ကလေးယူချင်တဲ့မိဘများအတွက် ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း

ကလေးယူချင်တဲ့မိဘများအတွက် ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း

Pre-Pregnancy Genetic Testing”( ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း) လို့ ယနေ့ခေတ်မှာ လူသိများတဲ့ နည်းပညာအသစ်တစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရရှိနေပြီဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ သန္ဓေအောင်စေရန်ကု သမှု (Fertility Treatments) များနဲ့ ကလေးရယူဖို့အစီအစဉ်ရှိတဲ့ စုံတွဲများ အတွက် အရမ်းကို တန်ဖိုးရှိတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ဒီစစ်ဆေးမှု မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနေလဲ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ကြည့်ရအောင်ပါ။

ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဆိုတာဘာလဲ?

Pre-Pregnancy Genetic Testing လို့ခေါ်တဲ့ ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇ စစ်ဆေးခြင်းဟာ မျိုးရိုးဗီဇမူမမှန်ခြင်း များကို ရောဂါရှာဖွေစစ်ဆေးတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ ဆရာဝန်များက ကျန်းမာရေးအကောင်းဆုံး သန္ဓေသားလောင်းများကိုရွေးထုတ်ပြီး သားအိမ်ထဲကို ပြန်လည် ထည့်သွင်း ပေးတာ ဖြစ်ပါတယ်။ ဒါဟာ ကလေးရဖို့ ခက်ခဲတဲ့ စုံတွဲများ ကိုယ်ဝန်ရစေနိုင် ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇပြဿနာရှိတဲ့ကလေးများ မွေးဖွားလာနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

တကယ်လို့ မိဘများမှာ မျိုးရိုးဗီဇစစ်ဆေးမှုပြုလုပ်ပြီး နှစ်ယောက်စလုံးက မျိုးရိုးဗီဇ ဆိုင်ရာချို့ယွင်းခြင်းရောဂါ (သို့) ပြဿနာရှိတဲ့ Carriers များအဖြစ် တွေ့ရှိရတယ်ဆိုရင် Preimplantation Genetic Diagnosis(PGD)လို့ ခေါ်တဲ့ ရောဂါရှာဖွေစစ်ဆေးမှု နည်းလမ်းကို အသုံးပြုရပါလိမ့်မယ်။ PGD ဟာ မိဘများရဲ့ မျိုးရိုးဗီဇပြဿနာ သယ်ဆောင်မှုကို ကာကွယ်ဖို့ သန္ဓေသားလောင်းများကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ Preimplantation Genetic Screening(PGS) ခေါ် သန္ဓေသားလောင်း ခရိုမိုဆုန်း စစ်ဆေးခြင်းထက် ပိုမိုအဆင့်မြင့်တဲ့ PGD ဟာ ကနဦး သန္ဓေသားလောင်းအဆင့် မှာရှိတဲ့ ချို့ယွင်းမှုများကို ရှာဖွေပေးနိုင်ပြီး သိသာ ထင်ရှားတဲ့ မျိုးရိုးဗီဇအခြေ အနေတစ်ခု (သို့) ရောဂါအမျိုးအစားပေါင်းများစွာကို အတည်ပြုစစ်ဆေးပေးပါ တယ်။ အဲဒီစစ်ဆေးမှုတွေကနေ ထွက်လာတဲ့ တွေ့ရှိချက်တွေကနေတစ်ဆင့် မိဘနှစ်ဦးစလုံး (သို့) အဖေနဲ့ အမေထဲ က တစ်ယောက်ယောက်ဟာ သာလာဆီးမီးယားသွေးအားနည်းရောဂါကဲ့သို့ ရောဂါမျိုးကို သယ်ဆောင်သူ ဟုတ် မဟုတ်ဆိုတာကိုပါ သိရနိုင်ပါတယ်။ စစ်ဆေးမှုပြီးဆုံးတာနဲ့ ပုံမှန်အခြေအနေခရိုမိုဆုန်းရှိတဲ့ သန္ဓေသားလောင်းများ (သို့) ထူးထူးခြားခြားရောဂါမဖြစ်စေနိုင်တဲ့ သန္ဓေသားလောင်းများကို သားအိမ်ထဲ ပြန်လည် ထည့်သွင်းပေးပြီး အောင်မြင်တဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်လာစေဖို့ အခွင့်အရေးကို မြင့်မားစေမှာဖြစ်ပါတယ်။

