ကင်ဆာအရေး အမေးနဲ့အဖြေ

ကင်ဆာအရေး အမေးနဲ့အဖြေ
  • မိသားစုထဲမှာ ကင်ဆာဖြစ်ပြီဆိုရင် သို့လော သို့လော အတွေးတွေနဲ့  အမြဲပဲ စိတ်ရှုပ်စိတ်ညစ် နေကြရပါတယ်။ ကင်ဆာဖြစ်တာချင်းအတူတူ ကုသမှုရဲ့ ရလဒ်တွေက ကွဲပြားကြတာကြောင့် ကင်ဆာကထုံးတွေရဲ့အပေါ်မှာ နားမလည်နိုင်အောင် ဖြစ်နေကြရပါတယ်။   စစ်ဆေးကြည့်လို့ ရရှိတဲ့အဖြေ နဲ့  ဖြစ်နေတဲ့ ကင်ဆာအဆင့် အပေါ်မှာ မူတည်ပြီး ကုရတာ ဆိုတော့ ရလဒ်ကလည်း ဘယ်လိုမှမတူနိုင်ကြပါဘူး။
  • ခီမိုဆေးသွင်းကုသနည်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကင်ဆာပစ်မှတ်ထားကုထုံးဆိုတာဟာသူ့ရဲ့ အစွမ်းထက်မှုနဲ့  ဘေးထွက်ဆိုးကျိုးနည်းပါးမှုကြောင့် ခုဆိုရင် အရေးပါတဲ့နေရာတစ်ခုကို ရရှိလို့နေပြီ ဖြစ်ပါတယ်။ ပစ်မှတ်ထား ကင်ဆာကုထုံးဆိုတာဟာ ကုသခံ လူနာရဲ့ အခြေအနေ အပေါ်မှာလည်း မူတည်ပါတယ်။ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေနဲ့ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကိုယ်တိုင် တာဝန်ယူပြီး ကုသကြရတာ ဖြစ်ပါ တယ်။
  • ကာကွယ်ဆေးကုထုံးပါဝင်တဲ့ဆေးဝါးများဟာလည်း ကင်ဆာကိုတိုက်ဖျက်ဖို့ သွေးထဲက သွေးဖြူဥတွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနေပါတယ်။ သူတို့ ကောင်းကောင်း အလုပ်ဖြစ်လို့ ကင်ဆာဝေဒနာရှင်တွေကြား မှာ အသက်ရှင်နှုန်းလည်း မြင့်တက်လို့ လာခဲ့ပါတယ်။
     

ကင်ဆာ ဆိုတာဘာလဲ?

“ကင်ဆာ” ဆိုတာ  ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့  DNA နဲ့ ဗီဇအတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာရာကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ အားလုံးအတွက် တကယ့်အန္တရာယ်ကြီးပဲ ဖြစ်ပါတယ်။ ကနဦးဗီဇပြောင်းလဲမှုဟာ နည်းနည်းပဲ ဖြစ်နေချိန်မှာတော့ သွေးဖြူဥတွေက သက်စောင့်တပ်ဖွဲ့အနေနဲ့ ကင်ဆာဆဲလ်တွေကို သတ်ပစ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ပြောင်းလဲမှုတွေဟာ အရှိန်အဟုန်နဲ့ ဖြစ်လာပြီ ဆိုရင်တော့ ခန္ဓာကိုယ်က ထိန်းချုပ်နိုင်တော့မှာ မဟုတ်သလို ကင်ဆာဆလဲလ်နဲ့ သွေးဖြူဥ တွေရဲ့ တိုက်ပွဲမှာလည်း သွေးဖြူဥတွေဘက်က အရေးနိမ့်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆဲလ်တွေဟာ လျင်မြန်တဲ့ နှုန်းနဲ့ ပွားများလာမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်ဆာအကျိတ်တွေ ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။

ကင်ဆာ ဘယ်လို ပျံ့တာလဲ။

ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေအနေနဲ့ မွေးဖွားလာကြပါတယ်။ အဲဒီနောက် လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပွားများ လာကြပြီးတော့ သွေးလှည့်ပတ်မှုနဲ့ ပြန်ရည်ကြော(သားငံရည်ကြော)စနစ် ကွန်ရက်ထဲကိုဝင်သွားပြီး တစ်ကိုယ်လုံးအနှံ့ ခရီးဆန့်ပါတော့တယ်။

