နှလုံး‌အဆို့ရှင်ကျဉ်းတာကို ဘန်ကောက်မှာ ကုသရမယ်ဆိုရင် ... ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်မှုတစ်ခုဖြစ်တဲ့ (TAVI) နည်းလမ်း နဲ့ ရင်ဘတ်ဖွင့်ခွဲစိတ်မှု (SAVR) နည်းလမ်း - ဘယ်ဟာကို ရွေးကြမလဲ။

နှလုံး‌အဆို့ရှင်ကျဉ်းတာကို ဘန်ကောက်မှာ ကုသရမယ်ဆိုရင် ... ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်မှုတစ်ခုဖြစ်တဲ့  (TAVI) နည်းလမ်း နဲ့  ရင်ဘတ်ဖွင့်ခွဲစိတ်မှု (SAVR) နည်းလမ်း - ဘယ်ဟာကို ရွေးကြမလဲ။

အရေးကြီးတဲ့အချက်များ

  • နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းနဲ့ နှလုံးသွေးကြောမကြီးကြားမှာရှိတဲ့ အဆို့ရှင်ဟာ ပျက်စီးယိုယွင်း လာပြီး မှန်မှန်ကန်ကန် ဖွင့်ခြင်း ပိတ်ခြင်း မလုပ်နိုင်တော့တာကနေ ပြင်းထန်နောက်ဆက်တွဲ ပြဿနာတစ်ခုအဖြစ် နှလုံးအဆို့ရှင် ကျဉ်းခြင်း ဆိုတာ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒါကို ကုသဖို့ဆိုရင် ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်ကုသမှုတစ်ခုဖြစ်တဲ့ သွေးကြောပိုက်ဖြင့် နှလုံးအဆို့ရှင် အစားထိုးထည့်သွင်းခြင်း (TAVI - Transcatheter Aortic Valve Implantation)  နဲ့ ရင်ဘတ်တစ်ခုလုံးကို ဖွင့်ပြီး နှလုံးခွဲစိတ်ကုသမှု (SAVR - Surgical Aortic Valve Replacement) ဆိုပြီး ရွေးချယ်စရာ နှစ်မျိုး ရှိနေပါတယ်။
  • TAVI ဆိုတာ ခွဲစိတ်ဒဏ်ရာ အနည်းငယ်သာရှိတဲ့ ထိုးဖောက်မှုအနည်းဆုံးကုသမှုနည်းလမ်း (minimally invasive procedure) ဖြစ်ပြီး၊ အများအားဖြင့် သက်ကြီးရွယ်အိုများ သို့မဟုတ် လက်ရှိ ကျန်းမာရေးမှာ ရောဂါအခံတစ်ခုခုရှိတဲ့အခြေအနေမျိုးရှိတဲ့ လူနာတွေအတွက် အကြံပြုလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် - ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်မှု (open-heart surgery) နည်းလမ်းကတော့ ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ပြီး အန္တရာယ်ဖြစ်နိုင်ချေ နည်းတဲ့ လူနာမျိုးတွေ အတွက် ပိုမိုသင့်လျော်တဲ့အပြင် ခွဲစိတ်ဆရာဝန်တွေဟာ အဆို့ရှင်ကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပြုပြင်ခြင်း / အစားထိုးခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
  • ကုသမှု နည်းလမ်းနှစ်ခုလုံးကတော့ နှလုံးအဆို့ရှင်ကို ကုသပေးဖို့ နဲ့ ဘဝအရည်အသွေး ကို မြှင့်တင် ပေးဖို့ ရည်ရွယ်တာပါပဲ။ နည်းလမ်းတစ်ခုစီမှာ အားသာချက်တွေနဲ့ ကန့်သတ်ချက်တွေ ကိုယ်စီ ရှိနေကြတာကြောင့် အသင့်တော်ဆုံး နည်းလမ်းကို ‌ရွေးချယ်ပြီး ကုသမှု အစီအစဉ် ကို ဆုံးဖြတ်နိုင်ဖို့ နှလုံးအထူးကု ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးဖို့ မလုပ်မဖြစ် အရေးကြီးပါတယ်။