PGD နည်းလမ်းနဲ့ စစ်ဆေးမှုဟာ မျိုးရိုးဗီဇစစ်ဆေးမှုအတွက် သန္ဓေသားလောင်း ထဲက ဆဲလ်တွေကို ထုတ်ယူဖယ်ရှားပစ်တာဖြစ်ပါတယ်။ သန္ဓေသားလောင်း အသားစယူစစ်ဆေးခြင်း (Embryo Biopsy) အတွက် အဓိက အချိန်အတိုင်း အတာသတ်မှတ်မှု နှစ်မျိုးရှိပါတယ်။

၁။ (၃)ရက်မြောက်နေ့မှာ သန္ဓေသားလောင်းအသားစယူစစ်ဆေးခြင်း
၂။ (၅)ရက်မြောက်နေ့မှာ သန္ဓေသားလောင်းအသားစယူစစ်ဆေးခြင်း

အသားစယူစစ်ဆေးပြီး စစ်ဆေးမှုရလဒ်တွေ ထွက်ပြီဆိုတာနဲ့ မျိုးရိုးဗီဇ ပြဿနာ မရှိတဲ့ အရည်အသွေး အကောင်းဆုံး သန္ဓေသားလောင်းများကို သိမ်းဆည်းပြီး မျိုးရိုးဗီဇပြဿနာရှိတဲ့ သန္ဓေသားလောင်းတွေကိုတော့ သူ့အလိုလို ပျက်စီးစေ ပါတယ်။ မျိုးရိုးဗီဇပြဿနာမရှိတဲ့ သန္ဓေသားလောင်းများကို မိခင်ရဲ့ သားအိမ် အတွင်းကိုပြန်လည်ထည့်သွင်းပေးပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်အဖြစ် မွေးဖွားစေမှာဖြစ်ပါတယ်။

ဘာကြောင့်ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းကိုလုပ်ဆောင်သင့်တာလဲ?

ယနေ့ခေတ်မှာ မိဘများဖြစ်လာဖို့ ရည်မှန်းထားတဲ့ စုံတွဲတွေဟာ ကလေးမွေးဖွား မှုနဲ့ပတ်သက်တဲ့ အသိဗဟုသုတတွေ ပိုမိုကျယ်ပြန့်စွာရရှိန်ိုင်ဖို့ အခွင့်အရေးတွေ ပိုရှိလာပြီဖြစ်ပါတယ်။ ဒါဟာ စုံတွဲတိုင်း ကြုံတွေ့ရနိုင်တဲ့ ရောဂါဖြစ်ပွားန်ိုင်မှု အခြေအနေများကို လျှော့ချ ဖယ်ရှားနိုင်ပါတယ်။ မွေးရာပါကလေးမှာ ချို့ယွင်းချက်ပါလာခြင်း (သို့) ကိုယ်လက်အင်္ဂါမစုံခြင်း ဟာ ကလေးမွေးဖွားမှုအားလုံးရဲ့ (၃)ရာခိုင် နှုန်း ကနေ (၅)ရာခိုင်နှုန်းခန့် ရှိပါတယ်။ တချို့သော ချို့ယွင်းချက်များကိုတော့ အောက်ပါနည်းလမ်းများနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်စဉ်ရောဂါကူးစက်ခံရခြင်းကြောင့်ချို့ယွင်းခြင်း - ဒါဟာ ရှာဖွေစစ်ဆေးလို့ရတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်လို့ ရောဂါကူးစက်ခံရ မှု တစ်ခုခုရှိတယ်ဆိုရင် ကလေးငယ်မှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ မပါလာစေဖို့ (သို့) ချို့ယွင်းမှုတွေမပါလာစေဖို့ ကိုယ်ဝန်ဆောင်တာကို ရွှေ့ဆိုင်းဖို့ အကြံပြုမှာဖြစ်ပါတယ်။
  • မိခင်မှာရှိတဲ့တချို့သောရောဂါများကြောင့်ကလေးငယ်များအပေါ် အကျိုးသက်ရောက်မှုရှိခြင်း - ဥပမာ- သိုင်းရွိုက်ထုတ်လုပ်မှုနည်းပါးခြင်း (Hypothyroidism)ဟာ ကိုယ်ဝန်ပျက်ကျနိုင်မှုကို မြင့်မားစေပါတယ်။ တကယ်လို့ ကိုယ်ဝန်မပျက်ကျသည့်တိုင်အောင် မွေးလာတဲ့ကလေးငယ် မှာ ဥာဏ်ရည်နိမ့်ပါးတာမျိုး ဖြစ်လာန်ိုင်ပါတယ်။
  • အသည်းရောင်အသားဝါ(ဘီ)နဲ့ပတ်သက်နေတဲ့ချို့ယွင်းမှုများ - အသည်းရောင်အသားဝါ(ဘီ)ပိုး ဟာ မိခင်ကနေ ကလေးကို ကူးစက် တတ်ပါတယ်။ တကယ်လို့ မိခင်မှာ ဘီပိုးရှိတာကို စောစောစီးစီး ကြိုတင် သိရှိထားတယ်ဆိုရင် မိခင်ကနေ ကလေးဆီပါလာနိုင်တာကို ကာကွယ်ဖို့ ဆရာဝန်မှ ကာကွယ်ဆေးကြိုတင်ထိုးပေးထားနိုင်ပါတယ်။