သတိထား စောင့်ကြည့်ရမယ့် ကင်ဆာရဲ့ လက္ခဏာတွေ

ကင်ဆာတွေဟာ များသောအားဖြင့် ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါကြောင့် အောက်ပါ လက္ခဏာ တစ်ခုခု ပြနေတယ်လို့ ထင်ရင်တော့ ကျန်းမာရေးစစ်ဆေးမှုကို စောနိုင်သမျှ စောစော ခံယူပါ လို့ အကြံပေးချင်ပါတယ်။

  • ဆီးဝမ်းမမှန်တာ၊ သွားရခက်တာ၊ ဝမ်းထဲမှာ သွေးပါတာ၊ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက် တစ်လှည့်စီလို ဖြစ်နေတာ။
  • အနာတစ်ခုခုဖြစ်နေရင် အချိန်ကြာတဲ့အထိ မပျောက်တာ။
  • ရင်သားထဲ၊ ခန္ဓာကိုယ်တစ်ခြားတစ်နေရာရာမှာ အလုံးအဖု တစ်ခုခု စမ်းမိတာ။
  • အစာမကျေဘူးလိုလို ၊ မျိုချရခက်တာလိုလို ဖြစ်နေတာ။
  • မှဲ့လို ကြွက်နို့လို ဟာမျိုးလေးတွေဟာ ပုံပြောင်းလာတာ၊ အရင်ကထက် ပိုကြီးလာတာ။
  • အကြောင်းမရှိဘဲ လည်ချောင်းတွေ ခြောက်သွေ့နေတာ၊ ချောင်း အပြင်းအထန်ဆိုးတာ။

