သင့်ကလေးကို ဘယ်အချိန်မှာ ဆရာဝန်ဆီ ခေါ်သွားသင့်လဲ?

သင့်ကလေးကို ဘယ်အချိန်မှာ ဆရာဝန်ဆီ ခေါ်သွားသင့်လဲ?

ကလေးဟာ အလွန်အကျွံ အန်တာ သို့မဟုတ် အန်ပြီး ဝမ်းလျှောတာ မပျောက်တဲ့အခါ

ကလေးတွေဟာ တခါတရံ အန်တာ သို့မဟုတ်  ဝမ်းလျှောတာ အဲ့နှစ်ခုထဲက တစ်ခု  ဖြစ်တာဟာ အရမ်းကြီး စိုးရိမ်စရာတော့မဟုတ်ပါ။ များသောအားဖြင့်  အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း သို့မဟုတ် အစာအဆိပ်သင့်ခြင်းဟာ မအီမသာ ခံစားရတတ်ပြီး ၎င်းဝေဒနာများဟာ၂၄ နာရီ အတွင်းပျောက်ကင်း သက်သာ သင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အန်တာ သို့မဟုတ် ဝမ်းလျှောတဲ့ လက္ခဏာများ မကြာခဏမဖြစ်ဘဲ   အစာအနည်းငယ်စားသောက်နိုင်သေးပါက သင့်ကလေးဟာ အဆင်ပြေနိုင်ပါတယ်။ သင့်ကလေးကို  ရေဓာတ်မခမ်းခြောက်စေဖို့အတွက်  ကမ်မိုမိုင်းတီး ( camomile - အဖြူနဲ့ အဝါပန်းပွင့်တီး သို့မဟုတ် အခြားဆေးဖက်ဝင်အပင်များနဲ့ဖော်စပ်ထားသောတီး ၊ သကြားပါဝင်သော အားကစားအချိုရည်များ နဲ့ ဓာတ်ဆားရည် သို့မဟုတ် ရေများများ တိုက်ပြီး ပေါင်မုန့်ဖြူ ၊ ထမင်း သို့မဟုတ် ဆန်ပြုတ် ကဲ့သို့ အစာကြေလွယ်သောအစားအစာများကို ကျွေးပါ။ 

တကယ်လို့ ကလေးဟာ ပုံမှန်ထက် အန်တာ ၊ အစားအသောက် ပျက်တာ သို့မဟုတ် ဝမ်းလျှော တာက ၈ နာရီ ခန့် ကြာမြင့် တယ်ဆိုရင် တက်ကျွမ်းနားလည်သော ဆရာဝန် နဲ့ အမြန်ဆုံး ဆွေးနွေးသင့်ပါတယ်။ ဒီလက္ခဏာ များထဲမှ တစ်ခု ဖြစ်ပါက ၎င်းဟာ ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်ပုံမှန်အတိုင်း ပြန်ဖြစ်စေရန်အတွက်  ဓာတ်ဆား IV drip သွင်းရန် လိုအပ်နိုင်ပါတယ်။ ငယ်ရွယ်သောကလေးငယ်များဟာ ရေဓာတ်ခမ်းခြောက်မှုဒဏ်ကို ပို ခံစားရနိုင်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။ 

တကယ်လို့ ကလေးဟာ အန်တာ သို့မဟုတ် ဝမ်းသွားသောအခါ သွေး သို့မဟုတ် သွေးခဲများ ထွက်နေတာကို သတိပြုမိပါက ဆရာဝန် နဲ့  ချက်ချင်း တိုင်ပင်ပါ။

သင့်ကလေးတွင် ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်း ဝေဒနာ နာရီပေါင်းများစွာကြာအောင် ခံစားနေရပါ

ပုံမှန်ခေါင်းကိုက်ခြင်းဟာ ခဏလောက် အနားယူပြီး ဆေးဆိုင်များမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးများနဲ့ သက်သာသွားသင့်ပါတယ်။ သင့်ကလေးက ခေါင်းကိုက်တာ မပျောက်ပဲ အခြားဘာကိုမှ အာရုံမစိုက်နိုင်လောက်အောင် ပြင်းထန်နေရင် ဆရာဝန်ထံပြသဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဖျားခြင်း၊ အန်ခြင်းစတဲ့ လက္ခဏာများနဲ့တွဲပြီးဖြစ်သောခေါင်းကိုက်ခြင်း သို့မဟုတ် အမြင်အာရုံဝေဝါးခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းစတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာများနဲ့တွဲပြီးဖြစ်သောခေါင်းကိုက်ခြင်းမျိုးဖြစ်တဲ့အခါ သတိထားသင့်ပါတယ်။

