လေဖြတ်နိုင်ခြေရှိ မရှိ ဘာကြောင့်စစ်ဆေးသင့်တာလဲ

လေဖြတ်နိုင်ခြေရှိ မရှိ ဘာကြောင့်စစ်ဆေးသင့်တာလဲ

အနှစ်ချုပ်

  • သွေးတိုးခြင်းဟာ လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ သွေးတိုးရှိသူတွေဟာ သွေးတိုးမရှိသူတွေထက်စာရင် လေဖြတ်နိုင်ခြေ (၈)ဆ ပိုမိုမြင့်မားပါတယ်။
  • လေဖြတ်ခြင်းဟာ အရေးပေါ်ကျန်းမာရေးကုသမှုခံယူဖို့လိုအပ်တဲ့ ပြင်းထန်ဖြစ်ရပ်တစ်ခုဖြစ်ပါ တယ်။ တကယ်လို့လူနာကို သင့်လျော်တဲ့ကုသမှုချက်ချင်းမပေးနိုင်ခဲ့ဘူးဆိုရင် မသန်မစွမ်းဖြစ်ခြင်း၊ ဆေးဝါးများအပေါ်အမှီပြုရခြင်း (သို့) သေဆုံးသည်အထိတောင် ဖြစ်စေနိုင်ပါတယ်။
  • လေဖြတ်နိုင်ခြေကိုစစ်ဆေးခြင်းဟာ သွေးကြောမူမမှန်မှုရဲ့တည်နေရာကို အတည်ပြုပေး နိုင်ရုံသာမက လက္ခဏာမပြခင်လေဖြတ်နိုင်ခြေကို ကာကွယ်ပေးကာ အဆိုပါနေရာရှိ သွေးလှည့်ပတ်မှုကို အသေးစိတ် သိရှိစေနိုင်ပါတယ်။

ဦးနှောက်လုပ်ဆောင်မှုများဟာ အောက်ဆီဂျင်နဲ့ သွေးလှည့်ပတ်စီးဆင်းမှုကနေထွက်လာတဲ့ အာဟာရဓာတ်များအပေါ်မှာ မူတည်ပါတယ်။ ဦးနှောက်သို့ သွေးပို့ဆောင်ပေးနေသော သွေးကြောများတွင် ပိတ်ဆို့ခြင်း၊ ကျဉ်းမြောင်းခြင်း သို့မဟုတ် ပေါက်ပြဲခြင်းများ ဖြစ်ပေါ်လာပါက သွေးပံ့ပိုးမှုကို အနှောင့်အယှက် ဖြစ်စေပြီး ဦးနှောက်လုပ်ဆောင်မှုကို ထိခိုက်စေကာ ဦးနှောက်ဆဲလ်ပျက်စီးခြင်းနဲ့ ဦးနှောက်လုပ်ဆောင် နိုင်စွမ်းကို အပြင်းအထန်ပျက်စီးစေပါတယ်။

လေဖြတ်ခြင်းဟာ ချက်ချင်း ဆေးကုသမှုလုပ်ဆောင်ပေးရမယ့် အခြေအနေဖြစ်ပါတယ်။ မြန်မြန် ကုသနိုင်လေလေ ဦးနှောက်ပျက်စီးနိုင်ခြေ နည်းလေလေပါပဲ။ ဒါပေမယ့် ချက်ချင်းမကုသနိုင်ခဲ့ဘူးဆိုရင်တော့ လူနာအနေနဲ့  ထာဝရမသန်မစွမ်းဖြစ်ခြင်း ၊ ခန္ဓာကိုယ်တစ်ခြမ်းလှုပ်မရခြင်းနဲ့အတူ ဘဝနေထိုင်မှုပါ ဆုံးရှုံးသွားနိုင်ပါတယ်။

ဖြစ်စေနိုင်တဲ့အကြောင်းအရင်းများ

လေဖြတ်ခြင်းကို ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း (ischemic strokes) နဲ့ ဦးနှောက်သွေးယိုခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း (hemorrhagic strokes) ဆိုပြီး (၂)မျိုးခွဲခြားနိုင်ပါတယ်။ အဲဒီ (၂)မျိုးထဲမှာ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းဟာ ပိုအဖြစ်များပြီး (၇၀) ရာခိုင်နှုန်းသောလေဖြတ်ခြင်းဟာ ဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ ကျန်တဲ့ (၃၀) ရာခိုင်နှုန်းကတော့ ဦးနှောက်သွေးယိုခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း အမျိုးအစား ဖြစ်ပါတယ်။

