“အကြားအာရုံ ဆုံးရှုံးခြင်း” ဆိုတာ အသက်အရွယ်ကြီးရင့်လာမှု ဖြစ်စဉ်ရဲ့ ရလဒ်တစ်ခုအနေနဲ့ ဖြစ်ပေါ်လာတတ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ နားအတွင်းပိုင်း အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းလာခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံ အခက်အခဲတွေဟာ အခြားသော ရောဂါဝေဒနာတချို့လို အသက်အန္တရာယ် မစိုးရိမ်ရပေမယ့်၊ ဝေဒနာခံစားရသူရဲ့ နေ့စဉ်လူမှုဘဝအပေါ်မှာတော့ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ အကြားအာရုံချွတ်ယွင်းခြင်းဟာ သက်ကြီးရွယ်အို နဲ့ သူ့ကို ပြုစုစောင့်ရှောက်သူကြား ဆက်သွယ်ပြောဆိုရေးမှာ အခက်အခဲတွေ ဖြစ်စေနိုင်ပြီး၊ ဆေးသောက်ရမယ့်အချိန် ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုစီမံခန့်ခွဲရမယ် ဆိုတဲ့ အချက်တွေအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာဆိုရင် အကြားအာရုံ အခက်အခဲတွေကြောင့် လူနာဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာပြီး လူမှုပတ်ဝန်းကျင်မှ ဖယ်ကြဉ်နေထိုင်ခြင်း၊ သို့မဟုတ် စိတ်ဖိစီးမှု နဲ့ စိတ်ဓာတ်ကျခြင်းတို့အထိတောင် ဖြစ်သွားစေနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့ အမျှ နားအတွင်းပိုင်းရှိ ခရုပတ်ပုံအင်္ဂါမှ အမွှေးအမျှင်ဆဲလ်များ (နားခိုဆံဆဲလ်များ) (Cochlear hair cells) ယိုယွင်းပျက်စီးလာခြင်းကြောင့် အကြားအာရုံချွတ်ယွင်းမှု ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ အဆိုပါဆဲလ်တွေဟာ ပထမဆုံး ထိခိုက်ပျက်စီးလေ့ရှိတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ကြပါတယ်။ အသက်ကြီးလာလေလေ၊ ကြိမ်နှုန်းမြင့်အသံများ (High frequency sounds) ကို ကြားနိုင်စွမ်း နည်းပါးလာလေလေပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဒီအခက်အခဲတွေဟာ ပိုမိုသိသာလာပြီး နောက်ဆုံးမှာ စကားပြောသံလိုမျိုး အလယ်အလတ်ကြိမ်နှုန်းအသံများ (Mid-range frequencies) ကိုတောင် ကြားရဖို့ ခက်ခဲလာပါတယ်။ ဒီအချက်များအားလုံးကြောင့် သက်ကြီးရွယ်အိုတွေဟာ အသံကို သဲသဲကွဲကွဲ မကြားရတော့ဘဲ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတတ်ပါတယ်။ ဒါ့အပြင် ခရုပတ်ပုံအင်္ဂါ ယိုယွင်းမှုကို မြန်ဆန်စေတဲ့ တခြားအကြောင်းရင်းနှစ်ခုကတော့ အချို့သော ဆေးဝါးများ သုံးစွဲခြင်းနဲ့ ဆီးချို၊ သွေးတိုး နဲ့ သွေးတွင်းအဆီများခြင်း ၊ စတဲ့ နာတာရှည် ကျန်းမာရေးပြဿနာများပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအခြေအနေကို လျစ်လျူရှုထားမယ်ဆိုရင် နောက်ဆုံးမှာ အကြားအာရုံ လုံးဝ ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အကြားအာရုံ ချွတ်ယွင်းခြင်းဆိုတာ အကြားအာရုံ စွမ်းဆောင်ရည် လျော့နည်းသွားတာကို ဆိုလိုပြီး ချွတ်ယွင်းမှု အခြေအနေအလိုက် အောက်ပါအတိုင်း အဆင့်ဆင့် ခွဲခြားသတ်မှတ်ထားပါတယ် -
| ကြားနိုင်စွမ်းရှိသော အသံများ | ပြင်းထန်မှုအဆင့် |
| 0 မှ ၂၅ ဒက်စီဘယ် (Decibels) အတွင်းရှိ စကားပြောသံများကို ကြားနိုင်ခြင်း | ပုံမှန်အကြားအာရုံ |
| တိုးတိုးလေးပြောသော အသံများကို မကြားနိုင်သော်လည်း ၂၆ မှ ၄၀ ဒက်စီဘယ် (Decibels) အတွင်းရှိသော အသံများကို ကြားနိုင်ခြင်း | အပျော့စား အကြားအာရုံချွတ်ယွင်းခြင်း |
| ပုံမှန်အသံအတိုးအကျယ်ဖြင့် ပြောဆိုသော စကားများကို မကြားနိုင်ဘဲ ၄၁ မှ ၅၅ ဒက်စီဘယ် (Decibels) နဲ့ ထိုထက်ကျယ်သော အသံများကိုသာ ကြားနိုင်ခြင်း | အလယ်အလတ် အကြားအာရုံချွတ်ယွင်းခြင်း |