နှလုံးအဆို့ရှင်ကျဉ်းခြင်း (Aortic valve stenosis)  ဆိုတာ နှလုံးအဆို့ရှင် (Aortic valve) ပျက်စီးယိုယွင်းမှုကြောင့် ဖြစ်လာတဲ့ နှလုံးအဆို့ရှင်ရောဂါ (heart valve disease) တစ်မျိုး ဖြစ်ပါတယ်။ အဆို့ရှင်ဟာ ထူလာခြင်း သို့မဟုတ် မာကျောလာခြင်း ဖြစ်ပေါ်တဲ့အခါ မှန်မှန်ကန်ကန် ဖွင့်ခြင်း ပိတ်ခြင်းကို မလုပ်နိုင်တော့တဲ့အတွက် နှလုံးဟာ ခန္ဓာကိုယ်ဆီကို သွေးများ ထိထိရောက်ရောက် ပို့လွှတ်နိုင်အောင် ပိုမိုညှစ်ထုတ်ပေးဖို့ ဖိအားပေးခံပါတော့တယ်။ အချိန်ကြာတာနဲ့အမျှ နှလုံးအပေါ်မှာ အဆက်မပြတ်ဖိစီးမှုကြောင့် နှလုံးပျက်စီးခြင်း သို့မဟုတ် ဦးနှောက်သို့ သွေးစီးဆင်းမှု ရုတ်တရက် ခေတ္တမျှ လျော့နည်းသွားခြင်းကြောင့် ခေတ္တ သတိလစ်ခြင်း (သို့မဟုတ်) မေ့လဲခြင်း (syncopy) စတဲ့ ပြင်းထန်နောက်ဆက်တွဲ ပြဿနာတွေဆီကို ဦးတည်သွားပါလိမ့်မယ်။ ဒါကြောင့် ဘဝရဲ့အရည်အသွေးကို မြှင့်တင်ရန်နဲ့ နောက်ထပ် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေကို ကာကွယ်နိုင်စေဖို့ အချိန်မီရောဂါရှာဖွေခြင်း နဲ့ သင့်လျော်သောကုသမှု ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။

TAVI ဆိုတာ

ပြွန်ပိုက်ကိုအသုံးပြုပြီး နှလုံးအဆို့ရှင်အစားထိုးထည့်သွင်းခြင်း TAVI (Transcatheter Aortic Valve Implantation) ကို -  သွေးကြောပိုက်ဖြင့် နှလုံးအဆို့ရှင်အစားထိုးကုသခြင်း TAVR (Transcatheter Aortic Valve Replacement) လို့လည်း ခေါ်ဆိုကြပြီး၊ သွေးလွှတ်ကြောအဆို့ရှင်ကျဉ်းရောဂါ (Aortic valve stenosis) ကို ကုသရာမှာ သေးငယ်တဲ့ ခွဲကြောင်းရာနဲ့ ထိုးဖောက်မှုအနည်းဆုံးကုသမှုနည်းလမ်းလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီကုသမှုကတော့ ပျက်စီးနေတဲ့ နှလုံးအဆို့ရှင်ကိုအစားထိုးဖို့ အဆို့ရှင်အသစ်ကို သေးငယ်တဲ့ခွဲစိတ်မှုကတစ်ဆင့် သွေးကြောထဲကို ပြွန်ပိုက်ငယ် (catheter) တစ်ခု ထည့်သွင်းပြီး ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

TAVI နည်းလမ်း နဲ့ သင့်လျော်သူများ နဲ့ ၎င်း၏အကျိုးကျေးဇူးများ

TAVI ဟာ ခွဲစိတ်ဒဏ်ရာအနည်းငယ်သာ ရှိတာကြောင့် အများအားဖြင့် အောက်ပါလူနာများအတွက် သင့်လျော်ပါတယ်။ 