တချို့သော ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းဟာ သွေးတွင်းအဆီဓာတ်များခြင်းကြောင့်ဖြစ်ပြီး သွေးလည်ပတ်မှုကို ပိတ်ဆို့သွားတဲ့အထိ သွေးကြောနံရံတွေမှာ အဆီတွေ တွယ်ကပ်သွားစေပါတယ်။ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းကတော့ ဦးနှောက်သွေးကြောစနစ်မှာ သူ့အလိုလိုသွေးခဲခြင်း (သို့) ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းမှာ သွေးခဲပြီး ဦးနှောက်ဆီရောက်လာခြင်း ကနေတစ်ဆင့် ဦးနှောက် သွေးစီးဆင်း မှုကို ပိတ်ဆို့သွားစေပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ဆီးချို၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း စတာတွေကလည်း ဦးနှောက်သွေးကြောယိုယွင်းမှုကိုဖြစ်စေတဲ့ အကြောင်းတရားများဖြစ်ပါတယ်။

ဦးနှောက်သွေးယိုခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းဟာ သွေးတိုးနဲ့ သွေးတွင်း အဆီဓာတ်များခြင်းကြောင့် ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့သွေးကြောလေးများဟာ ကွေးညွတ်နိုင်စွမ်း လျော့လာသလို ပေါက်ထွက်သွားနိုင်ခြေလည်းများပါတယ်။ ဒီလို သွေးကြောပေါက်သွား တယ်ဆိုရင် ရုတ်တရက် ဦးနှောက်ဆီ သွေးမပို့နိုင်တော့တာကြောင့် အရမ်းအန္တရာယ် ရှိတယ်လို့ သတ်မှတ်နိုင်ပြီး ရုတ်တရက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။

ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များ

လေဖြတ်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ် ။ ပြောင်းလဲပြုပြင်ယူလို့ရတဲ့ အကြောင်းတရားတွေရှိသလို အသက်အရွယ် ၊ ကျား/မဖြစ်တည်မှု ၊ မျိုးရိုးဗီဇ စသဖြင့် ပြောင်းလဲပြုပြင်ယူလို့မရတဲ့ အကြောင်းတရားတွေလည်းရှိပါတယ်။

ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါ(သို့)အခြေအနေများ

  • သွေးတိုးခြင်း - လေဖြတ်ခြင်းကို ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း (ischemic strokes) နဲ့ ဦးနှောက်သွေးယိုခြင်းကြောင့်ဖြစ်တဲ့လေဖြတ်ခြင်း (hemorrhagic strokes) နှစ်မျိုးစလုံးကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းအရင်းကတော့ သွေးတိုး‌ရောဂါဖြစ်ပါတယ်။ သွေးတိုးရှိသူများဟာ မရှိသူများထက် လေဖြတ်နိုင်ခြေ (၈)ဆ မြင့်မားပါတယ်။
  • သွေးတွင်းအဆီဓာတ်များခြင်း - သွေးကြောနံရံများမှာ အဆီဓာတ်တွေစုပုံနေပြီဆိုရင် သွေးပို့လွှတ်နိုင်မှုပမာဏကို ကန့်သတ်စေပြီး သွေးကြောများကျုံ့နိုင်ဆန့်နိုင်စွမ်းလျော့ကျကာ  လေဖြတ်ခြင်းအမျိုးအစား (၂)မျိုးစလုံးကိုဖြစ်စေပါတယ်။ သွေးတွင်းအဆီဓာတ်များတဲ့ သူတွေဟာ သွေးတွင်းအဆီဓာတ်မများသူတွေထက် လေဖြတ်နိုင်ခြေ (၂)ဆ-(၃)ဆ ပိုများပါတယ်။
  • ဆီးချိုရောဂါရှိသူများဟာ မရှိသူများထက် လေဖြတ်နိုင်ခြေ (၁.၈)ဆ-(၆)ဆ ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ဆီးချိုရောဂါရှိသူများဟာ သွေးကြောများတောင့်တင်းပြီး ကျွတ်ဆတ် တာကြောင့်ဖြစ်ပါတယ်။ 
  • တချို့နှလုံးရောဂါအခြေအနေများသည် သွေးခဲများကိုဖြစ်ပေါ်စေနိုင်ပြီး ထိုသွေးခဲများသည် ဦးနှောက်တွင်းရှိသွေးကြောလေးများဆီသို့ရောက်ရှိသွားကာ သွေးကြောပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီးလေဖြတ်နိုင်ခြေကိုမြင့်မားစေပါတယ်။
  • လည်ပင်းသွေးကြောမကြီးကျဉ်းခြင်း - သွေးကြောကျဉ်းသူများဟာ မကျဉ်းသူများထက် လေဖြတ်နိုင်ခြေ (၂)ဆ ပိုများပါတယ်။ ဒါဟာ ဦးနှောက်ဆီသွေးပို့လွှတ်မှုနည်းခြင်းနဲ့ ဦးနှောက်တွင်းသွေးကြောများ ကျဉ်းလာတာကြောင့်ဖြစ်ပါတယ်။
  • စီးကရက်ငွေ့ထဲမှာပါတဲ့ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်များဟာ ဦး‌နှောက်ဆီရောက်တဲ့ အောက်ဆီဂျင်ပမာဏကိုလျှော့ချတာကြောင့် သွေးကြောနံရံများကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေဟာမသောက်သူတွေထက် လေဖြတ်နိုင်ခြေ (၂)ဆ-(၃)ဆ ပိုမိုမြင့်မားပါတယ်။
  • အဝလွန်ခြင်းနှင့်ကိုယ်အလေးချိန်များခြင်း စတဲ့အခြေအနေတွေဟာ ဦး‌နှောက်သွေးကြောစနစ် ကို မူမမှန်မှုတွေဖြစ်စေပါတယ်။ အဝလွန်သူ(သို့) ကိုယ်အလေးချိန်များသူတွေဟာ လေဖြတ်နိုင် ခြေ (၁.၃)ဆ ပိုမိုမြင့်မားပါတယ်။