ကင်ဆာကုထုံး တစ်မျိုးချင်းစီအကြောင်း

မိသားစုထဲမှာ ကင်ဆာဖြစ်ပြီဆိုရင် သို့လော သို့လော အတွေးတွေနဲ့  အမြဲပဲ စိတ်ရှုပ်စိတ်ညစ် နေကြရပါတယ်။ ကင်ဆာ ဖြစ်တာချင်းအတူတူ ကုသမှုရဲ့ ရလဒ်တွေက ကွဲပြားကြတာကြောင့် ကင်ဆာကုထုံးတွေရဲ့အပေါ်မှာ နားမလည်နိုင်အောင် ဖြစ်နေကြရပါတယ်။   တစ်ချို့လူနာတွေက ခွဲစိတ်မှု မလုပ်ခင် ခီမိုဆေးသွင်းရပါတယ်။ တစ်ချို့ကျတော့လည်း ခွဲစိတ်မှု တစ်မျိုးပဲ လုပ်ဖို့လိုပါတယ်။ တစ်ချို့ကျပြန်တော့လည်း ခီမိုရော၊ ခွဲစိတ်တာရော၊ ဓာတ်ရောင်ခြည်ကင်တာပါ လုပ်နေရ ပါတယ်။  တစ်ချို့ကတော့ သူတို့ဖြစ်နေတဲ့ ကင်ဆာအမျိုးအစားအလိုက် ကင်ဆာပစ်မှတ်ထားကုထုံးနဲ့ သွားဖို့ သင့်တော် နေပြန်ပါတယ်။ ကင်ဆာကုသမှုများနဲ့စပ်လျဉ်းလို့ နားလည်သဘောပေါက်မှုတွေဟာ အချိန်တိုင်း ပြောင်းလဲလျက် ရှိပါတယ်။  ကုသမှုပေးတဲ့ သမားတော်ကြီးတွေရဲ့ ဆုံးဖြတ်မှု၊ ကုသပေးတဲ့ အဖွဲ့အစည်း စတာတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါပေမယ့်  ကင်ဆာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ တိကျမှန်ကန်စွာသတ်မှတ်နိုင်ဖို့အရေး အထပ်ထပ် စစ်ဆေးဖို့တော့ လိုအပ်ပါတယ်။ ပြီးတော့ ခွဲစိတ်ဆရာဝန်ကြီးတွေ၊ ဓာတ်မှန်ပညာရှင်တွေ စသူတွေရဲ့ တိုင်ပင်ဆွေးနွေးမှုတွေဟာလည်း ဒီအရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အဲဒီ ဆရာဝန်ကြီးတွေ ပညာရှင်တွေ ပူးပေါင်းပြီး ကေ့စ် တစ်ခုချင်းစီအတွက် ဂရုတစိုက်ပူးပေါင်းဆွေးနွေးအဖြေရှာပြီးတော့မှ အထိရောက်ဆုံးနဲ့ လက်တွေ့ အကျဆုံး ကုထုံးကို ရွေးချယ်ပေးကြရမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကင်ဆာကို တွန်းလှန်တိုက်ခိုက်ဖို့ ရွေးချယ်စရာ ကုထုံးတွေလည်း အများကြီး ရှိနေပြီ ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသခြင်းဟာ ကင်ဆာအတွက် အသုံးများတဲ့ ကုထုံးတစ်ခုဖြစ်ပြီး ကင်ဆာအတွက် ခွဲစိတ်ကုသမှုအသစ်များ ဆောင်ရွက်နိုင်စေဖို့ လေ့ကျင့်သင်ကြားပေးထားတဲ့ ဆရာဝန်တွေလည်း အများကြီးရှိပါတယ်။ နည်းပညာအသစ်ထဲမှာ အသုံးအများဆုံးတစ်ခုကတော့ laproscpoic လို့ခေါ်တဲ့ ထိုးဖောက်မှုအနည်းဆုံးနည်းနဲ့ ခွဲစိတ်ကုသတဲ့ နည်းပဲ ဖြစ်ပါတယ်။​  တစ်ချို့လူနာတွေ အတွက်တော့ ခွဲစိတ်ပြီးတဲ့နောက်ပိုင်း ခီမိုဆေးသွင်းတာတို့၊ ဓာတ်ကင်တာတို့  စတဲ့ နောက်ဆက်တွဲ ပူးတွဲကုထုံးတွေကို သူတို့မှာ ဖြစ်နေတဲ့ ကင်ဆာအဆင့်အလိုက် နဲ့ ဖြစ်နေတဲ့ ရောဂါအတိမ်အနက် အလိုက် ကုသကြရပါတယ်။ အဲဒါကို adjuvant ကုထုံးလို့ ခေါ်ပါတယ်။ တစ်ချို့ ခွဲစိတ်ကုသဖို့ မသင့်တော် လောက်အောင် ကင်ဆာ အကျိတ်အဖုတွေ ကြီးနေတဲ့ ဝေဒနာရှင်တွေအတွက်ကျတော့ အကျိတ် အရွယ်အစားအလိုက် ဓာတ်ကင်တာဖြစ်ဖြစ်၊ ခီမိုဆေးသွင်းတာဖြစ်ဖြစ် မခွဲခင် အရင် လုပ်ကြရပါတယ်။ အဲဒါမျိုးကျတော့ neoadjuvant ကုထုံးလို့ခေါ်ပါတယ်။ ရင်သားကင်ဆာ ဝေဒနာရှင်တွေကျတော့ လုပ်ရိုးလုပ်စဉ် ရင်သားတစ်ခုလုံး လှီးထုတ် ပစ်လိုက်တာမျိုး မဟုတ်တော့ဘဲ ခွဲစိတ်မှုဆိုင်ရာ အထူးကုထုံးတစ်ရပ်ဖြစ်တဲ့ lumpectomy ဆိုတာကို လုပ်ခြင်းအားဖြင့် ရင်သားပုံမပျက်တဲ့နည်းနဲ့ ကုသမှု ခံယူနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်ကုထုံး

ဓာတ်ရောင်ခြည်ကုထုံး ဆိုတာကတော့ လူနာရဲ့ အရေပြားတစ်ရှူးတွေပေါ်ကို ဓာတ်ရောင်ခြည်တွေ အများကြီး ပေးပြီး ကုသရမယ့် နေရာရောက်အောင် ထိုးဖောက်ဝင်ရောက်စေခြင်းပဲ ဖြစ်ပါတယ်။ ဒီကုထုံးရဲ့ ရည်ရွယ်ချက်တွေကတော့

