သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး အများအားဖြင့် ခုခံအားအနည်းဆုံးအုပ်စုတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို တိုက်ခိုက်လေ့ရှိပါတယ်။ သတင်းကောင်းကတော့ ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်သလို ထိရောက်စွာလည်း ကုသပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲ ပိုးဝင်တဲ့အခါ အဲဒီပိုးကို ပြန်တိုက်ထုတ်ဖို့ ခန္ဓာကိုယ်က ဓာတုပစ္စည်းအချို့ကို သွေးထဲကိုထုတ်လွှတ် ပေးပါတယ်။ တစ်ခါတရံမှာ အဲဒီဓာတုပစ္စည်းတွေကြောင့်ပဲ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတုံ့ပြန်ချက်တွေပြင်းထန် လာပြီး သွေးဆိပ်တက်ခြင်းကို ဖြစ်စေပါတယ်။ သွေးဆိပ်တက်ခြင်းဟာ အလွန်အန္တရာယ်များပြီး အချိန်မီမကုသ နိုင်ရင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာ၊တချို့အခြေအနေတွေမှာအသက်သေဆုံးတဲ့အထိပါဖြစ်သွားနိုင်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ သွေးဆိပ်တက်တာကို "သွေးထဲအဆိပ်သင့်ခြင်း" လို့ ခေါ် ဆိုနိုင်ပြီး ထူးခြားတာက ကိုယ့်ခန္ဓာကိုယ်ထဲက ထုတ်လိုက်တဲ့ အဆိပ်ကြောင့်ပဲ ကိုယ့်သွေးထဲမှာ အဆိပ်သင့်ရတာ ဖြစ်ပါတယ်။ အလွယ် ဆုံး ပြောရရင်တော့ ပိုးဝင်ခြင်းအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံက ပုံမှန်မဟုတ်ဘဲ ထိန်းမနိုင်သိမ်းမရ အခြေအနေ ဖြစ်သွားတာမျိုးကို “သွေးဆိပ် တက်ခြင်း”လို့ ခေါ်တာပဲ ဖြစ်ပါတယ်။
ဘယ်သူ့မှာမဆို သွေးဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ကလေးကစားကွင်းများ၊ ကလေးကစားရာ နေရာများမှာ အခြားကလေးများနဲ့ အတူတကွ ဆော့ကစားတတ်တဲ့ ကလေးတွေမှာ သွေးဆိပ်တက်ခြင်းကို ဖြစ်စေတတ်တဲ့ ပိုးကူးစက်မှုမျိုး ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကုသမှုမရသေးတဲ့ ပိုးဝင်ခြင်း ဒါမှမဟုတ် ဖုံးအုပ် မထားတဲ့ (ပွန်းပဲ့၊ ပြတ်ရှ) ဒဏ်ရာတစ်ခုခု ရှိနေခြင်းတို့ကလည်း သွေးဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
သွေးဆိပ်တက်ခြင်းဟာ ခုခံအားစနစ် အားနည်းသူတွေအတွက် အထူးသဖြင့် ပိုပြီးအန္တရာယ်များပါတယ်။ ဒါကြောင့် မွေးကင်းစကလေးငယ်တွေ (အသက်လေးပတ်နဲ့ အောက်ငယ်သောကလေးများ) နဲ့ သက်ကြီးရွယ်အို တွေဟာ ဒီရောဂါ ဖြစ်ပွားဖို့ အလွန်လွယ်ကူတဲ့ အခြေအနေမှာ ရှိနေကြပါတယ်။ အမေရိကန်အခြေစိုက် Sepsis Alliance အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီရောဂါဖြစ်ပွားသူတွေထဲက သုံးပုံတစ်ပုံဟာ အသက်သေဆုံးကြရပါတယ်။ သို့သော်လည်း ရောဂါလက္ခဏာကို အချိန်မီ သိရှိနိုင်မယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုး လုံးဝမရှိသလောက်နီးပါးနဲ့ ထိရောက်စွာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရောဂါကို စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး ချက်ချင်းကုသမှုပေးဖို့က အသက်တမျှ အရေးကြီးလှပါတယ်။
