မျက်သားတက်ခြင်းကို ခံစားနေရတဲ့သူတွေမှာ မျက်လုံးအဖြူသားပိုင်းမှသည် သူငယ်အိမ် (မျက် ကြည်လွှာ) အထိ ထင်ထင်ရှားရှား တွေ့နေရတဲ့ အသားစအလွှာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်း လာတတ်ပြီး အခြားသူများနှင့် မျက်လုံးချင်းဆုံဖို့ကိုတောင် ယုံကြည်မှုလျော့နည်းလာတဲ့အထိ ဖြစ်လာတတ်ကြပါတယ်။ ဒါ့အပြင် အဆိုပါဝေဒနာကို အချိန်ကြာမြင့်စွာ မကုသဘဲ လျစ်လျူရှုထားပါက လူနာရဲ့ အမြင်အာရုံကို ရေရှည်ထိခိုက်စေ နိုင်ပြီး နောက်ပိုင်းမှာ ကုသမှုခံယူရန်လည်း ပိုမိုခက်ခဲသွားစေပါတယ်။ ပြီးတော့ အဆိုပါအခြေအနေကို လုံးဝဂရု မစိုက်ဘဲ လွှတ်ထားမိပါက မျက်လုံးနှစ်ဖက်လုံးကို ပိတ်ဆို့သွားစေနိုင်တဲ့ အကျိတ်အဖြစ်သို့ ကူးပြောင်းသွား နိုင်ပြီး၊ ရလဒ်အနေဖြင့် လူနာမှာ အမြင်အာရုံ လုံးဝဆုံရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
မျက်သားတက်လာပြီဆိုရင် နားထင်ဘက်ခြမ်းထက် နှာခေါင်းဘက်ခြမ်း (မျက်စိအတွင်းထောင့်) မှ စတင်ထွက်ပေါ်လာ လေ့ရှိတဲ့ အသားစအလွှာ တြိဂံပုံအဖတ်တစ်ခု မျက်ကြည်လွှာထဲကို စတင်စိမ့်ဝင်ပျံ့နှံ့လာတာကို သတိပြုမိကြပါလိမ့်မယ်။ မျက်လုံးတစ်ဖက်တည်းတွင်ဖြစ်စေ၊ နှစ်ဖက်စလုံးတွင်ဖြစ်စေ ဖြစ်ပွားနိုင်ပါတယ်။ များသောအားဖြင့် မျက်စိနီရဲ ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နာကျင်ခြင်းတို့နှင့်အတူ မျက်ရည်ကျခြင်းကိုလည်း ခံစားရလေ့ရှိပါတယ်။ အကယ်၍ အဆိုပါအခြေအနေကို ဆက်လက်ဖြစ်ပွားခွင့်ပြုထားပြီး အသားစဟာ သူငယ်အိမ် (မျက်နက်ဝန်း) အထိ ရောက်ရှိဖုံးအုပ်သွားပါက လူနာရဲ့ အမြင်အာရုံဟာ ဝေဝါးလာမှာ ဖြစ်ပါတယ်။
မျက်သားတက်ခြင်း(Pterygium)ဟာ မျက်လုံး၏ မျက်ဖြူသားကို ဖုံးအုပ်ထားတဲ့ အမြှေးပါးပုံမှန်မဟုတ်ဘဲ ဖြစ်ရာမှ စတင်ဖြစ်ပွားပါတယ်။ အဆိုပါ ပုံမှန်မဟုတ်မှုကြောင့် အမြှေးပါးအစိတ်အပိုင်းဟာ ယိုယွင်းပျက်စီးလာပြီး တဖြည်းဖြည်း ပိုမိုထူထဲလာ ပါတယ်။ ဒီလို ထူထဲလာရာမှတစ်ဆင့် မျက်လုံးအဖြူပိုင်းမှ အသားစအလွှာတစ်ခု ထွက်ပေါ်လာပြီး မျက်ကြည် လွှာ ထဲသို့ စိမ့်ဝင်ဖုံးအုပ်သွားတဲ့အထိ ဖြစ်ပွားလာတတ်ပါတယ်။ ဒီအဆင့်အထိ ရောက်ပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ တစ်ခုကတော့ လူနာရဲ့ အမြင်အာရုံ ဝေဝါးလာခြင်းပဲ ဖြစ်ပါတယ်။
မျက်သားတက်ခြင်း(Pterygium) ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ အခုထိ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ သို့သော် နေရောင်ခြည် အပြင်းထန်ဆုံးကျရောက်ပြီး ရာသီဥတု အတော်အတန် ခြောက်သွေ့ ကာ လေထဲမှာ ဖုန်မှုန့်တွေ အမြဲတမ်းလွင့်ပါးနေလေ့ရှိတဲ့ အီကွေတာရပ်ဝန်းအနီးတစ်ဝိုက်ရှိ အပူပိုင်းနိုင်ငံများမှာ ဒီရောဂါဖြစ်ပွားမှု အများအပြားကို တွေ့ရှိရပါတယ်။ ဒါ့ပြင် မျက်သားတက်ခြင်းဟာ မျက်စိအမြှေးပါးများ စတင်ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေမှာသာ သီးသန့်ဖြစ်ပွားတတ်တာမဟုတ်ကြောင်းလည်း တွေ့ရှိရပါတယ်။ အကယ်၍ အောက်ပါအချက်များနှင့် ထိတွေ့နေရမယ်ဆိုပါက လုပ်ငန်းခွင်ဝင် အသက်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးများတွင်လည်း ရောဂါဖြစ်ပွားနိုင်ခြေ ရှိနေပါတယ်။
