“ပခုံးအရွတ်စုတ်ပြဲခြင်းဝေဒနာ”.. ကုသလို့ရနိုင်တာမို့  စိုးရိမ်ရန်မလိုပါ..

“ပခုံးအရွတ်စုတ်ပြဲခြင်းဝေဒနာ”.. ကုသလို့ရနိုင်တာမို့  စိုးရိမ်ရန်မလိုပါ..

ပခုံးအရွတ်စုတ်ပြဲခြင်းကို ဖြစ်စေနိုင်လောက်တဲ့ ထိခိုက်ဒဏ်ရာရမှုတစ်ခုခု ဖြစ်ပြီဆိုကြပါစို့။ ဒဏ်ရာကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို အရင်ဆုံး ခံစားမိမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ဆရာဝန် စမ်းသပ်ကြည့်ပြီးတဲ့ နောက် “ပခုံးအရွတ်စုတ်ပြဲသွားတယ်” လို့ အတည်ပြုပေးလိုက်တဲ့အချိန်မှာ သိပ်ပြီးတော့ စိတ်မပူစေချင် ပါဘူး။  အဲဒီအစား အစိုးရိမ်မလွန်ဘဲ စိတ်အေးအေးထားပြီး လုပ်စရာရှိတဲ့ ဆောင်ရွက်ဖွယ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဖြစ်မလာသေးတဲ့ အနာဂတ်အတွက် တွေးပြီး စိတ်ညစ် နေတော့ရော ဘာထူးမှာလဲ။
 

တကယ်လို့ ဒဏ်ရာဟာ သိပ်မပြင်းထန်ဘူးဆိုရင် အနားယူတာ၊ ဆေးသောက်တာ၊ ရူပကုထုံးနဲ့ လေ့ကျင့်ခန်း လုပ်တာ (physical therapy) စတာတွေလောက်နဲ့တင် အတော်လေး မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင် ပါတယ်။ အရွတ်စုတ်ပြဲသွားတာ နည်းနည်းများတယ်ဆိုရင်တော့ ဆရာဝန်က ပခုံးအရွတ်ကို ခွဲစိတ်ကုသဖို့ အကြံပြုပါလိမ့်မယ်။ ပခုံးကို ခွဲစိတ်ရမယ်လို့ သိရတယ်ဆိုရင်ပဲ စိုးရိမ်တာ၊ ထိတ်လန့်တာ၊ စိတ်ပူတာမျိုး တွေ  ဖြစ်လာတတ်တာ သဘာဝပါပဲ။ ခွဲရစိတ်ရပြီဆိုကတည်းက သေးသေးမွှားမွှားမဟုတ်ဘူးဆိုတော့ စိုးရိမ်မိတာလည်း မဆန်းပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ပခုံးအရွတ်ခွဲစိတ်မှုနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြမှုတွေ လျော့ပါးသက်သာစေပြီး ခွဲစိတ်ကုသမှုကို စိတ်အေးလက်အေးခံယူနိုင်မယ့် သတင်းကောင်းတွေ ကျွန်တော်တို့မှာ ရှိနေပြီ ဖြစ်ပါတယ်။ 

