ကင်ဆာကိုအပြတ်ရှင်းဖို့ ပစ်မှတ်ထားကုထုံး (Targeted Therapy) ရှိတယ်....

ကင်ဆာကိုအပြတ်ရှင်းဖို့ ပစ်မှတ်ထားကုထုံး (Targeted Therapy) ရှိတယ်....

အနှစ်ချုပ်

  • အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ဟာ ကင်ဆာအမျိုးမျိုးဖြစ်ပွားစေနိုင်တဲ့ အကြီးမားဆုံး အန္တရာယ်များထဲမှ အကြောင်းအရင်းနှစ်ခုဖြစ်ပါတယ်။
  • ကင်ဆာ ရောဂါရဲ့ ကနဦးဖြစ်ပွားမှုအဆင့်ကို တစ်နှစ်တစ်ခါပြုလုပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများမှ ရှာဖွေသိရှိနိုင်ပါတယ်။
  • Targeted Therapy(ပစ်မှတ်ထားကုထုံး) ဟာ (၈၀) ရာခိုင်နှုန်းအထိ အကျိုးရှိပါတယ်။ ဒါပေမယ့်လည်းပုံမှန်ကုသနေကျ ခီမိုဆေးသွင်းခြင်း(Chemotherapy) ကတော့ ခန့်မှန်းအောင်မြင်မှု(၃၀) ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

     

ကင်ဆာဆဲလ်တွေဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ မွေးကတည်းကစလို့ ယနေ့ချိန်ထိ ကိန်းအောင်းနေပါတယ်။ ဒါကြောင့်လူသားများနဲ့  ကင်ဆာရောဂါဆိုတာ ခွဲခြားလို့မရတဲ့ မိတ်ဆွေတွေလို့ဆိုရမှာဖြစ်ပါတယ်။  ကင်ဆာဆဲလ်တွေ အန္တရာယ်ရှိ မရှိဆိုတာကတော့ သူတို့ရဲ့ သန္ဓေပြောင်းလဲမှုနဲ့ ထွက်ပေါ်လာတဲ့အပြောင်းအလဲတွေကို ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမှု အပေါ်မူတည်နေပါတယ်။

ကင်ဆာရောဂါဟာ ဆဲလ်ပမာဏ ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ကျွန်တော်တို့ရဲ့ မျိုးရိုး ၊ မျိုးရိုးဗီဇဆိုင်ရာအစိတ်အပိုင်းတွေ အသွင်ပြောင်းသွားခြင်းကြောင့်ဖြစ်ပါတယ်။ ကင်ဆာဆဲလ် တွေဟာ အချိန်မရွေး ကြီးထွားဖွံ့ဖြိုးလာနိုင်ပေမယ့် ဆဲလ်ပြောင်းလဲမှုဟာ အနည်းအကျဉ်းမျှသာဆိုရင် ခန္ဓာကိုယ်ထဲရှိတဲ့ သွေးဖြူဥတွေက သတိပြုမိပြီး ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါဆိုရင် အဲဒီလူမှာ ကင်ဆာ ဖြစ်မလာတော့ပါဘူး။ ဒါပေမယ့် တချို့သူတွေမှာ ဆဲလ် မူမမှန်ခြင်းဟာ ချက်ချင်းဆိုသလို အများကြီး ဖြစ်လာမယ်ဆိုရင် ကင်ဆာဆဲလ်တွေဟာ သွေးဖြူဥတွေကို ဖျက်ဆီးတိုက်ထုတ်နိုင်လောက်တဲ့အထိ ကြီးထွားလာမှာဖြစ်ပါတယ်။ အဲဒီကင်ဆာဆဲလ်တွေဟာ ကြီးသထက် ကြီးထွားလာပြီး အကျိတ်အရွယ်အစား(သို့မဟုတ်) အကျိတ်ပုံသဏ္ဍာန် သို့ပြောင်းလဲကာ ကင်ဆာ လို့ခေါ်တဲ့ ရောဂါကြီး စွဲကပ်လာပါတော့တယ်။

 

