မိန်းမကိုယ် ခြောက်သွေ့ခြင်းဆိုတာ မိန်းမကိုယ်ကထုတ်လုပ်တဲ့ ချောဆီအရည်တွေ လျော့နည်းသွား တာကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ မိန်းမကိုယ်က တစ်သျှူးတွေ ခြောက်သွေ့လာပြီး စိုစွတ်မှုမရှိတော့တဲ့အခါ အမျိုးသားနဲ့ အတူနေစဉ်မှာ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့ရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ များသောအားဖြင့် သွေးဆုံးခြင်းကြောင့် မိန်းမကိုယ်အီစထရိုဂျင် (estrogen) ဟော်မုန်းပမာဏ လျော့နည်းသွား တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အီစထရိုဂျင်ဟော်မုန်း ချို့တဲ့မှု ရှိနေတဲ့ အမျိုးသမီးတွေမှာ ဆိုရင်တော့ အသက်အရွယ်မရွေး ဖြစ်လာနိုင်ပါတယ်။
မိန်းမကိုယ်ခြောက်သွေ့နေတာကို တချို့အမျိုးသမီးတွေမှာ အမြဲတမ်းဖြစ်ပေါ်နေတတ်ပေမယ့် တချို့မှာ ကျတော့ ရံဖန်ရံခါ၊ အမျိုးသားနဲ့ အတူနေတဲ့အခါမျိုး စတဲ့ အချိန်တွေမှာပဲ ဖြစ်တတ်တာမျိုးတွေ ရှိပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ မိန်းမကိုယ်တစ်ဝိုက်မှာ ယားခြင်း၊ အခံရခက်ခြင်း၊ ပူစပ်ပူလောင် ဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ ဆီးသွားချိန်မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း၊ ပုံမှန် ထက်ပိုပြီး ဆီးခဏခဏ သွားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း (ဆီးသွားချင်လာပြီဆိုရင် ခဏတာမျှပင် အောင့် မထားနိုင်ခြင်း)၊ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ မကြာခဏအဖြူဆင်းခြင်း၊ အမျိုးသားနဲ့ အတူနေချိန် နာကျင်ခြင်း၊ သွေးဆင်းခြင်း၊ အတူနေရမှာ စိတ်မပါခြင်း၊ ဆန္ဒပြည့်မြောက်ရန် ခက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းသည် ကျန်းမာရေးဆိုင်ရာ ပြဿနာ ကြီးကြီးမားမားတစ်ခုလို့ မဆိုနိုင်ပေမယ့် သူ့သဘာဝအတိုင်း စိုစွတ်မှု ရှိမနေဘူးဆိုရင်တော့ မိန်းမကိုယ် နံရံတွေမှာ ယားယံတာတွေ၊ အနာလေးတွေ ပေါက်လာပြီး အဲဒီကမှတစ်ဆင့် မိန်းမကိုယ်တစ်ဝိုက်နဲ့ အတွင်းဘက်တွေမှာ ဘက်တီးရီးယား နဲ့ မှိုပိုး တွေ ကူးစက်မှုဖြစ်လာခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့နေတဲ့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အန္တရာယ်ကိုလည်း မြင့်မားလာစေနိုင်ပါတယ်။
နောက်ပြီးတော့ မိန်းမကိုယ်ဟာ စိုစိုပြေပြေ မရှိတဲ့အတွက် အမျိုးသားနဲ့အတူနေတဲ့အချိန်မှာ နာကျင်မှု ဖြစ်ပေါ်စေတာကြောင့် အိမ်ထောင်မှုဘဝသာယာရေးမှာပါ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အမျိုးသမီးတွေ မိန်းမကိုယ် ခြောက်သွေ့တာကို ကာကွယ်ဖို့ သို့မဟုတ် လျှော့ချဖို့အတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။ အီစထရိုဂျင်မြှင့်တင်ပေးတဲ့ အစားအစာများ စားသုံးပေးခြင်း - အီစထရိုဂျင်နဲ့ဆင်တူအာနိသင်ရှိတဲ့ (Isoflavones) ဓာတ်တွေပါဝင်တဲ့ ပဲပိစပ်နဲ့ ပဲပိစပ်မှ ထုတ်လုပ်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့်လည်း အီစထရိုဂျင် အဆင့်ကို မြှင့်တင်ပေး နိုင်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးအတွက်သီးသန့်ထုတ်တဲ့ ဆပ်ပြာ နဲ့ အခြားထုတ်ကုန်တွေကို သတိထား အသုံးပြုတာ၊ အမျိုးသားနဲ့အတူနေရာမှာ အစိုဓာတ်ထိန်းပေးတဲ့ ချောဆီ ဂျယ် စတာတွေ သုံးပေးတာ၊ မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ မပူလွန်း မအေးလွန်းတဲ့ သန့်ရှင်းတဲ့ ရေသန့်သန့်ကို သုံးတာ၊ အတွင်းခံ အဝတ်အစားတွေကိုလည်း အမြဲတမ်း သန့်သန့်ရှင်းရှင်းဝတ်ဆင်တာ၊ ရာသီသွေးခံဂွမ်းထုပ် တွေကို သုံးရာမှာ ဖုန်၊ အညစ်အကြေးနဲ့ စိုထိုင်းမှုတွေ ရှိမနေစေဖို့ မကြာခဏ အသစ်လဲလှယ်ပေးခြင်း စတဲ့ အမူအကျင့်တွေကို လုပ်ဆောင်သင့်ပါတယ်။ မိန်းမကိုယ် ပတ်ဝန်းကျင်အရေပြားနီမြန်းယားယံခြင်းဖြစ်လာရင်တော့ ရှက်ရွံ့မနေဘဲ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူသင့်ပါတယ်။ ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင် နာတာရှည် အခြေအနေကို ဦးတည်သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ဇနီးမောင်နှံ ချစ်တင်းနှောတဲ့အခါ အကြိုလှုံ့ဆော်မှု (Foreplay) ဖြစ်တဲ့ ယုယကြင်နာပေးမှုများကို ပြင်းပြသော ချစ်ခြင်းမေတ္တာနဲ့ စိတ်ပါလက်ပါ တိုးမြှင့်ပြုမူပေးခြင်းဟာ မိန်းမကိုယ်အတွင်း ချောဆီဓာတ် အရည်များ ထွက်ရှိလာစေရန် လှုံ့ဆော်ပေးတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ် ခြောက်သွေ့နိုင်ခြေကို တိုးမြင့်စေတဲ့ Nonoxynol-9 ဓာတုပစ္စည်း ပါဝင်တဲ့ ကွန်ဒုံးများ သုံးခြင်းမှ ရှောင်ကြဉ်ခြင်းသည်လည်း ဖြစ်နိုင်ခြေရှိတဲ့ အခြားဖြေရှင်းနည်း တစ်ခု ဖြစ်ပါတယ်။
နောက်ဆုံးအားဖြင့်၊ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများကို သေချာစွာ ပြုလုပ်ခြင်း၊ မီးယပ်ရောဂါဆိုင်ရာ စစ်ဆေးမှုများ ခံယူခြင်းနှင့် အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏကို အကဲဖြတ်စစ်ဆေးခြင်းတို့သည် ဟော်မုန်းချို့တဲ့မှုများ မဖြစ်ပွားစေရန် ကာကွယ်ရာမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းကို အောက်ပါနည်းစနစ်များ အသုံးပြုပြီး ကုသမှု ခံယူနိုင်ပါတယ်။
အမျိုးသမီးတစ်ဦးဟာ သွေးဆုံးတဲ့ အရွယ်ကို ရောက်တဲ့အခါမှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း စတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ရုံသာမက၊ ရုပ်ပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုတွေ များစွာရှိလာနိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့ခြင်းဆိုတာလည်း သည်ပြဿနာတွေထဲက တစ်ခုသာဖြစ်ပြီး ကာယကံရှင်အဖို့ စိုးရိမ်စိတ်အနည်းငယ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ် ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို သိနေစေဖို့ လိုအပ်တဲ့ ဗဟုသုတတွေ ရှာဖွေလေ့လာထားပြီး ရင်ဆိုင်ခြင်း၊ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန်ဆောင်ရွက်ခြင်းနဲ့ မီးယပ်ရောဂါဆိုင်ရာ စစ်ဆေးမှုများ ခံယူခြင်းတို့ဖြင့် မိမိကိုယ်တိုင်နှင့် မိမိ၏ လက်တွဲဖော်အပေါ် သက်ရောက်မှုကို သိသိသာသာ လျှော့ချနိုင်ရန် ကူညီပေးပါလိမ့်မယ်။
*ထည့်သွင်းရန်လိုအပ်သည်။
အရာများ
ဆောင်းပါးများ