စောစောစီးစီးရောဂါရှာဖွေတွေ့ရှိရင်ကုသအောင်မြင်မှုနှုန်းမြင့်မားတဲ့ ဆီးကျိတ်ကင်ဆာ

စောစောစီးစီးရောဂါရှာဖွေတွေ့ရှိရင်ကုသအောင်မြင်မှုနှုန်းမြင့်မားတဲ့ ဆီးကျိတ်ကင်ဆာ

အနှစ်ချုပ်

  • ဆီးကျိတ်ကင်ဆာဟာ ကင်ဆာအမျိုးပေါင်းများစွာရှိတဲ့ထဲမှ အဆုတ်ကင်ဆာ ပြီးရင် အမျိုးသားများကို ဒုတိယ အများဆုံးသေဆုံးမှုဖြစ်စေတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။
  • အသက်(၅၀) အထက်အမျိုးသားများအနေနဲ့ ဆီးကျိတ်ကင်ဆာအတွက် နှစ်စဥ် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပေးသင့်ပါတယ်။
  • ဆီးကျိတ်ကင်ဆာဟာ ကနဦးအဆင့်မှာ ဘာလက္ခဏာမှမပြပါဘူး။ တခြား ကိုယ်အဂ်ါအစိတ်အပိုင်းတွေဆီ ကင်ဆာပျံ့နှံ့မှုကနေကာကွယ်ဖို့အတွက် ကင်ဆာရောဂါ အထူးကုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေသင့်ပါ တယ်။

ကင်ဆာရောဂါဟာ လူ့အသက်ပေါင်းများစွာကို သေဆုံးစေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကနဦးအဆင့်မှာ စောစောစီးစီး ရောဂါရှာဖွေ တွေ့ရှိတယ်ဆိုရင် အောင်မြင်စွာကုသနိုင်တဲ့ ကင်ဆာအမျိုးအစားများလည်း ရှိပါတယ်။ အဲဒီထဲကမှ ဆီးကျိတ်ကင်ဆာဟာ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသလို ကနဦးအဆင့်မှာလည်း ထင်သာတဲ့လက္ခဏာ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဟာ နှစ်စဥ် ပုံမှန် ရောဂါစစ်ဆေးမှသာလျှင် ရှာဖွေ တွေ့ရှိနိုင်တာဖြစ်ပါတယ်။

ဆီးကျိတ်ဟာ အမျိုးသားများရဲ့ မျိုးပွားမှုစနစ်နဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ဆီးအိမ်နဲ့ နီးကပ်စွာ တည်ရှိပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားများရဲ့ သုတ်ရည်ထုတ်လွှတ်မှု အချိန်အဆ ကို ပံ့ပိုးပေးတဲ့ ဂလင်းအရည် တစ်မျိုးကို ထုတ်လုပ် ပေးပါတယ်။ အမျိုးသားများသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ရဲ့ အရွယ်အစားဟာလည်း တဖြည်းဖြည်းကြီးထွားလာပါတယ်။

လက္ခဏာများ

ဆီးကျိတ်ကင်ဆာရဲ့ ကနဦးအဆင့်မှာ လူနာဟာ ပြင်ပလက္ခဏာမပြတာကြောင့် ကင်ဆာဟာ ပိုမိုကြီးထွားလာပြီး တခြားသော ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို မပျံ့ နှံ့ခင်အချိန်အထိ ရောဂါဖြစ်နေတယ်ဆိုတာကို မသိရပါဘူး။

အမျိုးသားတစ်ယောက်အနေနဲ့အောက်ပါလက္ခဏာတစ်ခုခုကို ခံစားနေရပြီဆိုရင် တိတိကျကျရောဂါရှာဖွေစစ်ဆေးဖို့ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။

  • ဆီးမကြာခဏသွားဖို့လိုအပ်ခြင်း (အထူးသဖြင့် ညအိပ်ချိန်များတွင်)
  • ဆီးအနည်းငယ်သာသွားပြီး စူးခနဲခံစားရခြင်း
  • ဆီး မှာ သွေးပါခြင်း
  • အရိုးများနာကျင်ကိုက်ခဲခြင်း

ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းများ

ဆီးကျိတ်ကင်ဆာဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအချက်ကို ရှင်းရှင်းလင်း လင်းမသိရပေမယ့်လည်း ရောဂါဖြစ်ပွားစေတဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်း တချို့ရှိပါတယ်။ အောက်ပါလက္ခဏာများဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။

  • အမျိုးသားများအသက်(၅၀)ကျော်ခြင်း
  • အဝလွန်ခြင်း
  • အရက်ပုံမှန်သောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အဆီအဆိမ့်များတဲ့အစားအစာများစားသုံးခြင်း
  • သစ်သီးနဲ့ အသီးအရွက် လုံလောက်စွာမစားခြင်း (သို့) လုံးဝမစားခြင်း
  • မိသားစုထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးသူရှိခြင်း