ပခုံးအရွတ်စုတ်ပြဲရခြင်း၏ အကြောင်းရင်းများ

ပခုံးအရွတ်စုတ်ပြဲရခြင်းရဲ့ အကြောင်းရင်းတွေကို အရင်ဆုံးကြည့်ကြရအောင်။ ပထမဆုံးနဲ့ အဖြစ်အများဆုံး အကြောင်းရင်းကတော့ အချိန်ကြာလာတာနဲ့အမျှ ပခုံးအရွတ်တွေ တဖြည်းဖြည်း အားနည်းယိုယွင်းလာခြင်း (Degeneration) ဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ လက်မောင်းကို ထပ်တလဲလဲ အသုံးပြုရတဲ့ လှုပ်ရှားမှုတွေကို အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်း ကြောင့် ဖြစ်ပါတယ်။ ဒါကို အားကစားသမားတွေ ဒါမှမဟုတ် ပခုံးကို ထပ်တလဲလဲနဲ့အဆက်မပြတ်အသုံးပြု နေရတဲ့ အလုပ်ခွင်ထဲက လူငယ်/လူလတ်ပိုင်းတွေမှာ အတွေ့ရများပါတယ်။ တတိယမြောက် အဖြစ်အများ ဆုံး အကြောင်းရင်းကတော့ မတော်တဆ ထိခိုက်မှုတွေကြောင့်သော်လည်းကောင်း၊ ပခုံးအပေါ်မရည်ရွယ်ဘဲ အလွန်အမင်း ဝန်ပိစေခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။
 

ဘယ်လိုကုသမှုနည်းလမ်းမျိုးက ကိုယ်နဲ့ သင့်တော်မလဲ။

ဖြစ်ရတဲ့ အမျိုးမျိုးသော အကြောင်းရင်းတွေအပေါ်မူတည်ပြီး ကုသမှုအစီအစဉ်နဲ့ နည်းလမ်းတွေကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ပခုံးအရွတ်စုတ်ပြဲသွားတာ နည်းနည်းများမယ် ဆိုရင် ဆရာဝန်က ပခုံးအရွတ်ပြုပြင်ခြင်းနဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ အကြံပြုနိုင်ပါတယ်။ အခုအချိန်မှာ ဒီလိုကုသမှု မျိုးအတွက် ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ ခေတ်မီဆေးသိပ္ပံပညာရပ်တွေတိုးတက်လာခြင်း၊ ပိုမိုခေတ်မီတဲ့ စက်ကိရိယာများ ပေါ်ထွက်လာခြင်း နဲ့ ဆရာဝန်တွေမှာလည်း အရင်ကထက် ပိုမိုထူးချွန်ပြောင်မြောက်တဲ့ ကျွမ်းကျင်မှုနှင့် အတတ်ပညာတွေကြောင့် ကုသမှုပိုင်းမှာ သိသာထူးခြားတဲ့ တိုးတက်မှုတွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။ 

ခွဲစိတ်ကုသမှုတွေမှာဆိုရင်လည်း ယခင်သမားရိုးကျခွဲစိတ်မှုနည်းလမ်းတွေကနေ မှန်ပြောင်းအသုံးပြု၍ ပခုံးအရွတ်ခွဲစိတ်ခြင်း (Arthroscopic surgery) ဆိုတဲ့ နည်းလမ်းသစ်ကို ပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပခုံး အရွတ် ခွဲစိတ်မှုအမျိုးအစားဟာ လူနာများစွာရဲ့ ကုသမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ပိုမို ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ လူနာ၏ အရေပြားပေါ်မှာ သေးငယ်တဲ့ ခွဲကြောင်းရာ အပေါက်လေးများကိုသာ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီအပေါက်ကလေးတွေက တစ်ဆင့် ကင်မရာ သေးသေးလေးတစ်လုံးကို ထည့်သွင်းပြီး ဒဏ်ရာရထားတဲ့ နေရာတွေကို အထူးပြုလုပ်ထားတဲ့ မော်နီတာ မျက်နှာပြင်ကတစ်ဆင့် ဆရာဝန်က အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဒဏ်ရာ ပတ်ပတ်လည်မှာရှိတဲ့ ပုံမှန်တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေခြင်းမရှိဘဲ ကုသနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ပြီးတော့မှ ဆက်ပြီး ကုသမှုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ပါတယ်။ လူနာတစ်ဦးချင်းစီအတွက်ကတော့ ဒဏ်ရာရဲ့ သဘာဝပေါ်မူတည်ပြီး ကုသမှုပုံစံ ပြောင်းလဲနိုင်ပါတယ်။ ပခုံးအရွတ်မှန်ပြောင်းကြည့်ခွဲစိတ် နည်းလမ်း (Arthroscopy surgery) ရဲ့ အားသာချက်တွေကတော့ ခွဲကြောင်းရာ ပိုမိုသေးငယ်ခြင်း၊ သွေးထွက်နှုန်း သိသိသာသာနည်းပါးခြင်း၊ နာကျင်မှု သက်သာခြင်း၊ ခွဲစိတ်ပြီးတဲ့အခါ ဆေးရုံမှာ တစ်ရက်ပဲ နားဖို့လိုပြီး အိမ်ပြန်နိုင်တာကြောင့် ပြန်လည်ကောင်းမွန်လာမယ့် နာလန်ထူချိန် ပိုပြီးမြန်ဆန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

