ နာဗ်ကြောတွေ ရောင်ရမ်းရာကနေ ဖြစ်သွားတာပါ။

မျက်နှာတစ်ခြမ်းရွဲ့ခြင်းဟာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ အလုပ်အကိုင်မရွေး လူ ၅၀၀ မှာ ၁ ယောက် နှုန်းလောက် ဖြစ်နိုင်ချေ ရှိပါတယ်။ရုတ်တရက် ချက်ချင်းကြီးဖြစ်လာတတ်တယ်ဆိုပေမယ့် ဖြစ်တော့မယ်ဆိုရင် ရှေးဦးလက္ခဏာ တစ်ချို့တော့ အရင် ပြတတ်ပါသေးတယ်။ ပါးစပ် စ ရွဲ့ပြီးတော့ မျက်စိပိတ်မရနိုင်ခင်လေးမှာ နားရွက်နောက်နားမှာ ကိုက်လာတာတို့ ဘာတို့ စသည်ဖြင့် ပေါ့။

မျက်လုံး ပိတ်မရတာကြောင့် မျက်ကြည်လွှာ ခြောက်သွေ့ပြီး မျက်လုံးတွေ ကျိန်းစပ်နေတတ်ပါတယ်။ ပါးစပ်ရွဲ့သွားတဲ့အတွက် အစာစားရင်လည်း နှုတ်ခမ်းထောင့်စွန်းကနေ သွားရည်တွေ စီးကျတာမျိုး ဖြစ်လာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုး ဆိုး လာမယ်။ စကားပြောရခက်လာတာ၊ မပီတာ၊ ပြုံးလို့မရတာ၊ မျက်တောင်ခတ်လို့ မရတော့တာ စတာတွေ ကြောင့် ပတ်ဝန်းကျင်ကလူတွေ သတိပြုမိလာပါမယ်။ တစ်ချို့ကျတော့ ပါးစပ်လှုပ်လို့မရတာ၊ မျက်လုံးပိတ်လို့မရတာ၊ မျက်ခုံးပင့်လို့မရတာ၊ စကားပြောလို့မရတာအပြင် လေချွန်လို့မရတာ၊ ပိုက်နဲ့ စုပ်သောက်လို့ မရတာ စတာတွေပါ ဖြစ်လာပါတယ်။ ဒါမျိုးတွေဟာ မျက်နှာတစ်ဖက်ခြမ်းက ကြွက်သားတွေ ပုံမှန် အလုပ်မလုပ်တော့တဲ့အခါမှာ ဖြစ်လာတာ ဖြစ်ပါတယ်။ တစ်ချို့က မျက်နှာတစ်ခြမ်း ရောင်နေသလိုလို တင်းနေသလိုလို၊ ထုံနေသလိုလည် ခံစားရပါတယ်။ ဒါတွေဟာ မျက်နှာတစ်ဝိုက်က ကြွက်သားတွေ အရင်တုန်းကအတိုင်း အလုပ်မလုပ်တော့လို့  အဲဒီ ဧရိယာမှာ သွေးတွေလာပြီး စု တဲ့အတွက်ကြောင့် ဖြစ်ရတာပါ။ အာရုံခံစားမှုနဲ့ဆိုင်တဲ့ ဆဲလ်တွေရဲ့ နှိုးဆွမှုကြောင့်  ထုံကျင်တာကို ခံစားရတာပါ။ ဒါပေမယ့် ဒါဟာ အာရုံခံဆဲလ်တွေ ပျက်စီးသွားလို့ ဖြစ်တာ မဟုတ်ပါဘူး။  တစ်ချို့ဆို မျက်နှာထုံတဲ့ အခြမ်းက လျှာပါ ထုံပြီး အရသာ ခံလို့ မရတာတွေ တောင် ရှိပါတယ်။

မျက်နှာတစ်ခြမ်းရွဲ့သူများဟာ ၄ ပတ်ကနေ ၈ ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒီထဲကမှ ၁၀% လောက်ကတော့ ပြန်ဖြစ်နိုင်ပါတယ်။ ပြန်ဖြစ်လို့ရှိရင် တခြားတစ်ဖက်မှာ ပြန်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အရင်ဖြစ်ခဲ့တဲ့ဘက်မှာပဲ ပြန်ဖြစ်ပြီး အချိန်တော်တော်ကြာကြာ.. တစ်ချို့ တစ်သက်လုံးလည်း ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များတတ်သလဲ။