ဒီလိုအုပ်စုထဲမှာပါဝင်တဲ့ ရောဂါများဟာ ကြိုတင်စစ်ဆေးလို့ရသလို ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။  ဒါပေမယ့်လည်း ဆက်လက်ရေးသား ဖော်ပြမယ့် အုပ်စုမှာပါဝင်ပြီး မိဘများရဲ့ ငုပ်လျှိုးနေတဲ့မျိုးရိုးဗီဇ မူမမှန်မှုများကြောင့်ဖြစ်တဲ့ ရောဂါများကတော့ ကလေးငယ်များအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ ဒီလိုမူမမှန်မှုများနဲ့ မွေးဖွားလာနိုင်တဲ့ကလေးငယ်အရေအတွက် (၂၅) ရာခိုင်နှုန်းရှိပါတယ်။

အဆိုပါ မျိုးရိုးဗီဇမူမမှန်မှုများကို သိသာထင်ရှားတဲ့မျိုးရိုးဗီဇ (Dominant Genes) နဲ့ ငုပ်လျှိုးနေတဲ့မျိုးရိုးဗီဇ (Recessive Genes)ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ သိသာထင်ရှားတဲ့ မျိုးရိုးဗီဇ ကတော့ မျက်မြင်တွေ့ရှိနိုင်ပြီး လက္ခဏာများက လည်း သိသာထင်ရှားပါတယ်။ တကယ်လို့ မိဘနှစ်ပါးစလုံးမှာ ငုပ်လျှိုးနေတဲ့ ရောဂါမျိုးရိုးဗီဇတွေ ရှိနေမယ်ဆိုရင် ကလေးငယ်မှာလည်း ရောဂါကူးစက်နိုင်ခြေ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ အဖြစ်အများဆုံးကတော့ သာလာဆီးမီးယားသွေးအားနည်းရောဂါ ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကလေးငယ်ရဲ့ မိဘထဲမှာ တစ်ယောက်ဟာ ငုပ်လျှိုးနေတဲ့ ရောဂါမျိုးရိုးဗီဇ ရှိမယ် (သို့) တစ်ယောက်က ရောဂါသယ်ဆောင်သူ (Carrier) ဖြစ်ပြီး နောက်တစ်ယောက်က မဖြစ်ဘူးဆိုရင် ကလေးငယ်မှာ ရောဂါဖြစ်နိုင်ခြေ မရှိသလောက်နီးပါးဖြစ်ပါတယ်။ ဒါပေမယ့် ငုပ်လျှိုးနေတဲ့ ရောဂါဗီဇ ဟာ မိဘနှစ်ပါးစလုံးမှာရှိနေမယ် နှစ်ယောက်စလုံးကလည်း ရောဂါ သယ်ဆောင်သူတွေဖြစ်မယ်ဆိုရင် ရောဂါမရှိတဲ့ ကလေးငယ်အဖြစ် မွေးဖွားလာနိုင် ခြေဟာ (၂၅) ရာခိုင်နှုန်းသာရှိပါတယ်။ ကလေးငယ်ကိုယ်တိုင်က ရောဂါသယ်ဆောင်သူ ဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်းရှိပြီး ကလေးငယ်မှာ သာလာဆီးမီးယားသွေးအားနည်းရောဂါဖြစ်နိုင်ခြေ (၂၅) ရာခိုင်နှုန်းရှိပါတယ်။