မှန်ပြောင်းအသုံးပြု၍ ပခုံးအရွတ်ခွဲစိတ်ခြင်း

တကယ်တော့ ပခုံးအရွတ်စုတ်ပြဲခြင်းဆိုတာ လူတိုင်း သတိထားသင့်တဲ့ ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထိခိုက်မှုဟာ နာကျင်မှုကိုအလွန်အမင်းခံစားရစေရုံသာမက လက်မောင်းလှုပ်ရှားမှု ကိုပါ သိသိသာသာကြီး အကန့်အသတ်ဖြစ်စေတာမို့  နေ့စဉ်လူမှုဘဝနဲ့အလုပ်အကိုင်အပေါ်မှာသက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ရှင်းပြခဲ့တဲ့အတိုင်းပါပဲ။ စိုးရိမ်တကြီး ဖြစ်ဖို့ မလိုပါဘူး။ အခုဆိုရင် ကျွန်တော်တို့မှာ  ပိုမိုထိရောက်တဲ့ ကုသမှုနည်းလမ်းများစွာ ရှိနေပြီပဲ ဖြစ်ပါတယ်။ ပြင်းထန် အခြေအနေတွေမှာတောင်မှ မှန်ပြောင်းအသုံးပြု၍ ပခုံးအရွတ်ခွဲစိတ်ခြင်း (Arthroscopic rotator cuff surgery) ဟာ အလွန်သင့်လျော်တဲ့ ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခွဲစိတ်မှုကြောင့် ဖြစ်တဲ့ နာကျင်မှုကို လျော့နည်းစေပြီး ခွဲကြောင်းရာနှင့် ဒဏ်ရာကို ပိုမိုသေးငယ်စေတဲ့အပြင် အလုပ်ကနေ အချိန်အကြာကြီး နားနေရန်လည်း မလိုတော့ပါ။ လူနာဟာ ခွဲစိတ်မှုပြုလုပ်ပြီး နောက်တစ်နေ့မှာပဲ မိမိရဲ့ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေတွေအားလုံးအရ မှန်ပြောင်းကြည့်ပခုံးအရွတ်ခွဲစိတ်ခြင်း (Arthroscopic rotator cuff surgery) နည်းလမ်းဟာ ပခုံးအရွတ်ကုသမှုဆိုင်ရာ ရွေးချယ်စရာတွေထဲမှာ အကောင်းဆုံးဖြစ် လာပြီး သမားရိုးကျခွဲစိတ်ကုသမှုပုံစံများအားလုံးထက် များစွာသာလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် ပခုံးအရွတ်စုတ်ပြဲခြင်းဝေဒနာကို ခံစားရပြီဆိုရင် ပြန်လည်ကုသနိုင်တယ်ဆိုတဲ့အချက်ကို အပြည့်အဝ ယုံကြည်စိတ်ချထားစေလိုပါတယ်။  တကယ်လည်း ဒီကုသမှုနည်းလမ်းဟာ ထင်တာထက် ပိုပြီး လွယ်ကူရိုးရှင်းပါတယ်။

 

အဆင့်သတ်မှတ်ချက်