  • ကိုယ်ဝန်ဆောင်မိခင်များ၊ အထူးသဖြင့် ကိုယ်ဝန်တတိယသုံးလ ဒါမှမဟုတ် ကလေးမွေးဖွားပြီးကာလများ။
  • ဒါမျိုးဖြစ်တတ်တဲ့ မျိုးရိုးရှိသူတွေ။
  • ဆီးချိုဝေဒနာရှင်တွေ။
  • အအေးမိ၊ တုပ်ကွေး စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုဖြစ်နေတဲ့သူတွေထဲက တစ်ချို့။
  • လုံလောက်တဲ့အနားယူမှု မရတဲ့သူတွေ၊ ကိုယ်ခံအားနည်းတဲ့အတွက် ဖျားနာမှုနဲ့ ရောဂါကူးစက်လွယ်သူတွေ။
  • စိတ်ဖိစီးမှုများတဲ့သူတွေ။
  • အရင်က ထိခိုက်ဒဏ်ရာ ရထားဖူးတဲ့သူတွေ။

ဖြစ်လာပြီဆိုရင် ဘာလုပ်ကြမလဲ။

  • မအိပ်ခင်မှာ မျက်စိထဲ ညှစ်ဆေးထည့်ပေးတာတို့၊ မျက်စိအုပ်တဲ့ဟာလေး (eye pad) တပ် အိပ်တာတို့ လုပ်ပေးခြင်းအားဖြင့် ပွင့်နေတဲ့မျက်လုံးထဲကို ဖုန်တွေဘာတွေ မဝင်အောင် ကာကွယ် ပေးရပါမယ်။
  • အပြင်ထွက်ရင် မျက်လုံးအကာအကွယ်ရအောင် မျက်မှန်တပ်ပြီးမှ ထွက်ရပါမယ်။
  • ဖြစ်တဲ့ဘက်က မျက်လုံးကို မပွတ်ပါနဲ့။
  • မျက်နှာကြွက်သားများနဲ့ဆိုင်တဲ့ လေ့ကျင်ခန်း နဲ့ မျက်နှာကြွက်သားအားနည်းမှုတွေကို နှိုးဆွပေးတဲ့ လေဆာ စတဲ့ နည်းတွေကိုသုံးတဲ့ ကုထုံးတွေကို မှန်မှန်ခံယူရမယ်။

ခုချိန်ထိတော့ ဒီရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပါဘူး။ ဦးနှောက်က တိုက်ရိုက်လာတဲ့ မျက်နှာလှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ၇စုံမြောက် နာဗ်ကြော ရောင်ရမ်းလာခြင်းနဲ့အတူ မျက်နှာကြွက်သားတွေဆီကို သွေးပို့လွှတ်မှုမရှိတော့တဲ့အတွက် မျက်နှာတစ်ခြမ်း အကြောသေခြင်းကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက လေဖြတ်တာနဲ့တော့ အများကြီး ခြားနားပါတယ်။ လေဖြတ်တယ်ဆိုတာက ကိုယ်တစ်ခြမ်းသေသွားတာဖြစ်ပြီး ပြန်မကောင်းနိုင်တော့ပါ။

Bell’s palsy လို့ခေါ်တဲ့ မျက်နှာတစ်ခြမ်းရွဲ့တာကတော့ ဘယ်လိုပုံစံနဲ့ပဲ ရွဲ့ရွဲ့ သိပ် စိုးရိမ်စရာမရှိဘူး။ ဖြစ်တဲ့သူ ၁၀၀ မှာ ၁၀၀လုံးနီးနီး ဟာ ဖြစ်ဖြစ်ချင်း ၂ ပတ်အတွင်းမှာပဲ ပြန်ကောင်းအောင် ကုလို့ရပါတယ်။ သင့်တော်တဲ့ ကုသမှုကို အချိန်မီ ခံယူနိုင်ဖို့တော့ လိုအပ်တာပေါ့။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။