  • ဦးခေါင်းနဲ့ လည်ပင်းတွေမှာဖြစ်တဲ့ ကင်ဆာရဲ့ အစောပိုင်းအဆင့်များနဲ့ ခွဲစိတ်ကုသဖို့ မသင့်တော်တဲ့ အဆုတ် ကင်ဆာ လို ရောဂါမျိုးတွေအတွက် ဓာတ်ရောင်ခြည်ကုထုံးကို အသုံးပြုနိုင်ပါတယ်။
  • တစ်ချို့ရင်သားကင်ဆာတွေမှာ ခွဲစိတ်ပြီးတဲ့နောက် ခီမိုဆေးသွင်းခြင်းနဲ့အတူ ဓာတ်ရောင်ခြည်ကုထုံး နောက်က လိုက်ပေးရ ပါတယ်။ ဦးခေါင်းနဲ့ လည်ပင်းပိုင်းမှာ ဖြစ်တဲ့ ကင်ဆာတွေအတွက်လည်း ဓာတ်ရောင်ခြည် ကုထုံးကို ခီမိုဆေးသွင်းကုသခြင်းနဲ့ တွဲဖက် ဆောင်ရွက်ပါတယ်။
  • အရိုးအထိအောင်ရောက်နေတဲ့ ကင်ဆာဝေဒနာရှင်တွေအတွက် နာကျင်မှုသက်သာစေဖို့ အတွက်လည်း ဓာတ်ရောင်ခြည်ကုထုံး ပေးလေ့ ရှိပါတယ်။
  • အူသိမ်အူမမှာ ကင်ဆာဖြစ်နေတဲ့ ဝေဒနာရှင်တွေအတွက်ကျတော့ ကင်ဆာဆဲလ်တွေကနေ သွေးယိုမှုကြောင့် သွေးဝမ်း သွားတာ ကို ထိန်းချုပ်နိုင်ဖို့လည်း ဓာတ်ရောင်ခြည်ကို ပေးလေ့ရှိပါတယ်။
  • ဓာတ်ရောင်ခြည်ကုထုံးဟာ ကင်ဆာပျံ့နှံ့မှုကိုလည်း ရပ်တန့်စေနိုင်ပါတယ်။ ဥပမာ ကျောရိုးအထိ ပျံ့နှံ့ရောက်ရှိ သွားနိုင်တဲ့ ကင်ဆာမျိုးအတွက် သုံးပါတယ်။ အဲဒီလို ရောက်သွားမယ်ဆိုရင် လူနာဟာ ခြေထောက်တွေ အားမရှိတော့ဘဲ လမ်းမလျှောက်နိုင် ဖြစ်ရပါတယ်။

ခီမိုဆေးသွင်းကုသခြင်း

ခီမိုသရာဖီ လို့ ခေါ်တဲ့ ခီမိုဆေးသွင်းကုသခြင်းကတော့ ဓာတုဆေးဝါးတွေ သွင်းပြီး ကောင်းတဲ့ဆဲလ်တွေထက် ကင်ဆာ ဆဲလ်တွေကို ပိုပြီးတော့ ဖျက်ဆီးပစ်တဲ့နည်းနဲ့ ကုသပေးတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ခီမိုသရာဖီ နည်းလမ်းနဲ့ ရပ်တန့်စေတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ကိုယ်ခန္ဓာ တစ်လျှောက်မှာရှိတဲ့ ကိုင်တွယ်ဖို့ ခဲယဉ်းတဲ့နေရာမှာဖြစ်နေတဲ့ ကင်ဆာမျိုးတွေကို ကုသဖို့အတွက် အလွန် ထိရောက်ပါတယ်။ ဒါပေမယ့် ကျန်းမာနေတဲ့ ဆဲလ်တွေမှာလည်း အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေကို ရရှိနိုင်တာ ဖြစ်ပြီး ဆံပင်တွေ ကျွတ်ကျကုန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ အော့အန်တာ၊ သွေးထဲက သွေဥမွှားအရေအတွက် တွေ ကျဆင်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဘာပဲပြောပြော  ခီမိုသရာဖီကုထုံးကတော့ ကင်ဆာအမျိုးမျိုးအတွက် လောလောဆယ်မှာ အထိရောက်ဆုံး ကုထုံး တစ်ခုအနေ နဲ့ ရပ်တည်လျက် ရှိနေပါတယ်။

ဟော်မုန်းကုထုံးများ

ဟော်မုန်းကုထုံးကတော့ ရင်သားကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာ စတဲ့ ဟော်မုန်းတုန့်ပြန်မှုရှိတဲ့ ကင်ဆာအမျိုးအစားတွေ ကို ကုသရေးမှာ အသုံးပြုပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုကောင်းတဲ့ ကုထုံးတစ်ခု ဖြစ်ပါတယ်။