ကင်ဆာကိုအနိုင်ယူခြင်း

ယနေ့ခေတ်မှာ ကင်ဆာကို ထိထိရောက်ရောက်ကုသပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိနေပါပြီ။  အများစုကုသမှုတွေဟာ အဓိက ကုသမှုနည်းလမ်း(၃)မျိုးဖြစ်တဲ့ ခွဲစိတ်ကုသခြင်း ၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဆေးဝါးများ ကိုပေါင်းစပ်ထားပါတယ်။ လက်ရှိချိန်မှာဆိုရင် ခီမိုဆေးသွင်းခြင်း ၊ ပစ်မှတ်ထားကုထုံး(Targeted Therapy) ၊ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Home-Based Immunotherapy) စတဲ့ ကုသမှုနည်းလမ်းတွေလည်းရှိနေပါတယ်။ ဒီလိုနည်းလမ်းအမျိုးမျိုးရှိတဲ့အနက် ဘယ်ကုထုံးကို အသုံးပြုမလဲဆိုတာကတော့ ကင်ဆာအမျိုးအစားနဲ့ ဖြစ်ပွားနေတဲ့ကင်ဆာအဆင့်အပေါ်မှာ မူတည်ပါတယ်။

ခွဲစိတ်ကုသခြင်းနဲ့ ဓာတ်ရောင်ခြည်ကုထုံးကို တွဲဖက်ပြီး ကုသမှုပေးခြင်းဟာ ကင်ဆာကနဦးအဆင့် မှာ ကင်ဆာကို အမြစ်ပြတ်ဖယ်ရှားဖို့ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကင်ဆာကနဦးအဆင့်မှာ ကင်ဆာဆဲလ်တွေဟာ တခြားသော အစိတ်အပိုင်း တွေကို ပျံ့နှံ့ခြင်းမရှိသေးတာကြောင့် ခွဲစိတ်ကုသခြင်း(Surgery) ဟာ အထိရောက်ဆုံးကုသမှု နည်းလမ်း ဖြစ်ပါတယ်။  အန္တရာယ်ရှိတဲ့ တစ်သျှူးတွေကို ခွဲစိတ်ဖယ်ရှားလိုက်ခြင်း ဟာ ရောဂါအခြေအနေအရ ထိရောက်မှုရှိတဲ့ ကုသမှုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) လုပ်မှသာ ကင်ဆာဖြစ်နေပြီ လို့ ကနဦးသိရတာဖြစ်ပါတယ်။ လူအများစုက ဒါကိုအလေးမထားကြသလို တချို့ကလည်း ကင်ဆာအဆင့်ပြင်းထန်တဲ့အခြေအနေမရောက်မချင်း အရေးမကြီးလောက်ပါဘူးလေ လို့ နားလည်ထားကြပါတယ်။

ကင်ဆာနောက်ဆုံးအဆင့်(ကင်ဆာအဆင့် ၄ ) ရောက်ပြီဆိုရင် ကင်ဆာဆဲလ်တွေဟာ အနီးတစ်ဝိုက် နေရာ(သို့မဟုတ်) ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားပါပြီ။ ဒါဆိုရင် ခီမိုဆေးသွင်းခြင်း (Chemotherapy) နဲ့ ကုသရပါမယ်။ ဒီကုသမှုမှာတော့ ခန္ဓာကိုယ်ထဲကကင်ဆာဆဲလ်တွေကို လုံးဝအမြစ်ပြတ်အောင်တိုက်ထုတ်ရာမှာ နေရာတိတိကျကျဦးတည်ချက်မရှိဘဲ သုတ်သင်ရှင်းလင်း တာဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ ဘယ်နေရာမှာ ပုန်းအောင်းနေတယ်ဆိုတာကို မသိနိုင်တာကြောင့် ဒီလိုကုသမှုဟာ လိုအပ်တဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။  ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ကျန်းမာပြီး ခန္ဓာကိုယ်အတွက် အထောက်အကူပြု တဲ့ ဆဲလ်တွေလည်း ဖျက်ဆီးခံရတဲ့အထဲမှာပါသွားပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့ ဆံပင်ကျွတ်ခြင်း ၊ ပါးစပ်တွင်ဖြစ်သောအနာ ၊ အားအင်ကုန်ခမ်းခြင်း တို့ ဖြစ်နိုင်တာကြောင့် Chemotherapy ဟာ ကုသမှုခံယူသူအတွက် ကြောက်ဖို့ကောင်းတဲ့ စဉ်းစားစရာ တစ်ချက်ဖြစ်လာပါတယ်။

 

ပစ်မှတ်ထားကုထုံး (Targeted therapy)

