ဗိုက်ခွဲ​မွေး​ပြီး​​နောက်တစ်ကြိမ်မှာရိုးရိုး​မွေးချင်သူများအတွက် VBAC နည်းလမ်း

ဗိုက်ခွဲ​မွေး​ပြီး​​နောက်တစ်ကြိမ်မှာရိုးရိုး​မွေးချင်သူများအတွက် VBAC နည်းလမ်း

VBAC လို့ ဆေးပညာမှာခေါ်ကြတဲ့ ပထမကလေးကိုဗိုက်ခွဲမွေးထားသော်လည်း နောက်တစ်ယောက်ကို ရိုးရိုးမွေးတဲ့ နည်းလမ်းဟာ လုံခြုံစိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာလည်း တွင်တွင်ကျုယ်ကျယ် အသုံးပြုနေကြပါတယ်။ တကယ်လို့ အစောပိုင်း ကိုယ်ဝန်ကို ဗိုက်ခွဲမွေးဖြစ်ခဲ့တယ်ဆိုရင်တောင် ဒီနည်းလမ်းဟာ သင့်ကို စိတ်ချလုံခြုံစွာနဲ့ သက်သောင့်သက်သာမွေးဖွားစေနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်သားဖွားပညာရှင်များနှင့် မီးယပ်ပညာရှင်များကောလိပ်(American College of Obstetricians and Gynecologists) ကတော့ ဆရာဝန်များအားလုံးအနေနဲ့ ကလေးရယူမယ့် မိခင်များအတွက် VBAC နည်းလမ်းနဲ့ မွေးဖွားပေးဖို့ အကြံပြုထားပါတယ်။

သဘာဝအတိုင်းမွေးဖွားလိုတဲ့ လူတိုင်းအတွက် VBAC ဟာ အသင့်တော်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါ တယ်။ ဒါပေမယ့် VBAC ဟာ အန္တရာယ်လုံးဝမရှိတဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို မှတ်ထားရမှာဖြစ်ပြီး သားအိမ်ကွဲခြင်း(Uterine Rupture) အန္တရာယ် (၁)ရာခိုင်နှုန်းနဲ့အောက် ဖြစ်နိုင်ခြေရှိပါတယ်။ 

VBAC နဲ့ ဆက်စပ်နေတဲ့ အန္တရာယ်ကိုသိရှိဖို့ဆိုရင် အရင်ကိုယ်ဝန်ကို ဘာကြောင့်ခွဲပြီးမွေးလိုက်ရတယ်ဆိုတဲ့ အကြောင်းအရင်းအပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာ - ကလေးငယ်ရဲ့ အနေအထားပုံမှန်မဟုတ်ရင် (သို့) ပထမအကြိမ်ခွဲမွေးဖို့လိုအပ်တဲ့ အချင်းရဲ့တည်နေရာ လွဲမှားနေတယ်ဆိုရင် နောက်တစ်ကြိမ်မှာ VBAC ကို ရွေးချယ်ခြင်းဟာ အန္တရာယ်ဖြစ်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့ တင်ပါးဆုံရိုးဟာ သေးနေမယ်(သို့) ကလေးဟာ အရွယ်အစားကြီးနေမယ်ဆိုရင် နောက်ထပ်ကိုယ်ဝန်ဆောင်ခြင်းအတွက်ပါ သဘာဝအတိုင်းမွေးဖွားဖို့ အခက်အခဲရှိလာမှာဖြစ်ပါတယ်။ မိခင်ဟာ သားအိမ်ခွဲစိတ်ကုသမှုလုပ်ဖူးတယ် ၊ တစ်ကြိမ်ထက်ပိုပြီးဗိုက်ခွဲမွေးဖူးတယ် ၊ ကလေးဟာ မိခင်ရဲ့ တင်ပါးဆုံရိုးထက် အရွယ်အစားကြီးနေတယ်ဆိုရင် VBAC လုပ်ဖို့အန္တရာယ်အခက်အခဲတွေ ပိုများလာမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်ခြင်းဟာ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား တစ်နှစ်အောက်ကာလမှာ ရှိခဲ့မယ်ဆိုရင်လည်း အန္တရာယ်များပြီး ဒီလိုမိခင်များအတွက် ဆရာဝန်တွေက VBAC နည်းလမ်းကို အားမပေးပါဘူး။