 ပြောင်းလဲပြင်ဆင်လို့မရနိုင်တဲ့အကြောင်းအရင်းများ

  • အသက်(၅၅)ကျော်သူများဟာ (၁၀)နှစ်တစ်ကြိမ်တိုင်းမှာ လေဖြတ်နိုင်ခြေ (၅၀)ရာခိုင်နှုန်း ပိုမိုမြင့်တက်ပါတယ်။ ဒါဟာအသက်အရွယ်အရ သွေးကြောများယိုယွင်းလာတာကြောင့်ဖြစ် ပြီး သွေးကြောများ ဆန့်နိုင် ကျုံ့နိုင်စွမ်းနည်းလာကာ ထူပြောလာခြင်း ၊သွေးကြောနံရံတွေမှာ အဆီနဲ့ ကယ်လ်ဆီယမ်တွေ စုပုံလာခြင်းများ ဖြစ်နိုင်ပါတယ်။
  • အမျိုးသားများဟာ အမျိုးသမီးများထက် လေဖြတ်နိုင်ခြေပိုမိုမြင့်မားပါတယ်။
  • မိသားစုထဲမှာ လေဖြတ်ဖူးသူများဟာ လေဖြတ်နိုင်ခြေပိုများပါတယ်။
  • တစ်ကြိမ်လေဖြတ်ဖူးသူများဟာ နောက်တစ်ကြိမ်လေဖြတ်နိုင်ခြေများပါတယ်။

ကြိုတင်ကာကွယ်နိုင်ပြီးပြုပြင်လို့ရတဲ့အကြောင်းအရင်းများ

  • ဆီးချို ၊ သွေးတိုး ၊ သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ နာတာရှည်ကျန်းမာရေးပြဿနာများ ကို သေချာဆင်ခြင် ထိန်းချုပ်ပါ။
  • အသင့်အတင့်အားစိုက်မှုပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တစ်ကြိမ်လျှင် မိနစ်(၃၀) ၊ တစ်ပတ်လျှင် (၅)ကြိမ်အနည်းဆုံးပြုလုပ်ပါ။
  • ဖြစ်နိုင်ရင် ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ပါ။
  • နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းနဲ့ လေဖြတ်နိုင်ခြေစစ်ဆေးခြင်းကိုလုပ်ဆောင်ပါ။
  • တကယ်လို့ သင်ဟာ လေဖြတ်နိုင်ခြေမြင့်မားတဲ့သူဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို လိုက်နာပြီး ကုသမှုခံယူပါ။ အားနည်းခြင်း ၊ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခြမ်းထုံကျဉ်ခြင်း ၊ အမြင်ဝါးခြင်း ၊ မူးဝေခြင်း (သို့) ချာချာလည်မူးဝေခြင်း စတဲ့ လေဖြတ်နိုင်ခြေရှိတဲ့ သံသယဖြစ်ဖွယ်ကနဦးလက္ခဏာများ လုံးဝ ပျောက်ကွယ် သွားတယ်ဆိုရင်တောင် ကုသမှုကိုခံယူသင့်ပါတယ်။