ကင်ဆာပစ်မှတ်ထားကုထုံး (Targeted cancer therapy)

ကင်ဆာပစ်မှတ်ထားကုထုံး ခီမိုသရာဖီ နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ပိုနည်းပြီး ထိရောက်မှုလည်း ပိုကောင်းတဲ့အတွက် ကင်ဆာ ပစ်မှတ်ထားကုထုံးဟာလည်း အခုဆိုရင် အဓိက အခန်းကဏ္ဍမှာ ရှိနေပြီ ဖြစ်ပါတယ်။  ဘာပဲပြောပြော ကင်ဆာ ဝေဒနာရှင်တိုင်းအတွက် ဒီ ပစ်မှတ်ထားကုထုံးဟာ သင့်တော်တယ်လို့တော့ မဆိုနိုင်သေးပါဘူး။ ဒီကုထုံးနဲ့ ကုသပေးမယ် ဆိုရင် ဆေးပညာရှင်ဟာ ဆုံးဖြတ်ချက် အဆင့်တိုင်းအတွက် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးပါဝင်သော ကင်ဆာကုထုံး (Cancer immunotherapy)

ကာကွယ်ဆေးပါဝင်တဲ့ ကင်ဆာကုထုံးကျဆော့ သွေးဖြူဥတွေရဲ့ လုပ်ဆောင်နိုင်မှုကို မြှင့်တင်ပေးတာဖြစ်ပြီး ခီမိုသရာဖီ နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ပစ်မှတ်ထားကုထုံးလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ နည်းပါးစေပါတယ်။ ခန္ဓာကိုယ်ဟာ ဆေးဝါးနဲ့ ချိန်ညှိနေချိန်အတွင်းမှာ  သွေးဖြူဥတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာခြင်းက အကွက်တွေထွက်လာတာ၊ အူမကြီး ရောင်ရမ်းခြင်း၊ ဝမ်းလျှောတာ၊ နမိုးနီးယား၊ သိုင်းရွိုက်ရဲ့ လုပ်ငန်းတွေ မငြိမ်မသက်ဖြစ်လာတာ၊ သွေးတွင်း အချိုဓာတ် မြင့်မားလာတာ စတဲ့ မလိုလားအပ်တဲ့ လက္ခဏာတွေတော့ ပြလာတတ်ပါတယ်။ ကုသပေးမယ့် ဆေးပညာရှင်ဟာ လူနာမှာ ဖြစ်နေတဲ့ ကင်ဆာရဲ့ အမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ပေးရမယ့်ဆေးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မယ်လင်နိုမာအရေပြားကင်ဆာ၊ သားငံရည်ကြိတ်ကင်ဆာအမျိုးအစားတစ်ချို့၊ အဆုတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်း မှာ ဖြစ်တဲ့ကင်ဆာ၊ ဝမ်းဗိုက်မှာဖြစ်တဲ့ကင်ဆာ၊ ကျောက်ကပ်၊ အသည်းနဲ့ ရင်သားကင်ဆာ အမျိုးအစားတစ်ချို့၊ အစာအိမ်ကင်ဆာ၊ ခီမိုသရာဖီမတိုးတဲ့ ကင်ဆာအမျိုးအစားတစ်ချို့နဲ့ အူမကြီးကင်ဆာ စတာတွေအတွက် ကာကွယ်ဆေး ပါတဲ့ ကင်ဆာကုထုံးတွေဟာ အများကြီး သင့်တော်ပါတယ်၊

ကာကွယ်ဆေးပါတဲ့ ကင်ဆာကုထုံးတွေဟာ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေအလိုက် အခြားကုထုံးတွေနဲ့ တွဲဖက်ကုသနိုင်ပါတယ်။ စာရင်းဇယားတွေအရတော့  မယ်လင်နိုမာအရေပြားကင်ဆာဝေဒနာရှင်တွေမှာ  ၅% နေ ၄၃% ဟာ ၃ နှစ် အသက်ပိုရှည်ကြပြီး အဆုတ်ကင်ဆာလူနာတွေရဲ့ ၆% ကနေ ၁၅% ကတော့ ၅ နှစ် အသက် ပိုရှည်ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ခီမိုဆေးသွင်းကုသနည်းနဲ့ တွဲဖက်ပြီး ကုသမှုခံယူကြတာ ဖြစ်ပါတယ်။

