နားလည်မှုပေးပါ အော်တီဇင်ကလေးများအပေါ်မှာ

နားလည်မှုပေးပါ အော်တီဇင်ကလေးများအပေါ်မှာ

အော်တီဇင်ကလေးများကို ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ်တဲ့အထိ ပြုစုပျိုးထောင်ပေးကြပါစို့…

“အော်တီဇင်” ဆိုတာ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ဖောက်ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကလေးတစ်ယောက် အော်တီဇင် ဟုတ်မဟုတ်ဆိုတာကို ဆရာဝန်တွေက အောက်ပါ အချက်နှစ်ချက်နဲ့ တိုင်းတာပါတယ်။

  • လူမှုဆက်ဆံရေးနယ်ပယ်မှာ အပြောအဆို အမူအရာတွေ အပြန်အလှန်တုံ့ပြန်မှု ရှိ/မရှိ
  • ထပ်ခါထပ်ခါပြုမူနေတတ်တဲ့ အမူအကျင့်၊ လိုက်လိုက်လျောလျော မနေတတ်မှု၊ ထိမှုသိမှုဆိုင်ရာ စနစ်မှာ ဖောက်ပြန်နေမှု။

“အော်တီဇင်” ဆိုတာမှာ… အမျိုးမျိုးသော ဖွံ့ဖြိုးမှုနောက်ကျခြင်းတွေ ပါဝင်ပါတယ်။ တစ်ချို့လက္ခဏာတွေက သိသာပေမယ့် တစ်ချို့က အတော် သိမ်မွေ့တာကို တွေ့ရပါတယ်။ တစ်ချို့ လူနာတွေဆို တွေ့တွေ့ချင်းမှာ အော်တီဇင်လို့ကို မထင်ရတာ။ အဲဒီတော့ ထိရောက်တဲ့ ဆန်းစစ်မှုကို ရရှိဖို့ ဆိုတာ သူ့ကို မူကြိုတို့ ကျောင်းတို့ စတဲ့ နေရာစုံမှာ ကြိမ်ဖန်များစွာ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။

ဒီဖောက်ပြန်မှုရဲ့ လက္ခဏာတွေက ဖော်ထုတ်ပေးဖို့ အတော်ခက်နိုင်ပါတယ်။ အော်တီဇင်လက္ခဏာရှိတဲ့ ကလေးတစ်ယောက်ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ဆိုတာ ဆရာဝန်မှာ အတွေ့အကြုံကောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့လဲ လိုအပ်ပါတယ်။

တစ်ချို့ မိဘတွေက သူတို့ ကလေးလေးဟာ အော်တီဇင်ဖြစ်နေပါတယ်လို့ ပြောလိုက်ရင် ချက်ချင်း လက်မခံချင်ကြဘူး။ ငြင်းတတ်ကြပါတယ်။ တစ်ခါတစ်လေ ကလေးကို ကျောင်းအပ်လို့ မရမှာ ကြောက်လို့ “ကလေးက စကားပြော နောက်ကျတာပါလို့ ဆရာဝန်က ပြောတယ်” လို့ ဆိုတတ်ကြပါတယ်။ အော်တီဇင် ဆိုရင် ကျောင်းတွေက လက်ခံဖို့ ငြင်းပယ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အော်တီဇင် ဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေကို ကျယ်ကျယ်ပြန့်ပြန့် သိနားလည်လာကြပြီး ဖေဖေမေမေတွေဟာ သူတို့ရဲ့ အော်တီဇင်ကလေးတွေကို အစောပိုင်းအဆင့်မှာတင် ကုသမှုတွေ ခံယူလာကြပြီ ဖြစ်ပါတယ်။ ရောဂါကို စောစီးစွာသိရှပြီး တိကျတဲ့ ကုသမှုတွေကို ပေးနိုင်ရင် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ရေရှည်မှာ ပုံမှန်လူလောက်နီးနီး အထိ ဥာဏ်ရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။

တစ်ချို့မိသားစုတွေမှာဆိုရင် ကလေးကို အော်တီဇင်မှန်းမသိလို့ ကုသမှုတွေ မပေးဘဲ ဒီအတိုင်း ထားတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ကလေးမှာ အောတီဇင် ဖြစ်နေတယ်ဆိုရင် စိတ်ညစ် စိတ်ဓာတ်ကျနေတတ်ကြပါတယ်။ သူတို့ဟာ ကလေးကို လိုအပ်တဲ့ လေ့ကျင့်ပေးမှုတွေ နဲ့ တိုးတက်ဖို့ အားပေးမှုတွေကို လုပ်မပေးကြပါဘူး။ အော်တီဇင်ကလေးခမျာမှာ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ လွဲချော် ခဲ့ရပြီး ကြီးခါမှ ကုသမှုတွေကို ရရှိလို့ နောက်ကျပြီး ကုသရေး နဲ့ လေ့ကျင့်ပေးရေးမှာ အခက်အခဲတွေ တွေ့ကြရပါတယ်။ ကလေးကို ငယ်စဉ်မှာ ပေးရမယ့် ကုသမှုတွေကို မပေးခဲ့မိဘဲ ကြီးလာမှ ကုရမယ် ဆိုရင် တစ်ချို့ မိဘတွေဆိုရင် အလုပ်တောင် ထွက်ပစ်ပြီး ကလေးကို ကြည့်ကြရပါတယ်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ပထမ ၅ နှစ်မှာ ဖွံ့ဖြိုးမှုနှုန်း အရမ်းမြန်ပါတယ်။ အော်တီဇင်ကလေး ကို စောစောကုသမှုပေးနိုင်မယ်ဆိုရင် သူဟာ အဲဒီပထမ ၅နှစ် တိုးတက်မှုကို မီနိုင်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ ဥာဏ်ရည်တိုးတက်မှု၊ ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်မှု စတာတွေ တိုးတက်လာပြီး အာရုံတစ်ခုထဲကိုပဲ အထပ်ထပ်အခါခါ စူးစိုက်လုပ်ကိုင်နေတတ်မှု စ တာတွေလည်း လျော့ကျ သွားမှာ ဖြစ်ပါတယ်။ တစ်ချို့ အော်တီဇင်ကလေးတွေဆိုရင် ဘွဲ့တွေဘာတွေတောင်ရလို့ လူသာမန်တွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်အကိုင်တွေနဲ့ ဘာနဲ့ ဟန်ကျ နေကြပါပြီ။

Photo Credit: Christine Rogers via Compfight cc

အဆင့်သတ်မှတ်ချက်