လေဖြတ်ခြင်းရဲ့လက္ခဏာများ

လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့  ဦး‌နှောက်လုပ်ဆောင်မှုလျော့ကျသွားတာကြောင့် လက္ခဏာများဟာ ပြင်းထန်မှုအပေါ်လိုက်ပြီးကွဲပြားပါတယ်။ အောက်ပါလက္ခဏာတွေရှိလာနိုင်ပါတယ်။

  • လက် ၊ ခြေထောက် ၊ မျက်နှာကြွက်သား (သို့) ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေမှာ ရုတ်တရက်အားနည်းခြင်း
  • စကားပြောဖို့ခက်ခြင်း ၊ စကားပြောတအားနှေးခြင်း ၊ ပါးစပ်ရွဲခြင်း ၊ ဘာပြောလိုက်တယ် ဆိုတာကို နားမလည်နိုင်ခြင်းအပါအဝင် ပြောဆိုဆက်ဆံမှုပြဿနာများရှိလာခြင်း
  • ထင်သာမြင်သာတဲ့အကြောင်းအရင်း(သို့) ကနဦးလက္ခဏာမပြဘဲ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • ရုတ်တရက် အမြင်အာရုံဝေဝါးခြင်း ၊ အမြင်မသဲကွဲခြင်း
  • လမ်းလျှောက်ဖို့(သို့) ဟန်ချက်ညီရန်ထိန်းဖို့ခက်ခဲခြင်း ၊ ချာချာလည်မူးဝေခြင်း
  • ရုတ်တရက်သတိလစ်ခြင်း

တချို့အခြေနေတွေမှာ လူနာဟာ လက္ခဏာများကို ခဏသာခံစားရပြီးနောက် ပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ လုံးဝ သွေးပို့လွှတ်မှုမရှိတော့တဲ့ အခြေအနေမတိုင်ခင် လက္ခဏာကို ခဏခဏခံစားရပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေရှိနေပြီဆိုပါက ချက်ချင်း ကုသမှုခံယူ သင့်ပါတယ်။

လေဖြတ်နိုင်တဲ့အကြောင်းအရင်းများကိုစစ်ဆေးခြင်း

လက်ရှိချိန်မှာ လေဖြတ်ခြင်းစစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ မူမမှန်တဲ့သွေးကြောတွေရဲ့ နေရာတိတိ ကျကျကို ရှာဖွေအတည်ပြုခြင်းဖြစ်တာကြောင့် လက္ခဏာမပြခင် လေဖြတ်နိုင်ခြေကို ရှာဖွေနိုင်ပါတယ်။

  • သွေးစေးပျစ်ခြင်းနဲ့ သွေးဥဆဲလ်အရေအတွက်အပြည့်အစုံစစ်ဆေးခြင်း
  • သွေးတွင်းသကြားဓာတ် ၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ်ကိုစစ်ဆေးခြင်း
  • သွေးကြောရောင်ရမ်းမှုနှုန်းကိုစစ်ဆေးခြင်း
  • လူနာမှာ နှလုံးခုန်နှုန်းမှန်မမှန် သိရဖို့ နှလုံးလျှပ်စစ်စွမ်းရည်စစ်ဆေးခြင်း (Electrocardiogram)
  • အသံလှိုင်းကိုအသုံးပြု၍ လည်ပင်းသွေးလွှတ်ကြောမကြီးကို စစ်ဆေးခြင်း (Carotid duplex ultrasound)
  • Transcranial Doppler ultrasound နည်းပညာဖြင့် ဦးနှောက်သွေးလည်ပတ်စီးဆင်းမှု စစ်ဆေးခြင်း
  • ဦနှောက်သွေးကြောများရဲ့အခြေအနေသိရဖို့ သံလိုက်ဓါတ်မှန် (MRI) ရိုက်ခြင်း (သို့) လေဖြတ်ခြင်းရဲ့ အတိုင်းအဆ ကိုသိရဖို့  သံလိုက်ဓါတ်မှန် (MRI) ရိုက်ခြင်း