  • သက်ကြီးရွယ်အိုများ (အသက် ၇၅ နှစ် နဲ့ အထက်)
  • ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်မှု နဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲအန္တရာယ်များ ဖြစ်လာနိုင်ချေလည်းရှိ၊ လက်ရှိ ကျန်းမာရေးမှာ ရောဂါအခံတစ်ခုခုလည်းရှိနေတဲ့ လူနာများ။

အခုဆိုရင် TAVI ဟာ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေမှာ စံနှုန်းမီကုသမှုရွေးချယ်စရာများထဲက တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ချေမြင့်မားတဲ့ လူနာတွေအတွက် သမာရိုးကျခွဲစိတ်ကုသမှုထက် ပိုမိုဘေးကင်းတဲ့ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ ဒီကုသမှုလုပ်ငန်းစဉ်ဟာ သေးငယ်တဲ့ခွဲစိတ်မှုလေးတစ်ခု ပြုလုပ်ဖို့သာ လိုအပ်ပြီး၊ လုပ်ဆောင်ချိန်လည်းအနည်းငယ်ပဲလိုအပ်သလို၊  ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန် နာလန်ထလာစေဖို့ကိုလည်း အထောက်အကူပြုပါတယ်။ အောင်မြင်မှုနှုန်း ၉၅% အထိရှိတဲ့ TAVI နည်းလမ်းဟာ ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု ခံယူဖို့ မသင့်လျော်တဲ့ လူနာတွေအတွက်တော့ ထိရောက်တဲ့ ရွေးချယ်စရာတစ်ခု အဖြစ် ခိုင်ခိုင်မာမာ တည်ရှိလျက် ရှိနေပါတယ်။

အသစ်ထည့်သွင်းပေးလိုက်တဲ့ စတန့်အဆို့ရှင်  (stent valve) ဟာ နောက်ဆက်တွဲ ပြဿနာတွေ မရှိခဲ့ဘူးဆိုရင် ဆယ်စုနှစ်တစ်ခု (၁၀ နှစ်) အထိ အလုပ်လုပ်နိုင်ပါတယ်။ နှလုံးရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်ဖို့နဲ့ နှလုံးကျန်းမာရေး အထွေထွေအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ နှလုံးအထူးကု ဆရာဝန်နှင့် ပုံမှန် ရက်ချိန်းများ အတိုင်း မပျက်မကွက် ပြသစစ်ဆေးနေဖို့တော့ လိုအပ်ပါတယ်။ 

TAVI ၏ အန္တရာယ်များ

TAVI နည်းလမ်းဟာ ယေဘုယျအားဖြင့် အောင်မြင်မှုနှုန်း မြင့်မားပေမယ့် အချို့မှာ နှလုံးခုန်နှုန်းလမ်းကြောင်း ချွတ်ယွင်းမှု (conduction disorders) ဖြစ်ပေါ်လာနိုင်တာကြောင့် ခွဲစိတ်မှုအပြီး အချို့လူနာတွေမှာ အမြဲတမ်း နှလုံးခုန်နှုန်းထိန်းကိရိယာ (PPM) ထည့်သွင်းဖို့ လိုအပ်လာနိုင်ပါတယ်။ အခြားနောက်ဆက်တွဲ ပြဿနာတွေ ကတော့ ဖြစ်ခဲပြီး ဖြစ်မှုနှုန်းလည်း အလွန်နည်းပါတယ်။

 

ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု ဆိုတာ ...

ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု (Open-heart surgery) ကို သွေးလွှတ်ကြောအဆို့ရှင်ကို ခွဲစိတ်အစားထိုးခြင်း (Surgical Aortic Valve Replacement - SAVR) လို့လည်း ခေါ်ဆိုကြပြီး အချို့သော နှလုံးရောဂါတွေကို ကုသ ရာမှာ အသုံးပြုတဲ့ သမာရိုးကျ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီ ခွဲစိတ်မှုကတော့ ပျက်စီးနေတဲ့ အဆို့ရှင်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန်အတွက် နှလုံးသို့ ရောက်ရှိနိုင်ဖို့ ရင်ညွန့်ရိုး (sternum) ကို ချိုးဖြတ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ရပါတယ်။

ဒီနည်းလမ်းဟာ စံနှုန်းမီပြီး ထိရောက်တဲ့ ကုသမှုအဖြစ် ဆက်လက်ရပ်တည်နေပြီး၊ အများအားဖြင့် ယေဘုယျကျန်းမာရေးအခြေအနေ ကောင်းမွန်တဲ့ သို့မဟုတ် ခွဲစိတ်ကုသမှုခံယူရာမှာ အန္တရာယ်ဖြစ်နိုင်ချေ နည်းပါးတယ်လို့ သတ်မှတ်ထားတဲ့ လူနာတွေအတွက် သည်ကုသမှုကို အကြံပြုလေ့ရှိပါတယ်။

ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု (SAVR) အတွက် သင့်လျော်သူများ နဲ့ ၎င်း၏ အကျိုးကျေးဇူးများ

ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှုကို အများအားဖြင့် ယေဘုယျကျန်းမာရေးအခြေအနေ ကောင်းမွန်သော သို့မဟုတ် ခွဲစိတ်ကုသမှုခံယူရာမှာ အန္တရာယ်ဖြစ်နိုင်ချေ နည်းပါးသည် ဟု သတ်မှတ်ခံရသော လူနာတွေအတွက် ဒီ ကုသမှုကို အကြံပြုလေ့ရှိပါတယ်။

ဒီနည်းလမ်းရဲ့ အဓိက အားသာချက်တစ်ခုကတော့ နှလုံးခွဲစိတ်ဆရာဝန်ဟာ နှလုံးကို တိုက်ရိုက်မြင်တွေ့ နိုင်ပြီး အကဲဖြတ်နိုင်ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်နေစဉ်အတွင်းမှာပဲ ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ အခြားနောက်ဆက်တွဲ ပြဿနာများ ကိုပါ ဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခွင့် ရနိုင်စေပါတယ်။

TAVI နည်းလမ်း နဲ့ ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှုတို့အကြား ထူးခြားတဲ့ ကွာခြားချက်တစ်ခုကတော့ လိုက်လျောညီထွေမှုရှိတဲ့ အဆို့ရှင်ကို ရွေးချယ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ရင်ဘတ်ဖွင့် ခွဲစိတ်ကုသတဲ့ နည်းလမ်းမှာ လူနာတွေဟာ သူတို့ရဲံ အသက်၊ နေထိုင်မှုပုံစံ နဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေပေါ်မှာ အခြေခံပြီး မတူညီတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်တဲ့  တိရစ္ဆာန်များရဲ့ တစ်သျှူးအသားစအပေါ်မှာ အခြေခံပြီး ပြုလုပ်ထားတဲ့ အဆို့ရှင် (ဇီဝဆိုင်ရာအဆို့ရှင်) (biological valve) သို့မဟုတ် သတ္တုနဲ့ ကာဗွန်ကို သုံးပြီး ပြုလုပ် ထားတဲ့ နှလုံးအဆို့ရှင် (စက်မှုဆိုင်ရာအဆို့ရှင်) (mechanical valve) တို့ကို ရွေးချယ်နိုင်ပါတယ်။

ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု (SAVR) ၏ အန္တရာယ်များ

TAVI နည်းလမ်းထက် ပိုကြီးတဲ့ ခွဲစိတ်မှုကို လုပ်ရမှာ ဖြစ်တဲ့အတွက် ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှုဟာ ပုံမှန်အားဖြင့် အချိန်ပိုကြာပါတယ်။ (သုံးနာရီ သို့မဟုတ် ထို့ထက်ပို၍ ကြာတတ်ပါတယ်။)  ပြန်လည်ကောင်းမွန် ပြီး နာလန်ထဖို့လည်း အချိန်ပိုကြာပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ကလည်း လူနာရဲ့ ယေဘုယျ ကျန်းမာရေးအခြေအနေနဲ့  ရှိပြီးသား ရောဂါအခံအခြေအနေတွေအပေါ် မူတည်ပြီး ကွဲပြား နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် တစ်ခုချင်း နဲ့ ကုသမှုဆိုင်ရာ ရွေးချယ်မှုများကို ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် သေသေချာချာ ဆွေးနွေးတိုင်ပင်ဖို့ အထူး အရေးကြီးပါတယ်။

  TAVI ရင်ဘတ်ဖွင့် နှလုံးခွဲစိတ်ကုသမှု
ခွဲစိတ်မှု ကြာမြင့်ချိန်* ၁ နာရီ မှ ၃ နာရီ အနည်းဆုံး ၃ နာရီ
ဆေးရုံတက်ရက်* ၂-၃ ရက် ၃-၇ ရက်
သင့်လျော်သော လူနာအုပ်စု သက်ကြီးရွယ်အို လူနာများ နဲ့ ခွဲစိတ်ရန် အန္တရာယ် မြင့်မားသူများ  ကျန်းမာသော လူနာများ နဲ့ ခွဲစိတ်ရန် အန္တရာယ် နည်းပါးသူများ
အဓိက အကျိုးကျေးဇူးများ ခွဲစိတ်ဒဏ်ရာ သေးငယ်ပြီး၊ ထိုးဖောက်မှု အနည်းဆုံးဖြစ်၍ ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း အဆို့ရှင်ပစ္စည်း ရွေးချယ်နိုင်ခြင်း နဲ့ ခွဲစိတ်ဆရာဝန်က အခြားနှလုံးအခြေအနေများကိုပါ တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်ခြင်း
ဖြစ်နိုင်ချေရှိသော အန္တရာယ်များ လူနာအချို့ (~၅%) သည် ခွဲစိတ်မှုအပြီးတွင် အမြဲတမ်း နှလုံးခုန်နှုန်းထိန်းကိရိယာ (permanent pacemaker) ထည့်သွင်းရန် လိုအပ်နိုင်ခြင်း။ ခွဲစိတ်ဒဏ်ရာ ပိုကြီးခြင်း၊ တစ်ကိုယ်လုံး ကျန်းမာရေးအပေါ် မူတည်၍ အခြား နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်း

*ယေဘုယျအားဖြင့်

ရည်မှန်းချက်ကတော့ အတူတူပဲဖြစ်ပါတယ်။

ကုသမှု နည်းလမ်းနှစ်ခုစလုံးမှာကတော့   အားသာချက်တွေနဲ့ ကန့်သတ်ချက်တွေ ကိုယ်စီ ရှိနေကြပေမယ့် နှလုံးအဆို့ရှင်ကို ကုသပေးဖို့ နဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်ချင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကုသမှုကို ခံယူတဲ့ အဆင့်ဆင့်ဟာ မတူညီကြဘူး ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဘယ်ကုသမှုနည်းလမ်းနဲ့ ပိုမိုသင့်လျော်ကြောင်း ဆုံးဖြတ်ရန် နဲ့ ရွေးချယ်ဖို့ အတွက် နှလုံးအထူးကု ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းဟာ အ‌ရေးအကြီးဆုံးကဏ္ဍဖြစ်ပြီး၊  သူကမှ တစ်ဦးချင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး အသင့်တော်ဆုံးဖြစ်တဲ့ ကုသစောင့်ရှောက်မှုကို စီစဉ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ဆိုတာကို ဆေးနွေး တင်ပြလိုက်ရပါတယ်။

ကိုးကားချက်များ

အဆင့်သတ်မှတ်ချက်