တကယ်လို့ မိဘနှစ်ပါးစလုံးမှာ သာလာဆီးမီးယားသွေးအားနည်းရောဂါရှိတယ် ဆိုရင် ငုပ်လျှိုးနေတဲ့မျိုးရိုးဗီဇ အချင်းချင်းတွေ့ဆုံပေါင်းစပ်ပြီး ကလေးငယ်မှာ သာလာဆီးမီးယားရောဂါဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိပါတယ်။ ဒီလိုမျိုးအခြေအနေ မှာဖြစ်တဲ့ရောဂါများဟာ မျိုးရိုးဗီဇအရဆက်ခံတဲ့ ရောဂါ လို့ သိထားရမှာဖြစ်ပြီး ပျောက်ကင်းအောင်ကုသလို့မရပါဘူး။ သိထားရမှာတစ်ခုက ကျွန်တော်တို့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းဟာ ချို့ယွင်းချက် တစ်ခုခုရှိတဲ့ မျိုးရိုးဗီဇ ကို သယ်ဆောင်သူများဖြစ်ကြပါတယ်။ ဒါကို ဘယ်သူမှ မရှောင်လွှဲနိုင်ပါဘူး။  လူတိုင်းမှာ ရောဂါမျိုးရိုးဗီဇ(၂၀၀၀) အထိရှိနိုင်ပြီး ဒါဟာ တိတိကျကျ အကြောင်းအရင်း ရှိတဲ့ ပြစ်ချက်တစ်ခု မဟုတ်ပါဘူး။ ဒီလိုမျိုး အခြေအနေ ဒီလိုမျိုး ပြဿနာအကြောင်းအရင်းတွေကြောင့်ပဲ ယနေ့ခေတ် မှာ မိဘစုံတွဲတွေအတွက် ကျန်းမာရေးအကောင်းဆုံး ကလေးငယ်များ မွေးဖွားလာနိုင်ဖို့အတွက် နောက်ဆုံးပေါ်ရောဂါရှာဖွေစစ်ဆေးမှု နည်းပညာတွေ တိုးတက်ထွန်းကားလာပြီဖြစ်ပါတယ်။ ဒီလိုနည်းပညာကို ကျွန်တော်တို့အနေနဲ့ Pre-Pregnancy Genetic Testing (သို့) ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း လို့ ခေါ်ဝေါ်သတ်မှတ်လို့ရပါတယ်။ မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို အတတ်န်ိုင်ဆုံး ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးတဲ့ ကလေးငယ်များအဖြစ် မွေးဖွားလိုကြပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ အကြီးများဆုံးဆန္ဒကို ဖြည့်တင်းပေးနိုင်ဖို့အတွက် Pre-Pregnancy Genetic Testing က ကူညီပံ့ပိုးပေးနိုင်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းရဲ့အကျိုးကျေးဇူးများ

လက်ရှိအချိန်မှာ ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ ငုပ်လျှိုးနေတဲ့ မျိုးရိုးဗီဇ (၆၀၀)ကျော်ကို စစ်ဆေးတွက်ချက်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ မွေးလာတဲ့ကလေးငယ်များကို ချို့ယွင်းမှု (သို့) မူမမှန်မှု များကိုဖြစ်စေတဲ့ မျိုးရိုးဗီဇရောဂါသယ်ဆောင်သူ ဟုတ်မဟုတ်ဆိုတာကို အရင်ကထက်ပိုပြီး စစ်ဆေးပေးနိုင်ပြီဖြစ်ပါတယ်။ စစ်ဆေးမှုနည်းလမ်းများဟာ ကိုယ်မလိုချင်တဲ့ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇ ကို စွန့်ပစ်ပြီးအကောင်းဆုံးတစ်ခုကို ရွေးချယ်ပြီး သားအိမ်ထဲပြန်လည်ထည့်သွင်းနိုင် တဲ့အထိ တိုးတက်မှုအရှိန်အဟုန်မြင့်မားလာခဲ့ပြီဖြစ်ပါတယ်။ မျိုးရိုးဗီဇချို့ယွင်းမှု (သို့) ပြဿနာသယ်ဆောင်သူမိဘများအတွက် ဒီစစ်ဆေးမှုဟာ ၎င်းတို့လိုချင်တဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်များကို မွေးဖွားလာနိုင်အောင် အထောက်အကူ ပြု ပါတယ်။

ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းကိုဘယ်သူတွေလုပ်ဆောင်သင့်သလဲ?

  • ကလေးယူခြင်းနဲ့ပတ်သက်ပြီး စိတ်အေးချမ်းမှုပိုဖြစ်ချင်တဲ့စုံတွဲများ
  • မျိုးရိုးဗီဇပြဿနာရှိသူ (သို့)မျိုးရိုးဗီဇပြဿနာသယ်ဆောင်သူစုံတွဲများနှင့် မိသားစုထဲမှာ မျိုးရိုးဗီဇပြဿနာရှိဖူးသူများ
  • ကလေးရယူဖို့အခက်အခဲရှိနေတဲ့စုံတွဲများ (သို့) ကျန်းမာရေးအကောင်းဆုံး ကလေးများရယူချင်တဲ့စုံတွဲများ
  • အသက်ကြီးမှ (အသက်(၃၅)နှစ်အထက်) ကလေးရယူလိုတဲ့ အမျိုးသမီးများ
  • အကြောင်းအရင်းမရှိဘဲ ကလေးပျက်ကျဖူးသူများ
  • ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းနဲ့ ကလေးရဖို့ အဆင့်ဆင့် လုပ်ဆောင်ခဲ့ ပေယ့် စိတ်ကျေနပ်မှုမရခဲ့တဲ့ စုံတွဲများ
  • ပုံမှန်မဟုတ်တဲ့ ခရိုမိုဆုန်း ကိုယ်ဝန်ရှိဖူးတဲ့ အမျိုးသမီးများ

ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းနဲ့ပတ်သက်ပြီးဘယ်သူတွေဆီကနေ အကြံဥာဏ်ယူသင့်သလဲ?

ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း လုပ်ဆောင်ချင်တဲ့ စုံတွဲများဟာ သန္ဓေအောင်ခြင်းနဲ့ မျိုးပွားမှုဆိုင်ရာဆေးပညာ အထူးကုဆရာဝန်များ ၊ သားဖွားအထူးကုဆရာဝန်များထံမှ အကြံဥာဏ်များ ရယူနိုင်ပါတယ်။

ဒီလိုတိုင်ပင်ပြီးတဲ့အခါ ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ မိခင်လောင်း များ၊မိဘများ၊ စုံတွဲများအတွက် လျစ်လျူမရှုသင့်တဲ့ အရေးပါတဲ့ ရွေးချယ်မှု တစ်ခု ဆိုတာကို သိလာလိမ့်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွယ်တကူရှာဖွေလို့မရ တဲ့ ရောဂါပြဿနာတွေလည်း ရှိသေးတာကြောင့် ကိုယ်ဝန်မဆောင်ခင် မျိုးရိုးဗီဇ စစ်ဆေးခြင်းက ပိုကောင်းတယ ္မကောင်းဘူး ဆိုတာကတော့ မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိုယ်ပိုင်အခွင့်အရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇပြဿနာ တစ်ခုခုဟာ ကိုယ်တိုင်မှာသော်လည်းကောင်း ၊ ကိုယ့်ရဲ့ အိမ်ထောင်ဘက် ဆီမှာ သော်လည်းကောင်း ရှိနေနိုင်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါဘူး။ တကယ်လို့ ဒီလို မျိုးရိုးဗီဇတွေက မိဘတွေဆီကနေ ကလေးဆီကို ရောက်သွားပြီ ဆိုရင်တော့ ကုသလို့မရတော့ပါဘူး။

Photo Credit: mynameisharsha Flickr via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။