ကင်ဆာနှင့် အသက်ရှင်နှုန်း

  • ကင်ဆာအစောပိုင်းအဆင့်တွေမှာဆိုရင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး နဲ့ ခီမိုဆေးသွင်းကုသနည်း တွေနဲ့ ကုသနိုင်ပါတယ်။
  • သွေးကင်ဆာတို့၊ သားငံရည်အကြိတ်ကင်ဆာတို့၊ ကပ္ပာယ်အိတ်ကင်ဆာတို့၊ သန္ဓေတည်ကာစ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေမှာ ဖြစ်တတ်တဲ့ သန္ဓေသားအိတ်ငယ်မှာဖြစ်တဲ့ကင်ဆာ စတဲ့ ကင်ဆာတွေ ပျံ့နှံ့ခါစအခြေအနေ မှာဆိုရင်လည်း ခီမိုသရာဖီကုထုံးနဲ့ ကုရင် ဖြစ်နိုင်ပါတယ်။
  • သေးငယ်တဲ့ လေပြွန်ဆဲလ်အဆုတ်ကင်ဆာ၊ ခံတွင်းနဲ့ လည်ချောင်းကင်ဆာ၊ စအိုကင်ဆာ စတာမျိုးတွေ အတွက်ကတော့ ခီမိုသရာဖီ နဲ့ ဓာတ်ရောင်ခြည်ကုထုံးကို တွဲဖက်ကုသပေးလို့ ရပါတယ်။

ကင်ဆာကာကွယ်ခြင်း

ကင်ဆာလူနာတော်တော်များများဟာ ဆရာဝန်တွေကို မေးလေ့ရှိတာကတော့ ကင်ဆာဘေးကနေ လွတ်မြောက်ပြီး ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ဘဝနေထိုင်မှုစတိုင်ဖြစ်အောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကြံဉာဏ်တွေလည်း ပါတာပေါ့။ တစ်ခု ကံမကောင်းတာက တစ်ယောက်နဲ့တစ်ယောက် ကိုယ်တွင်းမှာ ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေဟာ မတူညီကြတာပါပဲ။ တစ်ချို့က တစ်မိသားစုလုံး ကင်ဆာ ဖြစ်နိုင်ကြတယ်။ လူဦးရေအလိုက်ကြည့်မယ်ဆိုရင် သွေးသားရင်းချာထဲမှာ ကင်ဆာဖြစ်ခဲ့ရင် ကိုယ့်မှာလည်း ကင်ဆာဖြစ်လာနိုင်ချေဟာ ရာခိုင်နှုန်း တော်တော်များများရှိနေပါတယ်။  ဒါကြောင့် နှစ်စဉ် ကျန်းမာရေး စစ်ဆေးကြည့်ခြင်းဟာလူတိုင်းအတွက် အရေးကြီးပါတယ်။ ဘာပဲပြောပြော လူတစ်ဦးရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဟာ ရောဂါဖြစ်ပွားဖို့ အခွင့်အရေးတွေ တိုးပွားစေနိုင်ပါတယ် ဆိုတဲ့ အချက်ကတော့ ငြင်းမရတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြံဉာဏ်တစ်ချို့ကို လိုက်နာဖို့တိုက်တွန်းလိုပါတယ်။ ဆေးလိပ်ဖြတ်ပါ။ အရက်မသောက်ပါနဲ့။ အဝမလွန်ပါစေနဲ့။ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်အပါအဝင် ပြုပြင်ထားတဲ့ အသားတွေ စားသုံးမှု လျှော့ချ။ လေ့ကျင့်ခန်း ပိုလုပ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစား။ လုံလုံလောက်လောက် အနားယူ။ စိတ်ထားကို အပြုသဘောဆောင်တဲ့ဘက်မှာ များများထား။ စိတ်ဖိစီးမှု လျှော့ချ။ အစိုးရိမ်မလွန်နဲ့ စတာတွေပဲ ဖြစ်ပါတယ်။