မွေးဖွားပြီး ရက်ပေါင်း (၉၀) အတွင်း သွေးဆိပ်တက်ခြင်း ဖြစ်ပွားပါက "မွေးကင်းစကလေး သွေးဆိပ်တက်ခြင်း" လို့ ခေါ်ပါတယ်။ အဲဒီအရွယ် ကလေးငယ်တွေမှာ သွေးဆိပ်တက်ခြင်းကို စောစီးစွာဖြစ်ပွားခြင်းနဲ့ နောက်ကျမှ ဖြစ်ပွားခြင်း ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ မွေးဖွားပြီး ၂၄ နာရီမှ ၇၂နာရီ အတွင်းဒါမှမဟုတ် အဲဒီအချိန်ကျော်လွန် ပြီးမှလည်း ဖြစ်ပွားတတ်ပါတယ်။ လမစေ့ မွေးဖွားလာတဲ့ ကလေးငယ်များတွေမှာ ပိုမိုမြန်ဆန်တဲ့ စောစီးစွာ သွေးဆိပ်တက်ခြင်းဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများပါတယ်။ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်စဉ် အတွင်း စထရက်ပတိုကောကပ်စ် သို့မဟုတ် ဘီ စထရက်ပတိုကောကပ်စ် (Strep သို့မဟုတ် B Streptococcus) ပိုးဝင်ကူးစက်ခံထားရလျှင် သော်လည်းကောင်း၊ ကလေးမွေးဖွားခြင်းမပြုမီ ၂၄ နာရီအလိုကတည်းက ရေမြွာရည်စော၍ စိမ့်ခြင်း သို့မဟုတ် ပေါက်ခြင်း ရှိခဲ့လျှင် သော်လည်းကောင်း မွေးကင်းစကလေးငယ်မှာ သွေးဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံမှာ ကြာရှည်စွာ တက်ရောက်နေရခြင်း သို့မဟုတ် ရောဂါပိုးရှိသူများနဲ့ ထိတွေ့မိခြင်း တို့က လည်း သွေးဆိပ်တက် နိုင်ခြေကို မြင့်မားစေပါတယ်။ လမစေ့မွေးဖွားလာတဲ့ ကလေးများ သို့မဟုတ် မွေးရာပါ ရောဂါအခံတစ်ခုခု ရှိနေတဲ့ ကလေးငယ်တွေဟာ ပုံမှန်ထိုးနှံရမယ့် အခြေခံကာကွယ်ဆေးအချို့ကို မထိုးနှံနိုင်ကြရှာပါ။ ဒီအကြောင်း ကြောင့်ပဲ သူတို့မှာ ဂျာမန်ဝက်သက် သို့မဟုတ် ရေကျောက် ကဲ့သို့သော ရောဂါပိုးများ ကူးစက်ခံရနိုင်ခြေ ပိုများလာပြီး အဆိုပါ ရောဂါများမှတစ်ဆင့် သွေးဆိပ်တက်ခြင်းအထိ ဦးတည်သွားနိုင်ပါတယ်။
သွေးဆိပ်တက်နေတဲ့ ကလေးငယ်တွေမှာဆိုရင် ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းသွားနည်းခြင်း၊ သွေးတွင်းသကြားဓာတ် လျော့နည်း ခြင်း၊ တက်ခြင်း၊ အော့အန်ခြင်း၊ အရေပြားနဲ့ မျက်လုံးအဖြူသားနေရာများ ဝါလာခြင်း၊ နုန်းခွေပြီး လှုပ်ရှားမှု သိသိသာသာ နည်းသွားခြင်း၊ နှလုံးခုန်နှုန်း နှေးသွားခြင်း သို့မဟုတ် မြန်လာခြင်း၊ ဝမ်းဗိုက် ဖောင်း (ပူ) နေခြင်း၊ ပုံမှန်ထက် နို့စို့နည်းသွားခြင်းနဲ့ ပုံမှန်ထက် ပိုပြီး အိပ်ငိုက်/အိပ်နေခြင်း စတဲ့ လက္ခဏာတွေ တွေ့ရမှာ ဖြစ်ပါတယ်။
နည်းနည်းကြီးတဲ့ ကလေးတွေမှာ သွေးဆိပ်တက်ပါက အဖျားကြီးခြင်း - ကိုယ်အပူချိန် (၁၀၀.၄°F) အထက် အဖျားတက်ခြင်း၊ အသက်ရှူ မဝခြင်းနဲ့ နှလုံးခုန် အလွန်မြန်ခြင်း၊ ဆီးမသွားခြင်း သို့မဟုတ် ဆီးသွားနည်းခြင်း၊ ယေဘုယျအားဖြင့် နေမကောင်းဖြစ်တဲ့လက္ခဏာများ ပြသခြင်း၊ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် ပြတ်ရှ ဒဏ်ရာတစ်ခုခုရှိနေပြီး အဲဒီဒဏ်ရာကတစ်ဆင့် ရောဂါပိုးဝင်ပြီး ပြည်တည်ခြင်း၊ နီရဲရောင်ရမ်းခြင်းများ ဖြစ်နေ ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် မွေးကင်းစကလေးငယ်တွေမှာ အဆိုပါလက္ခဏာတွေ တွေ့ရပါက ဆရာဝန်နဲ့ ချက်ချင်း အရေးပေါ် ပြသရပါမယ်။ သွေးဆိပ်တက်ခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ အချို့သော စစ်ဆေးမှုများကို ပြုလုပ်ဖို့ လိုအပ်လာပါ လိမ့်မယ်။ သွေးတွင်းပိုးရှိမရှိ စစ်ဆေးခြင်း (Blood culture)၊ သွေးဆဲလ်အမျိုးအစားအပြည့်အစုံ စစ်ဆေးခြင်း (Complete blood count - CBC) နဲ့/သို့မဟုတ် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ညွှန်ပြသော ဇီဝညွှန်ကိန်း / ပရိုတင်းပမာဏ (C-reactive protein) စစ်ဆေးခြင်း (CRP) တို့ကို ပြုလုပ်ခိုင်း နိုင်ပါတယ်။ မိခင်ကျန်းမာရေးအခြေအနေ အပါအဝင် အခြားသောအချက်တွေအပေါ် မူတည်ပြီး အရေပြား၊ ဝမ်း နဲ့ ဆီးတို့ကိုလည်း ပိုးမွေးစစ်ဆေးခြင်းများ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ အကယ်၍ ကလေးမှာ အသက်ရှူရ ခက်ခဲတဲ့ ပြဿနာရှိပါက ရင်ဘတ်ဓာတ်မှန် ရိုက်ကူးရပါလိမ့်မယ်။ တစ်ခါတရံမှာ ကလေးရဲ့ ခါးအောက်ပိုင်း ကတစ်ဆင့် ခါးဆစ်အရည် နမူနာကို အပ်ဖြင့် စုပ်ယူစစ်ဆေးခြင်း (Spinal tap သို့မဟုတ် Lumbar puncture) ကိုလည်း ပြုလုပ်ကောင်း ပြုလုပ်ရနိုင်ပါတယ်။
ကုသမှုပုံစံ ဘယ်လိုဖြစ်မလဲဆိုတာက ကလေးရဲ့ ရောဂါပြင်းထန်မှုအခြေအနေပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ကလေးက နေကောင်းနေပုံရနေတယ်ဆိုရင် ဆရာဝန်က သွေးထဲမှာ ဗက်တီးရီးယားပိုး ရှိ၊ မရှိ စစ်ဆေးထားတဲ့ အဖြေထွက်လာတာကို စောင့်ဆိုင်းရင်း ကလေးကို စောင့်ကြည့်နေနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံမှာ အချိန်အတန်ကြာ နေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ စစ်ဆေးချက် အဖြေတွေမှာ ဗက်တီးရီးယားပိုး လုံးဝမတွေ့ရဘူးဆိုရင်တော့ ဆရာဝန်က အိမ်ပြန်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။
သွေးဆိပ်တက်နေတယ်လို့ သံသယရှိတယ်ဆိုရင်တော့ ဆရာဝန်ဟာ စစ်ဆေးချက်အဖြေတွေကို စောင့်ဆိုင်းနေ မှာ မဟုတ်ဘဲ ကုသမှုကို ချက်ချင်းစတင်ရပါလိမ့်မယ်။ ဒီရောဂါကို ကုသရပြီဆိုရင် မိနစ်၊ စက္ကန့် တိုင်းဟာ အလွန်တန်ဖိုးရှိပါတယ်။ အချိန်မီ မကုသနိုင်ပါက သွေးဆိပ်တက်ခြင်းကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ် ရုံသာမက အသက်သေဆုံးတဲ့အထိပါ ဖြစ်သွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ သွေးဆိပ်တက်တယ်လို့ သံသယရှိ တာနဲ့ တစ်ပြိုက်နက် ပိုးသတ်ဆေးအကြောဆေး (Intravenous antibiotics) တွေကို ချက်ချင်း စတင်ထိုးနှံလေ့ ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရည်များ၊ ဂလူးကို့စ်နဲ့ ဓာတ်ဆားရည်တွေကိုလည်း အကြောထဲကတစ်ဆင့် ပေးသွင်းမှာ ဖြစ်ပါတယ်။ အသက်ရှူရခက်ခဲတဲ့ ပြဿနာရှိနေပါက အောက်ဆီဂျင် ထိရောက်စွာ ရရှိနိုင်စေရန် အသက်ရှူစက် (Ventilator) ကို အသုံးပြုနိုင်ပါတယ်။ ရောဂါလက္ခဏာကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ပြီး စနစ်တကျ ကုသမှုခံယူရရှိတဲ့ ကလေးငယ်အများစုဟာ အပြည့်အဝ ပြန်လည်ကျန်းမာလာကြပါတယ်။ သို့သော်လည်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အောင်မြင်စွာ ပြန်လည်သက်သာပျောက်ကင်းဖို့ ဆိုတာကတော့ "အချိန်မီ ကုသမှုခံယူနိုင်ခြင်း" သည်သာ အဓိကသော့ချက်ပဲ ဖြစ်ပါတော့တယ်။