ပစ်မှတ်ထားကုထုံး (Target Therapy) ဟာ ခီမိုဆေးသွင်းခြင်း ထက်စာရင် ပိုပြီး ထိရောက်မှုရှိတာကြောင့် ကင်ဆာရောဂါအတွက် ကုသမှုတစ်ခုအဖြစ် ရွေးချယ်လာကြပါပြီ။ ခီမိုဆေးသွင်းခြင်း နဲ့ ကုသရင် အောင်မြင်မှုရာခိုင်နှုန်း(၃၀) ရာခိုင်နှုန်းသာရှိပေမယ့် ပစ်မှတ်ထားကုထုံး နဲ့ ကုသမှုက အောင်မြင်မှုရာခိုင်နှုန်း (၈၀) ရာခိုင်နှုန်းအထိ ရှိပါတယ်။ ပစ်မှတ်ထားကုထုံး ဟာ ခီမိုဆေးသွင်းခြင်းလို နေရာတိတိကျကျသတ်မှတ်မှုမရှိ ကုသတာမျိုးမဟုတ်ဘဲ ကုသမှုလိုအပ်တဲ့နေရာကို တိတိကျကျပစ်မှတ်ထားပြီး လူကိုအထောက်ကူပြုတဲ့ ကျန်းမာတဲ့ ဆဲလ်တွေကို အထိအခိုက်မရှိအောင် ကုသတာဖြစ်ပါတယ်။ ကံမကောင်းစွာတစ်ခုကတော့ ပစ်မှတ်ထားကုထုံး နဲ့ ကုသခြင်းဟာ ကင်ဆာဖြစ်နေတဲ့ လူတိုင်းအတွက် အဆင်မပြေပါဘူး။

ပစ်မှတ်ထားကုထုံး နဲ့ အထိရောက်ဆုံးဖြစ်ဖို့ဆိုရင်  ကျွမ်းကျင်ဆရာဝန်များနဲ့ တိတိကျကျ ရောဂါရှာဖွေမှုနဲ့ ပေါင်းစပ်ပြီး ကုသမှုခံယူသင့်ပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ ရောဂါလက္ခဏာဟာ မတူညီကြပါဘူး။ ဒါကြောင့် ကုသမှုအဆင့် တစ်ခုချင်းဆီက လူနာတစ်ဦးချင်းစီနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် Pricision Medicine ခေါ် တိကျဆေးကုထုံး ကို ရည်ညွှန်းကိုးကားရမှာဖြစ်ပါတယ် ။  Precision Medicine ( လူနာတစ်ဦးချင်းစီအတွက်မျိုးရိုးဗီဇ ပြောင်းလဲမှု ၊ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံ စသဖြင့် တစ်ခုချင်းစီကို တိတိကျကျလေ့လာစစ်ဆေးမှု) ရဲ့ တိကျတဲ့ကုသမှု သဘောတရားများကြောင့် ပိုမိုအကျိုးရှိပြီး အောင်မြင်မှုအခွင့်အလမ်း မြင့်မားလာမှာ ဖြစ်ပါတယ်။

ပစ်မှတ်ထားကုထုံး (Targeted therapy)

  • တိကျသေချာမှုမြင့်မားခြင်း
  • ဘေးထွက်ဆိုးကျိုးနည်းခြင်း
  • ခီမိုဆေးသွင်းဖို့လုံလောက်တဲ့ခံနိုင်ရည်မရှိသောသက်ကြီးပိုင်းလူနာများအတွက်သင့်လျော်ခြင်း
  • ထိရောက်မှုမြင့်မားခြင်း

ကင်ဆာမဖြစ်စေဖို့ဆောင်ရန်ရှောင်ရန်အချက်များ

ဆေးပညာနယ်ပယ်မှာ စဉ်ဆက်မပြတ်တိုးတက်မှုတွေရှိလာပြီး ထိရောက်တဲ့ကုသမှုနည်းလမ်း တွေများလာသည့်တိုင် လက်တွေ့မှာ ကင်ဆာ လူနာတွေအရင်ထက်တိုးလာတာဟာ အံ့ဩဖို့ မကောင်းဘူးလား ? ကင်ဆာအကြောင်းကို ကျွန်တော်တို့အရင်ထက်လည်း ပိုပြီးသဘော ပေါက်လာပြီဆိုတော့ ရောဂါဖြစ်ပွားမှုနှုန်းက လျော့ကျသင့်ပြီမဟုတ်ဘူးလား ? အပြောင်းအလဲများပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ရောဂါ ဖြစ်ပွားစေခြင်းအကြောင်းအရင်းတွေဟာ ဒီမေးခွန်းတွေအတွက် အဖြေပဲဖြစ်ပါတယ်။ ဒီလိုအကြောင်းအရင်းအများစုဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝနေထိုင်မှုပုံစံတွေထဲမှာ  ရှိနေပါတယ်။ ကုသမှုနည်းလမ်းတွေ ဘယ်လောက်အကျိုးရှိတယ် ဆိုတာ ပြဿနာမဟုတ်ပါဘူး ။  ကျန်းမာရေးကို သေချာဂရုမစိုက်ဘဲ အကျိုးရှိတဲ့ နေထိုင်မှုပုံစံအဖြစ် မပြောင်းလဲဘူးဆိုရင် ကင်ဆာဆိုတဲ့ ရန်သူဟာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းအကွာမှာပဲ ရှိနေပါတယ်။