မျက်သားတက်ခြင်းဟာ ကနဦးအဆင့်ပဲ ရှိသေးတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့အထိ မလိုအပ်နိုင်ပါ။ ပိုမိုရောင်ရမ်းလာခြင်းမရှိစေဖို့သာ ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် များကို တပ်ဆင်ခြင်းနှင့်အတူ၊ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ရောင်ရမ်းမှုကို သက်သာစေမယ့် မျက်စဉ်းဆေး များ အသုံးပြုခြင်းဖြင့် ကာကွယ်တားဆီးထားနိုင်ပါတယ်။
သို့သော်လည်း မျက်သားတက်ခြင်း မှာ ပိုမိုကြီးထွားလာပြီး ခဏခဏရောင်ရမ်းခြင်းနှင့် အမြင်အာရုံချွတ်ယွင်း လာခြင်းတို့ ဖြစ်ပေါ်လာပါက ခွဲစိတ်ပြီး ဖယ်ရှားပစ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒီလို ခွဲစိတ်ရမယ်ဆိုရင် လူနာတွေ အနေဖြင့် အတော် စိုးရိမ်ပူပန်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုခွဲစိတ်ကုသမှုမျိုးဟာ တစ်နာရီအောက်သာ ကြာမြင့်ပြီး ခွဲစိတ်ပြီးပါကလည်း ဆေးရုံမှာ ညအိပ်တက်ရောက်ဖို့မလိုဘဲ ချက်ချင်းပြန်ခွင့်ရလေ့ရှိပါတယ်။
သို့သော်ငြားလည်း ခွဲစိတ်ဖယ်ရှားမှု ခံယူပြီးတဲ့ လူနာတွေမှာ ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ သို့သော် လက်ရှိခေတ်မီခွဲစိတ်မှုနည်းစနစ်များနှင့် ခွဲစိတ်ပြီးနောက်ပိုင်း မျက်စဉ်းဆေးဖြင့် ကုသမှု တို့ကို ပေါင်းစပ်အသုံးပြုခြင်း၊ လူနာကိုယ်တိုင်ကလည်း ခွဲစိတ်ပြီးနောက်ပိုင်းတွင် မျက်စိကို စနစ်တကျ ဂရုစိုက် စောင့်ရှောက်ပြီး အထက်ဖော်ပြပါ ရောဂါဖြစ်ပွားစေနိုင်သည့် အချက်များကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်ပါက မျက်သားတက်ခြင်း ပြန်လည်တိုးလာနိုင်ခြေမှာ ၁ ရာခိုင်နှုန်း (၁%) အောက်သာ ရှိတော့မှာ ဖြစ်ပါတယ်။
မျက်သားတက်ခြင်းဟာ ပြင်းထန်အခြေအနေအထိ ဖြစ်သွားနိုင်တဲ အလားအလာရှိပေမယ့် ၎င်းကို ဖယ်ရှားရတဲ့ ခွဲစိတ်ကုသမှုကတော့ ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းပါတယ်။ အချိန်အနည်းငယ်သာ ကြာမြင့်ပြီး အလွန် လည်း ဘေးကင်းစိတ်ချရပါတယ်။ သို့သော် မျက်သားတက်ခြင်းကို မည်သည့်နည်းနှင့်မျှ ပေါ့ဆခြင်း သို့မဟုတ် လျစ်လျူရှုထားခြင်းမျိုး မပြုလုပ်သင့်ပါ။ နေပူချိန်အပြင်းဆုံးအချိန်မျိုးမှာ အပြင်ထွက်ဖို့ လိုအပ်ခဲ့ရင် မျက်လုံး အကာအကွယ်ရဖို့ နေကာမျက်မှန်ကို အစဉ် တပ်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် မျက်စိအမြှေးပါး ကျန်းမာရေး အတွက် ဗီတာမင်-အေဓာတ် ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ဟင်းသီးဟင်းရွက်စိမ်းများ၊ နို့၊ ကြက်ဥဘဲဥ အနှစ်များနှင့် အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် လိမ္မော် ရောင် သစ်သီးဝလံတွေကို စားသုံးပေးဖို့ အကြံပြုပါတယ်။
ဆောင်းပါးများ