တခြားအခြေအနေတွေအားလုံးမှာတော့ ဗိုက်ခွဲမွေးခြင်းကြောင့်ဖြစ်တဲ့ ပိုးဝင်နိုင်ခြေမြင့်မားခြင်း ၊ အချွဲစေးကပ်မှုပိုများခြင်း ၊ သွေးထွက်လွန်ခြင်းနဲ့သားအိမ်ထုတ် လိုက်ရသည်အထိဖြစ်စေတဲ့ အချင်းနေရာလွဲမှားခြင်း စတဲ့အန္တရာယ်များနဲ့ယှဉ်ရင်  VBAC ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ဘေးကင်းစိတ်ချရတယ်လို့ အကြုံပြုထားပါတယ်။ မိခင်တစ်ဦးအဖို့ ဗိုက်ခွဲမွေးမယ်ဆိုရင် ကန့်သတ်ထားတဲ့ အရေအတွက် တစ်ခုအထိသာ ကလေးရယူနိုင်မှာဖြစ်ပေမယ့် ရိုးရိုးမွေးလိုက်မယ်ဆိုရင်တော့ သူမအနေနဲ့ လိုချင်သလောက် ကလေးရယူနိုင်မှာဖြစ်ပါတယ်။

သင်ဟာ အရင်က ဗိုက်ခွဲမွေးဖွားခဲ့ဖူးပြီး ယခုတစ်ကြိမ်မှာ သဘာဝအတိုင်းမွေးဖွားချင်တယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။ သင့်ရဲ့ ကိုယ်ဝန်နဲ့ သင့်စိတ်ကြိုက်မွေးဖွားမှုနည်းလမ်းကို စားသောက်မှုပုံစံ ၊ သင့်အလုပ်အကိုင် စတာတွေနဲ့ ချိန်ပြီးတစ်ဆင့်ချင်း ပြင်ဆင်ပါ။ စီစဉ်ပြီးတာနဲ့ သေချာဝီရိယစိုက်ပြီး အကောင်ထည်ဖော်ပါ။ သေချာထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း အများကြီးရှိပြီး အရေးအကြီးဆုံးက မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ ။ လိုအပ်တဲ့ဖြည့်စွက်စာတွေ စားပါ ။ အကောင်းမြင်စိတ်နဲ့ ပျော်ပျော်နေပါလို့ အကြံပေးချင်ပါတယ်။

VBACအတွက် ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်မလဲ

  • အရင်ဆုံး VBAC နည်းလမ်းနဲ့မွေးဖို့ဆန္ဒရှိတယ်ဆိုတာကို သေချာအောင်ဆုံးဖြတ်ပါ။
  • သင့်အတွက် မှန်ကန်တိကျတဲ့ဆရာဝန်ကိုရွေးချယ်ပါ။
  • အရမ်းမကြီးလွန်း မသေးလွန်းသော ရောဂါကင်းကျန်းမာတဲ့ကလေးငယ်ဖြစ်အောင် ဘယ်အစားအစာတွေက သင့်အတွက်အကောင်းဆုံးလဲဆိုတာကိုသိအောင်လုပ်ပါ။
  • မွေးဖွားနေစဉ်အတွင်း သင့်ခန္ဓာကိုယ်နဲ့ဆရာဝန်အပေါ် ယုံကြည်ချက်ထားပါ။

အောက်ပါအခြေအနေများဟာ VBACအတွက် အန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်ပါတယ်

  • လွန်ခဲ့တဲ့ တစ်နှစ်အောက်ကာလအတွင်း ဗိုက်ခွဲမွေးဖွားခဲ့သူများ
  • လွယ်ထားရတဲ့ကိုယ်ဝန်သည်တစ်ယောက်နှင့်အထက်မွေးဖွားရန်မျှော်လင့်ထားသူများ
  • တင်ပါးဆုံရိုးသေးပြီးကလေးအရွယ်အစားကြီးနေသူများ
  • မိခင်(သို့) ကလေးကို အန္တရာယ်ဖြစ်စေတဲ့ရောဂါပိုးဝင်ရောက်ခြင်း(သို့)အခြားရောဂါပြဿနာ ရှိသူများ
  • သန္ဓေသားဦးခေါင်းအနေအထားမမှန်သူများ

အောက်ပါအခြေအနေရှိသူများအနေနဲ့VBACနည်းလမ်းကိုရွေးချယ်သင့်ပါတယ်

  • အနာဂတ်မှာထပ်ပြီးကလေးရယူလိုသူများ
  • မိခင်နှင့်ကလေးအတွက်သောက်သုံးရတဲ့ဆေးဝါးများလျှော့ချလိုသူများ
  • ပိုးဝင်ခြင်း ၊ သွေးထွက်ခြင်း ၊ ပုံမှန်မဟုတ်သောအချင်း စတဲ့အန္တရာယ်များကို လျှော့ချလိုသူများ
  • မွေးဖွားပြီးစအချိန်မှာ ကိုယ့်ရင်သွေးနဲ့ နီးကပ်စွာ ရှိနေချင်သူများ
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။