ရောဂါရှာဖွေခြင်း

ဆီးကျိတ်ကင်ဆာအတွက် ဆီးကျိတ် ကနေ ထုတ်လုပ်တဲ့ ဓါတ်ပစ္စည်းတစ်ခုဖြစ်တဲ့ Prostate Specific Antigen(PSA) ပမာဏတိုင်းတာဖို့ သွေးစစ်ခြင်းနည်းလမ်းနဲ့ ရောဂါရှာဖွေစစ်ဆေးနိုင်ပါတယ်။ အဲဒီအပြင် ဆရာဝန်က လူနာရဲ့ စအိုထဲကို လက်နှိုက်ပြီး ဆီးကျိတ်ရဲ့ ပုံစုံနဲ့ အနေအထား စစ်ဆေးခြင်းနည်းလမ်းကိုလည်း အသုံးပြုမှာဖြစ်ပါတယ်။

တကယ်လို ပုံမှန်မဟုတ်တဲ့ဟာ တစ်ခုခုတွေ့ရှိရတယ်ဆိုရင် လူနာကို MRI ရိုက်ခိုင်းပြီး နောက်ထပ်လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးမှုများအတွက် ဆီးကျိတ် အသားစနမူနာယူမှာဖြစ်ပါတယ်။ တကယ်လို့ ဆီးကျိတ်ကင်ဆာဖြစ်တာ သေချာ နေပြီဆိုရင်တော့ ကင်ဆာဟာ ဘယ်အဆင့်ရှိနေလဲသိရဖို့ နောက်ထပ်လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါမှသာ သင့်လျော်တဲ့ကုသမှုနည်းလမ်း နဲ့ ကုသနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုကုသမှုနည်းလမ်းတွေကိုရွေးချယ်နိုင်လဲ

ဆီးကျိတ်ကင်ဆာဟာ ကနဦးအဆင့်ဆိုရင် အောင်မြင်စွာကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့် လုံးဝအကောင်းပကတိအတိုင်း ပြန်ဖြစ်ဖို့ကတော့ လူနာရဲ့ အသက်အရွယ် ၊ ခန္ဓာကိုယ်အရွယ်အစားနဲ့ ကျန်းမာရေအခြေအနေပေါ်မူတည်ပါတယ်။

  • High-intensity focused ultrasound (HIFU) HIFU ဆိုတာဟာ အာထရာစောင်းလှိုင်း(အသံလှိုင်း) နဲ့ အပူပေးပြီး ဆီးကျိတ်ဂလင်းထဲမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်စီးပစ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်း ကို ဆီးကျိတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှု (သို့) ခီမိုဆေးသွင်းခြင်း လုပ်ဆောင် ရလောက်တဲ့အထိ မကြီးမားသေးတဲ့ အခြေအနေမှာ အသုံးပြု ပါတယ်။
  • ခွဲစိတ်ကုသခြင်း - ခွဲစိတ်ကုသခြင်းဟာ ကင်ဆာတစ်ရှူးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီကုသမှုပုံစံ ဟာ ကျန်းမာရေးကောင်းပြီး မွေးရာပါရောဂါမရှိတဲ့ အသက်ငယ်ရွယ်သူလူနာ များအတွက် သင့်လျော်ပြီး ကုသအောင်မြင်မှုရာခိုင်နှုန်းမြင့်မားပါတယ်။ ခွဲစိတ်ကုသမှုကို သမားရိုးကျဗိုက်ကိုခွဲတဲ့ နည်းလမ်းအတိုင်းလုပ်ဆောင် နိုင်သလို Arthroscopic Technique ခေါ် ဗိုက်ကို အပေါက်အနည်းငယ်ဖောက်ပြီး ကိရိယာထည့်သွင်းခွဲစိတ်ကုသမှုနည်း လမ်းအတိုင်းလည်း လုပ်ဆောင်နိုင်ပါတယ်။
  • ဓာတ်ရောင်ခြည်ကုထုံး - ဓာတ်ကင်ခြင်းလို့လည်း လူသိများတဲ့ ဓာတ်ရောင်ခြည်ကုထုံးဟာ ခွဲစိတ်ကုသမှုမလုပ်ချင်တဲ့ သက်ကြီးပိုင်းလူနာများ ၊ ခွဲစိတ်ကုသမှုလုပ်ဆောင်လို့မရတဲ့လူနာများ ကို ကုသရာမှာအသုံးပြုပါတယ်။ ပစ်မှတ်ထားဓာတ်ရောင်ခြည်ကုထုံး (Targeted Radiation Therapy)ဟာ ခန္ဓာကိုယ်ရဲ့ ပြင်ပ အဂ်ါအစိတ်အပိုင်းများကို ဦးတည်လုပ်ဆောင်နိုင်သလို ဆီးကျိတ်ကို တိုက်ရိုက် ပစ်မှတ်ထားပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။
  • သတိထားစောင့်ကြည့်ခြင်း - အသက်အရမ်းကြီးတဲ့လူနာများ ၊ ရောဂါပြင်းထန်အဆင့်မရောက်သေးတဲ့ လူနာများအတွက် ဘာကုသမှုမှမလုပ်ဘဲ ရောဂါအခြေအနေနဲ့ ရောဂါလက္ခဏာကို ဂရုပြု စောင့်ကြည့်ခြင်းဟာလည်း ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါ တယ်။
  • ဟော်မုန်းကုထုံး – Testosterone ခေါ် ကျား ဟော်မုန်း ပမာဏကိုလျှော့ချတဲ့ ဟော်မုန်းဆေးများသောက်ပြီးလည်း ကုသ နိုင်ပါတယ်။ ဒီကုသမှုနည်းလမ်းကို ရောဂါရဲ့ ကနဦးအဆင့်နဲ့ ဆီးကျိတ်ကင်ဆာ ရဲ့ အဆင့်ဆင့်တိုင်းမှာ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
  • ခီမိုဆေးသွင်းခြင်း - ဟော်မုန်းကုထုံးနဲ့ မအောင်မြင်တဲ့ အခြေအနေမှာ ခီမိုဆေးသွင်းခြင်းနည်းလမ်းကို လုပ်ဆောင်နိုင်ပါတယ်။
  • ခီမိုဆေးသွင်းခြင်းမဟုတ်ဘဲဟော်မုန်းဟန့်တားဆေးပုံစံအသစ် - ဟော်မုန်း လျော့ပါးစေတဲ့ကုထုံးနဲ့ အဆင်မပြေတဲ့ လူနာတွေအတွက် ဒီနည်းလမ်းနဲ့ ဆီးကျိတ်ကင်ဆာကို ကုသလို့ရနိုင်ပါတယ် ( ဥပမာ - ဝှေးစေ့ထုတ်ထားပြီး တခြားသောအစိတ်အပိုင်းများကို ကင်ဆာမပျံ့နှံသေးတဲ့လူနာများ)။ ဒီနည်းလမ်းဟာ ရောဂါပျံ့နှံ့နိုင်မှုကိုနှေးကွေးစေပြီး သေဆုံးနိုင်ခြေကို လျှော့ချ ပေးတဲ့အပြင် ဆံပင်ကျွတ်တာကိုကာကွယ်ပေးခြင်း ၊ သွေးဖြူဥများကို ထိန်းသိမ်းပေးခြင်း ၊ လူနာအနေနဲ့ ဆေးသောက်နေရတာတောင် ကောင်းမွန်တဲ့ဘဝပုံစံကို ရရှိစေခြင်း စတဲ့ အားသာချက်တွေရှိနေပါတယ်။