သင့်ကလေးဟာ အကြောင်းပြချက်မရှိဘဲ လည်ပင်းတောင့်တင်းနေသောအခါ

လည်ပင်းတောင့်တင်းခြင်းက ဘာမှမဖြစ်တာလည်း ဖြစ်နိုင်သလို ဦးနှောက်အမြှေးရောင်ရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ကွဲပြားမှုများကို သိရှိစေရန် နည်းလမ်းမှာ သင့် ကလေးတွင် တခြား လက္ခဏာများ ရှိမရှိ စောင့်ကြည့်သင့်ပါတယ်။ လည်ပင်းတောင့်တင်းနေတဲ့အပြင် ခေါင်းကိုက်ခြင်း၊ ရုတ်တရက် အလင်းစူးခြင်း၊ ဖျားခြင်း စတဲ့လက္ခဏာများပါ တွဲပြီးဖြစ်နေပါက ချက်ချင်း ဆေးရုံသို့ ခေါ်သွားသင့်ပါတယ်။ သို့သော် လည်ပင်းကအနည်းငယ်ပဲ နာနေပါက ၎င်းဟာ အိပ်စက်ပုံအနေအထား မမှန်ခြင်း သို့မဟုတ် မကြာသေးခင်က ရခဲ့သော ထိခိုက်ဒဏ်ရာမှ ပြန်ကောင်းလာခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လည်ပင်းတောင့်တင်းခြင်းနဲ့ ဖျားခြင်း တွဲဖြစ်သောအခါ အာသီးရောင်ခြင်းလည်း ထပ်ဖြစ်နိုင်ပါတယ်။ ဤကဲ့သို့ ဝေဒနာများ ခံစားနေရပါက ဆရာဝန် ထံ ပြသခြင်းဟာ အကျိုးရှိသော်လည်း အသက်အန္တရာယ်တော့ စိုးရိမ်စရာမလိုပါ။

သင့်ကလေးတွင် တစ်ကိုယ်လုံး အဖုအပိမ့်များထွက်သောအခါ

မိဘအများဟာ ကလေးများတွင်ဖြစ်သော အဖုအပိမ့်များကို မြင်မြင်ချင်း အလွန်အမင်းစိုးရိမ်တတ်ကြပေမယ့် သာမန်အဖုအပိမ့်များဖြစ်ပါက အရမ်းကြီးစိုးရိမ်စရာမလိုပါ။ တကယ်လို့ အနီရောင်အဖုကို ထိလိုက်သောအခါ အဖြူရောင်ပြောင်းသွားပါက အပျော့စား ဗိုင်းရပ်စ် သို့မဟုတ် ဓာတ်မတည့်သော တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဒီလိုအဖုအပိမ့်တွေက စိုးရိမ်စရာအကြောင်းမဟုတ်ပါ။ ကလေးများရဲ့ လက်မောင်း သို့မဟုတ် ခြေထောက်မှာ ထွက်သော အဖုအပိမ့်များဟာ များသောအားဖြင့် အန္တရာယ်မရှိတတ်သော်လည်း အမြဲသတိပြုသင့်ပါတယ်။

တကယ်လို့ အဖုအပိမ့်များ တစ်ကိုယ်လုံးနီးပါး ထွက်နေရင် သို့မဟုတ် ထိလိုက်တဲ့အခါ မဖြူသွားဘဲ ခရမ်းရောင်၊ အနီရောင် အစက်အပြောက်တွေဖြစ်နေရင် ချက်ချင်း ဆရာဝန်ထံ ပြသပါ။ ဒါဟာ သွေးဆိပ်သင့်ခြင်း (sepsis) (ပြန်လည်ပြုပြင်လို့မရသော ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနဲ့ သေဆုံးခြင်းကို ဖြစ်စေနိုင်သော သွေးတွင်းကူးစက်ရောဂါ) သို့မဟုတ် ဦးနှောက်အမြှေးရောင်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ကလေးဟာ ဓာတ်မတည့်မှု ရာဇဝင်ရှိပြီး မျက်လုံးနားတစ်ဝိုက်တွင် အဖုအကျိတ်များထွက်ခြင်း၊ ပါးစပ်ရောင်ခြင်း နဲ့ အသက်ရှူရခက်ခဲခြင်းများကို ခံစားရပါက ချက်ချင်း ဆေးကုသမှု ပေးသင့်ပါတယ်။

သင့်ကလေး အဖျားကြီးနေသောအခါ

ဖျားခြင်းဟာ စိုးရိမ်စရာကောင်းပေမယ့် တကယ်တမ်းမှာ ခန္ဓာကိုယ်ဟာ ရောဂါကူးစက်မှုကို သဘာဝအတိုင်း တိုက်ထုတ်နေကြောင်း ပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့ အဖျားဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက်ကျော်နေပါက သို့မဟုတ် ၄ ရက် ထက်ပိုပြီး တက်လိုက်ကျလိုက် ဖြစ်နေပါက  စိုးရိမ်စရာဖြစ်ပါတယ်။ သင့်ကလေးရဲ့ ကိုယ်အပူချိန်နဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေပါ။ သို့သော် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်လောက် မရောက်ပါက ဆရာဝန်ထံပြသဖို့ မလိုကောင်းမလိုနိုင်ပါ။

Photo Credit: Dra. Carmen G. Marquez via Compfight cc

အဆင့်သတ်မှတ်ချက်