| ပုံမှန်ထက် ကျယ်လောင်စွာ ပြောဆိုနေသည့်တိုင် စကားသံများကို မကြားနိုင်ဘဲ ၅၆ မှ ၇၀ ဒက်စီဘယ် (Decibels) နဲ့ ထိုထက်ကျယ်သော အသံများကိုသာ ကြားနိုင်ခြင်း | အသင့်အတင့် ပြင်းထန်သော အကြားအာရုံချွတ်ယွင်းခြင်း |
| အော်ဟစ်ပြောဆိုသည့် အသံများကိုပင် မကြားနိုင်ဘဲ ၇၁ မှ ၉၀ ဒက်စီဘယ် (Decibels) နဲ့ ထိုထက်ကျယ်သော အသံများကိုသာ ကြားနိုင်ခြင်း | ပြင်းထန်စွာ အကြားအာရုံချွတ်ယွင်းခြင်း |
| ၉၁ ဒက်စီဘယ် (Decibels) နဲ့ ထိုထက်ကျယ်သော အသံများကိုသာ ကြားနိုင်ခြင်း | အကြားအာရုံ ချွတ်ယွင်းသူ |
လက်ရှိအချိန်မှာ အသက်အရွယ်ကြောင့် အကြားအာရုံချွတ်ယွင်းမှုကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးပါ။ ဒါကြောင့် အကြားအာရုံချွတ်ယွင်းမှုဟာ လူနာရဲ့ ဘဝနေထိုင်မှုအပေါ် ဆိုးကျိုးတွေ စတင်သက်ရောက်လာပြီဆိုရင် ဆရာဝန်က ပတ်ဝန်းကျင်က အသံတွေကို ချဲ့ပေးနိုင်တဲ့ နားကြားကိရိယာ (နားကြပ်) (Hearing Aid) တပ်ဆင်ပေးဖို့ အကြံပြုပါလိမ့်မယ်။ နားကြားကိရိယာကို နားထဲမှာ တပ်ဆင်ရပေမယ့် လိုအပ်တဲ့အခါ ပြန်ဖြုတ်ထားနိုင်ပါတယ်။ သို့သော် အကြားအာရုံချွတ်ယွင်းမှု ပိုမိုပြင်းထန်လာရင် သို့မဟုတ် လူနာက လုံးဝနားမကြားတော့ဘူးဆိုရင်တော့ နားအတွင်းပိုင်းသို့ ခရုပတ်တု (Cochlear Implant) ခွဲစိတ်တပ်ဆင်ဖို့ ဆရာဝန်က စဉ်းစားလာနိုင်ပါတယ်။
အသက်အရွယ်ကြောင့် အကြားအာရုံချွတ်ယွင်းတဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်လာပြီဆိုရင် သက်ကြီးရွယ်အိုတွေဟာ မိမိရဲ့ နားကို ထိခိုက်မှုမရှိစေဖို့ အထူးဂရုစိုက်သင့်ပြီး အကြားအာရုံအဆင့်ကို စစ်ဆေးဖို့ ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။ ဒါ့အပြင် ဆူညံတဲ့ နေရာတွေကို ရှောင်ကြဉ်ခြင်း၊ အကြားအာရုံယိုယွင်းမှုကို မြန်ဆန်စေနိုင်တဲ့ နာတာရှည်ရောဂါအခံတွေကို သေသေချာချာ ကုသထိန်းသိမ်းခြင်းနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မည်သည့်နားခတ်ဆေးကိုမျှ လုံးဝအသုံးမပြုခြင်းတို့ကို ပြုလုပ်ရပါမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အဓိက အာဟာရအုပ်စု (၅) စုလုံး ပါဝင်ပြီး မျှတတဲ့ အစားအစာများကို စားသုံးခြင်း၊ လုံလောက်စွာ အနားယူခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် နေထိုင်ခြင်းတို့ဟာလည်း အသက်အရွယ်ကြောင့် အကြားအာရုံချွတ်ယွင်းခြင်းကနေ ကာကွယ်ဖို့ များစွာအထောက်အကူပြုပါတယ်။
ဆစ်မီတဝေ့ဆေးရုံရှိ နား၊ နှာခေါင်း၊ လည်ချောင်း (ENT) ဆေးခန်းဟာ နား၊ နှာခေါင်းနဲ့ လည်ချောင်းဆိုင်ရာ ဝေဒနာများအတွက် ပြည့်စုံတဲ့ ရောဂါရှာဖွေရေး နဲ့ ကုသမှုဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်။ နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားထားတဲ့ အထူးကုဆရာဝန်ကြီးများ နဲ့ ခေတ်မီဆန်းသစ်တဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ရှိတာကြောင့် ENT ဆိုင်ရာ ပြဿနာအမျိုးမျိုးအတွက် တိကျတဲ့ ရောဂါရှာဖွေမှုနဲ့ လူနာတစ်ဦးချင်းစီအလိုက် အကြားအာရုံချွတ်ယွင်းခြင်း၊ စကားပြောဆိုမှုဆိုင်ရာ အခက်အခဲများ၊ ဟောက်ခြင်း၊ အဖုအကျိတ်များ၊ ကင်ဆာရောဂါများ နဲ့ မွေးရာပါရောဂါများ စတဲ့ဝေဒနာတွေအတွက် လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို ပေးစွမ်းနိုင်တဲ့အကြောင်း သတင်းစကား ပါးလိုက်ရပါတယ်။
ဆောင်းပါးများ