ဒါပေမယ့်လည်း သင့်လျော်တဲ့ ကုသမှုနည်းလမ်းကိုရွေးချယ်ဖို့ဟာ လူနာတစ်ဦး ချင်းစီရဲ့ အခြေအနေကို တာဝန်ယူကုသပေးတဲ့ အထူးကုဆရာဝန် အပေါ်မှာ မူတည် ပါတယ်။ ကင်ဆာ နောက်ထပ်မဖြစ်ပွားစေဖို့အတွက် အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုနည်းလမ်းတွေထဲက တစ်ခု (သို့) တစ်ခုထက်ပိုတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်း ၊ တခြားသော ကုသမှုနည်းလမ်းများနဲ့ တွဲဖက်ကုသခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာဟာ အဆုတ်ကင်ဆာပြီးရင် အမျိုးသားများကို သေဆုံးမှု ဒုတိယအများဆုံးဖြစ်စေတဲ့ ကင်ဆာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါကို စောစောစီးစီးရှာဖွေတွေ့ရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကနဦးအဆင့်မှာ လက္ခဏာမပြတာကြောင့် အမျိုးသားများ အနေနဲ့ အဆီဓာတ်မြင့်မားတဲ့ အစားအစာများကိုရှောင်ရှားပြီး ကိုယ်အလေးချိန်ကို သေချာထိန်းသိမ်းခြင်းဖြင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် နှစ်စဥ်ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ဖို့ဟာလည်း နောက်ထပ်အရေးကြီး တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုထဲမှာ ရောဂါဖြစ်ဖူးသူရှိတယ် ဆိုရင် နှစ်စဥ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ အရေးကြီးပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများကိုပေးစွမ်းဖို့အဆင်သင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်ကနေတစ်ဆင့် ဆရာဝန်နှင့် ကုသမှုအစီအစဥ်ကို ဆွေးနွေးတိုင်ပင်ခြင်း (အကြံဉာဏ်ကောင်းရယူခြင်း)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများရှိခဲ့မယ်ဆိုရင် ဆစ်မီတဝေ့ဆေးရုံမှာလုပ်ဆောင်နိုင်တဲ့ဆေးကုသမှု နှင့် ခန့်မှန်းကုန်ကျစရိတ်များကို အစီအစဥ်များရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ဆေးရုံရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့(Appraisals Team) မှ အာမခံ စျေးနှုန်းနဲ့အတူ ကုန်ကျစရိတ်ကိုတွက်ချက်ရေးဆွဲခြင်း ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဥ်များအတွက်သာ)။
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့် မာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ ( ဆေးရုံနှင့် စာချုပ်ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။