ဒူးတစ်စိတ်တစ်ပိုင်း အစားထိုးမှုဖြင့် ဒူးဆစ်ရောင်ခြင်းကိုကုသခြင်း

ဒူးတစ်စိတ်တစ်ပိုင်း အစားထိုးမှုဖြင့် ဒူးဆစ်ရောင်ခြင်းကိုကုသခြင်း

ဒူးဆစ်ရောင်ခြင်း (Osteoarthristis of the Knee) ဟာ အသက်အရွယ်ကြောင့် လည်းကောင်း၊ အသုံးပြုမှုများခြင်းကြောင့်လည်းကောင်း သဘာဝ အတိုင်း ဖြစ်လာလေ့ရှိတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ အများအားဖြင့်တော့ ဒါဟာ အရင်ကတည်းက ရှိနှင့်နေပြီးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ နောက်ဆက်တွဲ ပျက်စီးယိုယွင်းမှုကို ရပ်တန့်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် လက်ရှိ ဆေးပညာတိုးတက်မှုအရ ကျွန်တော်တို့အနေနဲ့ ပျက်စီးယိုယွင်းခြင်း ဖြစ်စဉ်ကို နှေးသွားအောင် လုပ်လို့ရပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အကောင်းဆုံးလဲဆိုတာကို သိရပါမယ်။ တကယ်လို့ သင်ဟာ ဒူးဆစ်ရောင်တဲ့ လက္ခဏာတစ်ခုခု ခံစားရတယ်ဆိုရင် ချက်ချင်းဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့် ပါတယ်။ ဒူးဆစ်ရောင်ခြင်းဟာအစောပိုင်း အခြေအနေ မှာပဲရှိနေသေးတယ်ဆိုရင် ဒီလိုတိုင်ပင်လိုက်ခြင်းဖြင့် အသုံးဝင်ပြီး တိကျတဲ့ကုသမှုနည်းလမ်း တစ်ခုကိုရရှိစေ မှာဖြစ်ပါတယ်။

ဒူးဆစ်ရောင်ခြင်းကိုကုသဖို့နည်းလမ်းများစွာရှိပါတယ်။ တကယ်လို့ ဒူးပျက်စီးယို ယွင်းခြင်းဟာ သိသိသာသာဖြစ်လာတယ်ဆိုရင်တောင်မှ ခွဲစိတ်ကုသဖို့ မလိုအပ် သေးပါဘူး။  ဒါပေမယ့် မခံမရပ်နိုင်အောင်နာကျင်လာတယ်ဆိုရင် ခွဲစိတ်ကု သမှု လိုကောင်းလိုလာပါလိမ့်မယ်။ တကယ်လို့ ဒူးလုပ်ဆောင်မှုဟာ ကြန့်ကြာ နေမယ် (သို့) လူနာဟာလမ်းလျှောက်ဖို့အခက်အခဲရှိမယ်ဆိုရင် ခွဲစိတ်ကုသမှု ဟာ သင့်လျော်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုရောဂါအခြေအနေအတွက် ဒူးပြုပြင်ကုသခြင်း(High Tibial Osteotomy) (သို့) ဒူးတစ်ခုလုံးအစားထိုး ခွဲစိတ်ကုသခြင်း စသဖြင့် ရွေးချယ်စရာ ခွဲစိတ်ကုသမှုနည်းလမ်း အမျိုးမျိုးရှိပါ တယ်။ တကယ်လို့ ဒူးယိုယွင်းပျက်စီးခြင်းဟာ အရမ်းမများဘူးဆိုရင် ဒူးတစ်စိတ်တစ်ပိုင်း အစားထိုးခြင်း(Partial Knee Replacement) နည်းလမ်း ကို လုပ်ဆောင်သင့် ပါတယ်။

ဒူးအစားထိုးခြင်း(Knee Arthroplasty)

ဒူးအစားထိုးခြင်း(Knee Arthroplasty) မှာ အဓိကအားဖြင့် နည်းလမ်း(၂) ခု ရှိပါတယ်။ TKA လို့အတိုကောက်ခေါ်တဲ့ ဒူးတစ်ခုလုံးအစားထိုးခြင်း (Total Knee Arthroplasty) နဲ့  UKA လို့အတိုကောက်ခေါ်တဲ့ ဒူးတစ်စိတ်တစ်ပိုင်း အစားထိုးခြင်း (Unicompartmental Knee Arthroplasty) (သို့) (Partial Knee Replacement) တို့ပဲဖြစ်ပါတယ်။

ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်း(UKA) - ဒူးမှာ ပျက်စီးနေတဲ့အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားလိုက်တာဖြစ်ပြီး အကောင်းအတိုင်းရှိနေတဲ့ အရိုးနဲ့ အရိုးနု (Cartilage) ကို နဂိုမူလအတိုင်း ရှိစေတာဖြစ်ပါတယ်။ သာမန်အားဖြင့် အသက် အရွယ်အိုမင်းလာတာနဲ့အမျှ ဒူးဆစ်ရောင်တတ်ပါတယ်။ ဒူးဆစ်တက်ဖက်ခြမ်းမှာ ဖြစ်ပွားတတ်ပြီး ဒီလိုအခြေအနေအတွက် ဒူးတစ်ခုလုံး အစားထိုးခြင်း(TKA) ထက် ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်း(UKA) ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

ဒူးတစ်ခုလုံးအစားထိုးခြင်း ဆိုတာဟာ ပေါင်ရိုး(Femur)၊ ခြေသလုံးအတွင်းရိုး (Tibia)၊ ဂုံညင်းရိုး(Kneecap) စတဲ့အစိတ်အပိုင်းမှ အရိုးနဲ့ အရိုးနုများကို ပိုမိုခွဲစိတ်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ  အကြီးစားခွဲစိတ်မှုတစ်ခု ဖြစ်ကာ ခွဲစိတ်ပြီးနောက်နာကျင်မှုဆက်ရှိခြင်း၊ သွေးထွက်ခြင်း၊ တစ်ရှူးထိခိုက် ပျက်စီးခြင်း၊ သက်သာဖို့အချိန်ကြာခြင်း စတဲ့ နောက်ဆက်တွဲတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဒူးကို သဘာဝအတိုင်း ပြန်လည်ကွေးနိုင်ဆန့်နိုင်ဖို့ဆိုရင် ဒူးတစ်စိတ် တစ်ပိုင်းအစားထိုးခြင်း(UKA)ဟာ ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။

ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်း(UKA) ရဲ့ ကောင်းကျိုးများ

ဒီကုသမှုနည်းလမ်းဟာ ဒူးဆစ်အတွင်းပိုင်းမှာဖြစ်တဲ့ ဒူးဆစ်ရောင်ခြင်းကြောင့် ခံစားရတဲ့နာကျင့်မှုကို သက်သာစေပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာပဲ ဒူးဆစ်အတွင်း အကောင်းအတိုင်းရှိနေသေးတဲ့အရိုးနု၊ အစိတ်အပိုင်းများနဲ့ ကြွက်သားစွန်း အရွတ်များကို နဂိုမူလအတိုင်း ထိန်းသိမ်းထားနိုင်ပါတယ်။ ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းဟာ အသေးစားခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး ခွဲစိတ်ပြီးနောက်အနည်းငယ်သာနာကျင်ခြင်း၊ သွေးထွက်နည်းခြင်း စတဲ့ အားသာ ချက်တွေရှိပါတယ်။ ဒီနည်းလမ်းဟာ အရွတ်များနဲ့ ကြွက်သားတစ်ရှူးများကို ဖြတ်တောက်စရာမလိုတဲ့အပြင် ပိုမိုမြန်ဆန်စွာပြန်လည်သက်သာလာနိုင်ပြီး ဆေးရုံတက်ရချိန်နည်းပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများကို အချိန်တိုအတွင်းပြန်လည်ရရှိစေပါတယ်။

လူနာဟာ သူ့ရဲ့ ဒူးများကို ပုံမှန်ကျန်းမာသန်စွမ်းတဲ့ ဒူးများအတိုင်း ပြန်လည် အသုံးပြုနိုင်မယ် ဥပမာ ဒူးကိုကွေးနိုင်ဆန့်နိုင်ခြင်း၊ ကြမ်းပြင်ပေါ်ထိုင်နိုင်ခြင်း၊ ဆောင့်ကြောင့်ထိုင်နိုင်ခြင်း၊ ဒူးထောက်နိုင်ခြင်း  များ လုပ်ဆောင်နိုင်ပြီဆိုရင် အောင်မြင်တဲ့ ခွဲစိတ်ကုသမှုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်း ဟာ ပြေးလွှားနိုင်ဖို့ရည်မှန်းထားသူများ၊ ခွန်အားစိုက်ထုတ်ရတဲ့အားကစား လုပ်လိုသူများအတွက် မသင့်လျော်ပါဘူး။ UKA နည်းလမ်းနဲ့ ကုသမှုခံယူထားသူ များအနေနဲ့ ပြေးလွှားခြင်း(သို့)ပြင်းပြင်းထန်ထန်အားကစားလုပ်မယ်ဆိုရင် ဒူးဟာ မှန်းထားတာထက်စောပြီး ပျက်စီးသွားနိုင်ပါတယ်။
အကောင်းဆုံးရလဒ်ရဖို့ဆိုရင် အရင်ဆုံး အရိုးအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါရှာဖွေစစ်ဆေးပါ။ သင့်လျော်တဲ့ကုသမှုအတွက် လုပ်ဆောင်ရမယ့် အဆင့် တွေကိုလုပ်ဆောင်ရပါမယ်။ ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းဟာ သာမန်အား ဖြင့် (၁၀)နှစ် မှ နှစ်(၂၀) ကြား ခံပါတယ်။ ဒါ့အပြင် ဒူးတစ်ခုလုံးအစားထိုးခြင်းနဲ့ ယှဉ်ရင် ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းဟာ တစ်ကျော့ပြန် ခွဲစိတ်မှုတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။

ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းကိုဘယ်သူတွေလုပ်ဆောင်သင့်လဲ?

ဆရာဝန်များဟာ ဒီကုသမှုနည်းလမ်းနဲ့ သင့်တော်တဲ့သူတွေကို သေချာရွေးချယ် ရပါတယ်။ အရေးကြီးတဲ့တစ်ချက်ကတော့ ဒူးအဆစ်အတွင်းပိုင်းနေရာပျက်စီးသူ များသာလျှင် UKA နည်းလမ်းနဲ့ ကုသမှုခံယူသင့်တာဖြစ်ပါတယ်။ ခြေထောက်ဟာ အရမ်းကြီးကွေးမနေဖို့လိုပြီး ပျက်စီးမှုအခြေအနေဟာလည်း အလယ်အလတ်အခြေအနေ ဖြစ်မနေရပါဘူး။ လူနာရဲ့ လက်ရှိလုပ်ဆောင်နိုင်မှု စွမ်းရည် နဲ့ အသုံးပြုမှုများခြင်း ရှိ မရှိ ကတော့ တခြားထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါ တယ်။ ဖော်ပြပါအချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် အသက်အရွယ် မရွေး ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

ဒူးအနည်းငယ်သာပျက်စီးပြီး ဒူးကိုအားစိုက်အသုံးပြုမှုနည်းတဲ့ အသက်(၅၀) ဝန်း ကျင်လူနာများအတွက် ဒူးတစ်စိတ်တစ်ပိုင်းအစားဖို့ကိုသာ အကြံပြု ချင်ပါတယ်။ ဒီလိုအစားထိုးကုသမှုဟာ (၁၀)နှစ် ကနေ နှစ်(၂၀) လောက် ခံပါတယ်။ ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးပြီးနောက်မှာ နောက်ထပ် ဒူးပျက်စီးမှု တွေဖြစ်လာ မယ် ဆိုရင် နောက်တစ်ကြိမ်ခွဲစိတ်ကုသခြင်း(သို့) ဒူးတစ်ခုလုံး အစားထိုး ကုသခြင်း(TKA) ကို လုပ်ဆောင်နိုင်ပါတယ်။ အသက်(၆၅)နှစ်နှင့် အထက် လူကြီးများအတွက် ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းဟာ အသင့်တော် ဆုံးနည်း လမ်းဖြစ်ပါတယ်။

ဆရာဝန်များဟာ အားကစားလုပ်တဲ့ (သို့) ဒူးကိုအားစိုက်သုံးရတဲ့ လူငယ်ပိုင်း လူနာများအတွက် ဒူးခွဲစိတ်ပြုပြင်ခြင်း (High Tibial Osteotomy / HTO) ကို အကြံပြုထားပါတယ်။ ဒီနည်းလမ်းဟာ ဒူးရဲ့တည်ဆောက်မှုအနေအထားကို ချိန်ညှိပေးတဲ့ ကုသမှုဖြစ်ပါတယ်။ အလေးချိန်ကို ပျက်စီးနေတဲ့ ဒူးနေရာမှ ဒူးဆစ်ရဲ့အကောင်းအတိုင်းရှိနေတဲ့ဖက်ခြမ်းကို  ပြောင်းလဲသက်ရောက် ပေးလိုက် တာ ဖြစ်ပါတယ်။ ရလဒ်အားဖြင့် ဒူးဆစ်ဟာ ပုံမှန်အတိုင်းပိုမို လုပ်ဆောင်နိုင်လာ သလို အလေးချိန်တွေကို ပါ မ လာနိုင်ပါတယ်။

ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းအတွက်သိထားသင့်စရာများ

၁ ။ ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်း ဟာ ဒူးတစ်ခုလုံးအစားထိုးခြင်းထက် ပိုပြီးခက်ခဲရှုပ်ထွေးပါတယ်။ ဒါကြောင့် သေချာတတ်ကျွမ်းနားလည်တဲ့ ခွဲစိတ် ဆရာဝန်များနဲ့သာ ကုသလုပ်ဆောင်သင့်ပါတယ်။

၂ ။ ခွဲစိတ်ကုသရာမှာ တိကျမှန်ကန်စွာဖယ်ရှားခွဲစိတ်ဖို့နဲ့ ဒူးရဲ့အစိတ်အပိုင်း များကို အတိအကျ အစားထိုးနိုင်ဖို့အတွက် လုံလောက်တဲ့ ဆေးဘက်ဆိုင်ရာ စက်ကိရိယာ နဲ့ စောင့်ရှောက်မှုများလိုအပ်ပါတယ်။

၃ ။ ပျက်စီးမှုအခြေအနေတအားဆိုးသူများနဲ့ ဒူးဆစ်အလွန်အမင်းကွေးနေ သူများအတွက် ဒီနည်းလမ်းဟာ အဆင်မပြေပါဘူး။ ဒါ့အပြင် ပြင်းထန်တဲ့အရိုး ပွရောဂါ၊ ရောင်ရမ်းခြင်းရောဂါ ရှိသူများအတွက်လည်း ဒီနည်းလမ်းနဲ့ ကုသမှု မခံယူသင့်ပါဘူး။ ဗီတာမင်ဒီ ချို့တဲ့လျှင်ဖြစ်တတ်သည့် အရိုးပျော့ရောဂါ (Osteomalacia) ရှိသူများကိုလည်း ဒီနည်းလမ်းအသုံးမပြုဖို့ အကြံပြု လိုပါတယ်။

“ လူနာရဲ့အသက်အရွယ်၊ ရောဂါအတိမ်အနက်၊ ဒူးရဲ့ပျက်စီးနေတဲ့တည်နေရာ စတာတွေက အရေးကြီးတယ်ဆိုတာ သိထားရပါမယ်။ ဒါ့အပြင် အောင်မြင်တဲ့ ကုသမှုရလဒ်တွေရဖို့ အရိုးအထူးကုဆရာဝန်များရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု ဟာလည်း အဓိကကျပါတယ်။ ဒါဆိုရင် အစားထိုးလိုက်တာနဲ့ ပုံမှန်အတိုင်း အကောင်းပကတိဖြစ်သွားမှာလား လို့ မေးခွန်းရှိပါလိမ့်မယ်။ ကိုယ့်ရဲ့ ဒူးတွေဟာ သန်မာနေတယ်ဆိုဦးတော့.. မှန်ကန်စွာအသုံးမချဘူးဆိုရင် ပျက်စီးသွားနိုင်တာပဲ လေ။ ကျေးဇူးတင်ရမှာက ကျွန်တော်တို့ရဲ့ အရိုးတွေဟာ သန်မာသလို ကွေးနိုင် ဆန့်နိုင်တယ်။ သူ့ဖာသာသူ ထိန်းညှိနိုင်တယ်။ ကွေ့နိုင်ဆန့်နိုင်မှုဟာ ဒူး ပျက်စီးမှုကို လျှော့ချဖို့ အထောက်အကူပြုပါတယ်။ သဘောကတော့ အင်ဂျင် တွေမှာ ချောဆီထည့်ရသလိုမျိုးပေါ့။ ကျွန်တော်တို့ ခန္ဓာကိုယ်က အရိုးနုဆဲလ် အသစ်တွေကို အသစ်ဖန်တီးပေးနိုင်တယ်။ သေချာဂရုစိုက်ရင် အလွယ်တကူ မပျက်စီးနိုင်ဘူး (သို့) ပျက်စီးတာက မသိသာဘူး။ ဒူးပျက်စီးယိုယွင်းခြင်းကို နှေးစေချင်တယ်ဆိုရင် ကိုယ့်ရဲ့စားသောက်မှုပုံစံကိုဂရုစိုက်ပါ။ ကိုယ်အလေးချိန် မတက်ရင် ဒူးကလည်း အလေးချိန်အများကြီး မထမ်းရတော့ဘူးပေါ့။ ပြီးတော့ ဒူးကို မှန်ကန်စွာအသုံးပြုပြီး လုံလောက်တဲ့ လေ့ကျင့်ခန်းတွေလုပ်ရမယ်။ ဒီလို နည်းလမ်းတွေက အချိန်ကြာတဲ့ထိ ကျန်းမာသန်စွမ်းတဲ့ ဒူး တွေကို ပိုင်ဆိုင်န်ိုင် ဖို့ ကူညီနိုင်မှာဖြစ်ပါတယ်။ ”

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။