ကင်ဆာနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်အေးအေးထားပါ

ကင်ဆာဝေဒနာရှင်တွေ တကယ် လိုအပ်နေတာကတော့ သူတို့ကို သနားခြင်းထက် သူတို့အပေါ်မှာ နားလည်မှု ပေးတတ်ခြင်းပဲ ဖြစ်ပါတယ်။ “ကင်ဆာတဲ့” လို့ ဆိုလိုက်တာနဲ့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတတ်ကြပါတယ်။ အထူးသဖြင့် မိသားစုကို တာဝန်ယူစောင့်ရှောက်ပြုစုနေရတဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့ဟာ စိုးရိမ်ထိတ်လန့်မှုတွေ စိတ်ဖိစီးမှုတွေနဲ့အတူ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီဆိုတာကို အစပိုင်းမှာ လက်ခံနိုင်ဖို့ ခဲယဉ်းလေ့ ရှိကြပါတယ်။ ဒီအချက်တွေကြောင့်ပဲ မိသားစုဝင်တွေအနေနဲ့ လူနာကို အနီးကပ် ပြုစုပေးနိုင်ဖို့ ခက်နေကြရပြန်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လုပ်ရမှာက ဖြစ်နေတာဘယ်လိုကင်ဆာအမျိုးအစားလဲ စတဲ့ ရောဂါဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာကျွမ်းကျင်တဲ့ ကျန်းမာရေးပိုင်းက ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ်ယူကြရမှာ ဖြစ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး မှန်ကန်အားကိုးနိုင်လောက်တဲ့ အရင်းအမြစ်ကလာတဲ့ စာတွေကိုလည်း ရှာဖွေ ဖတ်ရှုသင့်ပါတယ်။ အဲဒီအချက်အလက်တွေကို အသုံးပြုပြီးတော့မှ လူနာနဲ့ သင့်တော်တဲ့ စောင့်ရှောက်မှုအဆင့်ကို ပေးနိုင်ပြီး လူနာရဲ့ ဘဝအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ကိုယ်ချင်းစာမှုကို ပြသရင်း တစ်ချိန်တည်းမှာပဲ လိုတာထက်ပိုပြီးလွန်လွန်ကဲကဲလုပ်ပေးတာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံခြင်း၊  ပျော်စရာ ရယ်စရာများဖန်တီးပေးခြင်းမျိုးဖြင့် သူ့ရဲ့ စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်။ ကင်ဆာ အစောပိုင်း နေ့များမှာ သူအတွက် ကောင်းကောင်းနားထောင်ပေးတတ်ဖို့လည်း လိုပါတယ်။ ဒီအချိန်ဟာ သူတို့အတွက် အခက်ခဲဆုံး ဖြစ်ပြီး ဘဝမှာ ဆက်လက်နေထိုင်သွားဖို့ သတ္တိတွေနဲ့အတူ လုံလောက်တဲ့ အားပေးကူညီပံ့ပိုးမှု အလိုအပ်ဆုံးအချိန် ဖြစ်နေလို့ပါပဲ။

လက်ရှိကုသပေးနေတဲ့ ကုထုံးတွေအရကတော့ ကင်ဆာဆိုတာ ပျံ့နှံ့မသွားခင် အုပ်မိရင် ကုသလို့ ရပါတယ်။ လူတိုင်းရဲ့ အသက်နဲ့ဆိုင်တဲ့ အရေးကြီးမှုတစ်ခုဖြစ်လို့ ကျန်းမာရေးကို အမြဲတမ်း စစ်ဆေးကြည့်နေသင့်ပါတယ်။ အသက်၅၀ ကျော်လာပြီဆိုရင် အမျိုးသားရော အမျိုးသမီးများပါ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း စတာမျိုးတွေလုပ်ပြီး အူမကြီးကင်ဆာအတွက် စစ်ဆေးသင့်ပါတယ်။ အမျိုးသမီးများ အသက် ၄၀ ကျော်ပြီဆိုရင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေ စစ်ဆေးရမှာဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုနဲ့အတူ အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အမူအကျင့်တွေ လိုအပ်သလို ပြောင်းလဲနေထိုင်ဖို့လည်းအရေးကြီးပါတယ်။ ကင်ဆာကုထုံး တွေ ဘယ်လောက်ပဲ အစွမ်းထက်လာတယ် ပြောပြော အစကနဦးကတည်းက ကင်ဆာကို မဖြစ်အောင် ကာကွယ်ထား နိုင်တာဟာ အကောင်းဆုံးပါပဲ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏” ဆိုတဲ့ စကားလည်း ရှိရဲ့မဟုတ်လား။

စုံစမ်းမေးမြန်းမှုများပြုလုပ်ရန်

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
Leave a medical inquiry
Leave a medical inquiry
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။