သွေးဆိပ်တက်ခြင်းဟာ ပိုးဝင်ကူးစက်မှုအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံကြောင့် ဖြစ်ရတာမို့လို့ သွေးဆိပ်မတက် အောင် ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ပိုးဝင်ကူးစက်မှု မဖြစ်အောင် သတိပြုနေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးများ ထိုးနှံထားခြင်းက အချို့သော ရောဂါပိုးဝင်ရောက်ခြင်းများမှ ကာကွယ်ပေးနိုင်ပါ တယ်။ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ စင်ကြယ်အောင် ဆေးကြောခြင်းကလည်း ရောဂါပိုး ကူးစက်ခံရနိုင်ခြေ သို့မဟုတ် ရောဂါပိုး ပြန့်ပွားစေနိုင်ခြေကို လျော့ကျစေပါတယ်။ ထို့အတူ ဒဏ်ရာများကို စနစ်တကျ ကုသခြင်း နဲ့ သန့်ရှင်းအောင် ထားရှိခြင်းက ဒဏ်ရာတွေကတစ်ဆင့် ရောဂါပိုး မဝင်ရောက်အောင် သေချာပေါက် ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
မွေးကင်းစကလေးငယ်တွေမှာ သွေးဆိပ်တက်ခြင်းကို ကာကွယ်ဖို့အတွက်ကတော့ မိခင်ရဲ့ ကျန်းမာရေးကို စနစ် တကျ ဂရုစိုက်ရလိမ့်မယ်လို့ ဆရာဝန်တွေက အကြံပြုကြပါတယ်။ မိခင်မှာ ယခင်က မွေးကင်းစကလေး သွေးဆိပ်တက်ဖူးတဲ့ ရာဇဝင်ရှိလျှင်သော်လည်းကောင်း၊ ကလေးမွေးဖွားမည့်ရက် မတိုင်မီ မိခင်မှာ ရောဂါပိုး ဝင်ရောက်နေကြောင်း စစ်ဆေးတွေ့ရှိလျှင်သော်လည်းကောင်း ဆရာဝန်များက ပိုးသတ်ဆေးများ ကြိုတင် ညွှန်ကြားပေးပါလိမ့်မယ်။. မိခင်နို့ တိုက်ကျွေးခြင်းဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို သန်မာစေတာမို့ ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ လမစေ့ကလေးမွေးဖွားခြင်းကို ရှောင်ကြဉ်နိုင်ခြင်းကလည်း ရောဂါ ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်။ ကိုယ်ဝန်ဆောင်စဉ် စနစ်တကျ စောင့်ရှောက်မှုခံယူခြင်း၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာများကို ရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ အာဟာရကို စားသုံးခြင်း စတာတွေက လမစေ့ဘဲ မွေးဖွားခြင်းမှ ကာကွယ်ဖို့ အထောက်အကူ ပေးပါတယ်။ ဒါ့အပြင် ကလေးမွေးဖွားမည့်နေရာကို သန့်ရှင်းသပ်ရပ်အောင် သေချာစွာ ပြင်ဆင်ထားခြင်းကလည်း ကလေးငယ်ဆီကို ရောဂါပိုးကူးစက်နိုင်ခြေ လျော့ကျစေပါတယ်။ စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာ ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပါ၊ ကလေးမှာ သံသယဖြစ်ဖွယ် လက္ခဏာတစ်ခုခု တွေ့ရှိတာနဲ့ ဆရာဝန်ထံ ချက်ချင်းပြသဖို့ မမေ့ပါနဲ့ လို့ သတိပေး အကြံပြု ရေးသားလိုက်ရပါတယ်။