လေဖြတ်ခြင်းကိုကုသခြင်း

ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း လား ဦးနှောက်သွေးယိုခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း လား ဆိုတာအပေါ်မူတည်ပြီး ကုသမှု နည်းလမ်းတွေ ကွဲပြားပါတယ်။ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းဖြစ်တဲ့ လူနာတွေဆိုရင် သွေးကြောကိုဖွင့်ပြီး လည်ပတ်မှုကောင်းဖို့ antithrombotic လို့ခေါ်တဲ့ဆေးနဲ့ သွေးခဲကိုဖျော် ပစ်မှာဖြစ်ပါတယ်။ လေဖြတ်ပြီး ၄ နာရီခွဲအတွင်းလုပ်နိုင်တယ်ဆိုရင် အကောင်းဆုံးပါပဲ။ တကယ်လို့ လူနာဟာ ဆေးရုံမှာ သွေးခဲကိုဖယ်ရှားဖို့ ပိုက်ပြွန်ထိုးနိုင်တယ်ဆိုရင် ကြာချိန်ကို (၂၄) နာရီအထိ ဆွဲထား နိုင်ပါတယ်။

ဦးနှောက်သွေးယိုခြင်း ကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းမှာဆိုရင် လူနာရဲ့သွေးပေါင်ချိန်ကို ချိန်ညှိပြီး ဦးနှောက်ပျက်စီးမှုကိုကာကွယ်နိုင်ပါတယ်။ လူနာဟာ သွေးအများကြီးယိုနေတယ်ဆိုရင် သွေးယိုနေတာကိုတိတ်အောင်လုပ်ဖို့နဲ့ ဦးခေါင်းခွံတွင်းဖိအားကို လျှော့ချဖို့ အရေးပေါ်ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။

ကုသမှုပြီးနောက် စောင့်ရှောက်မှု

လေဖြတ်တာကို အချိန်မီကုသမှုခံယူနိုင်သူတွေဟာ အပြည့်အဝပြန်လည်သက်သာပြီး ပုံမှန်နေထိုင်နိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ တချို့လူနာတွေအတွက်တော့ အချိန်တစ်ခုလိုအပ်ပါတယ်။ လူနာများအားလုံးဟာ သူတို့ရဲ့ လှုပ်ရှားသွားလာမှု၊ စားသောက်မှု၊ အစာမျိုချမှု၊ ပြောဆိုဆက်ဆံနိုင်မှု တွေမှာ ပြန်လည်ကောင်းမွန်လာနိုင်ဖို့အတွက် တိတိကျကျလိုက်နာလုပ်ဆောင်ရတဲ့ ကုသမှုတွေ လိုအပ် ပါတယ်။ ကိုယ်ကာယပြန်လည်သန်စွမ်းအောင်လေ့ကျင့်မှု၊ နေ့စဉ်လုပ်ဆောင်ရသော အလုပ်အကိုင်များကို ပြန်လည်စွမ်းဆောင်နိုင်စေရန် ကူညီပေးသောကုထုံး၊ အစားအသောက်ပညာရှင်ကိုယ်တိုင်ရေးဆွဲပေးထားတဲ့ အာဟာရစားသောက်မှုအစီအစဉ်၊ ဆရာဝန်ရဲ့ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ ၊ မိသားစုရဲ့ အားပေးမှု စတာတွေဟာ လိုအပ်တဲ့ အထောက်အကူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ကုသမှုပြီးစောင့်ရှောက်မှုရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ ဆရာဝန်ရဲ့ လမ်းညွှန်မှုကို တိတိကျကျလိုက်နာပြီး ညွှန်ကြားထားတဲ့ဆေးတွေကို မှန်မှန်သောက်ကာ ဆရာဝန်နဲ့ ပုံမှန်ပြသဖို့ပါပဲ။ ကုသမှုပြီးနောက်စောင့်ရှောက်မှုတွေကို ပုံမှန်အတိအကျမလုပ်ဘူးဆိုရင် လူနာရဲ့ သက်သာနိုင်မှုကို ထိခိုက်စေကာ နောက်တစ်ကြိမ်လေဖြတ်နိုင်တာကြောင့် အသက်အန္တရာယ်ထိ ရှိလာနိုင်ပါတယ်။

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်