ဆေးလိပ်သောက်ခြင်းကို လျှော့ဖို့(သို့မဟုတ်) ဆေးလိပ်ဖြတ်ဖို့ အရေးကြီးပါတယ်။ စီးကရက်တွေဟာ ကင်ဆာအမျိုးမျိုးဖြစ်စေတဲ့ အကြီးမားဆုံးသော အကြောင်းတရားတစ်ခုဖြစ်ပါတယ်။ အလားတူပဲ အရက်သောက်သုံးမှုကို လျှော့ချသင့်ပါတယ်။ တစ်ဖက်ကလည်း ကိုယ်အလေးချိန် မတက်လာအောင်လုပ်မယ် ၊ ဝက်အူချောင်း ဝက်ပေါင်ခြောက် စတဲ့ အသားတွေစားသုံးမှု လျှော့ချမယ်ဆိုရင် ကင်ဆာ ရောဂါအန္တရာယ်လျော့ကျမှာပါ။

ပုံမှန်လေ့ကျင့်ခန်းကို များများပိုလုပ်ခြင်း ၊ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များများစားသုံးခြင်း ၊ လုံလောက်စွာအိပ်စက်ခြင်း ၊ စိတ်ကြည်လင်အောင် ထားခြင်း ၊ စိတ်ဖိစီးမှုလျှော့ချခြင်း စတာတွေ ဟာ ကျွန်တော်တို့ကို ကင်ဆာအန္တရာယ်မှ ကာကွယ်ပေးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

ကျွန်တော်တို့ဆရာဝန်များအနေဖြင့်လည်းကင်ဆာရောဂါ ခံစားနေရတဲ့ လူပေါင်းမြောက်များစွာ ကို အောင်မြင်စွာကယ်တင်ပေး နိုင်ခဲ့ပြီ လို့ခံစားရပါတယ်။   ကင်ဆာရောဂါကို စောနိုင်သမျှစောစော အချိန်မီ သိရှိနိုင်တယ်ဆိုတာ အထင်အရှားပါ။ ဒါကြောင့် ကင်ဆာရောဂါ မှကင်းဝေးဖို့အတွက် တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ လူတိုင်းကို အကြံပေးတိုက်တွန်းချင်ပါတယ်။  ကင်ဆာကို ကာကွယ်ဖို့ ဒါဟာ မလုပ်မဖြစ် လုပ်ရမယ့် နည်းလမ်းတစ်ခုပါ။ အသက်(၅၀)နှစ်အထက် အမျိုးသမီးရော အမျိုးသားများပါ အူမကြီးကင်ဆာ ကို အချိန်မီသိနိုင်ဖို့ မှန်ပြောင်းဖြင့်အူလမ်းကြောင်းစစ်ဆေးကြည့်ရှုခြင်း (Colonoscopy Screening) ကို လုပ်ဆောင်သင့်ပါတယ်။ အသက်(၄၀) နှစ်အထက် အမျိုးသမီးများကအနေနဲ့လည်း ရင်သားကင်ဆာ (Breast Cancer) နဲ့ သားအိမ်ခေါင်းကင်ဆာ(Cervical Cancer) စစ်ဆေးဖို့ အထူး အကြံပြုလိုပါတယ်။ ဒါဆိုရင် ကင်ဆာရဲ့ ကနဦးအဆင့်မှာပဲ အချိန်မီသိရှိပြီး အောင်မြင်စွာကုသနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ကလည်း အရေးကြီးပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ကင်ဆာကုသမှုနည်းလမ်းတွေ ဘယ်လောက် အကျိုးရှိတယ်ဆိုတာ ထက် ရောဂါကို ကြိုတင်ကာကွယ်ထားခြင်းဟာ ပိုမိုသင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်းလည်း စာဖတ်သူများကို တိုက်တွန်းရေးသားလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။