အဝလွန်ခြင်းရဲ့ နောက်ကွယ်... ဘာကြောင့်များ ဝိတ်တွေက ချနေရင်း နဲ့ မကျနိုင်ရတာလဲ။

အဝလွန်ခြင်းရဲ့ နောက်ကွယ်... ဘာကြောင့်များ ဝိတ်တွေက ချနေရင်း နဲ့ မကျနိုင်ရတာလဲ။

အနှစ်ချုပ်

  • ကိုယ်အလေးချိန်ကို အောင်အောင်မြင်မြင်လျှော့ချနိုင်ဖို့ဆိုရင် အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် တက်လာရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေကို ကောင်းကောင်းနားလည်ထားဖို့ လိုအပ်ပါတယ်။ အချို့သူတွေအတွက်ဆိုရင် အစားအသောက် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရုံမျှနဲ့ ကိုယ်အလေးချိန်ပြဿနာကို ဖြေရှင်းဖို့ မလုံလောက်တာကြောင့်ပဲ ဖြစ်ပါတယ်။
  • အဝလွန်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရန် ခက်ခဲခြင်း စတာတွေဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းပမာဏ မမျှတခြင်း၊ သောက်သုံးနေရတဲ့ ဆေးဝါးများ သို့မဟုတ် အခြားရောဂါအခံများ စတဲ့ အကြောင်းရင်း များစွာ အပေါ်မှာ မူတည်နေပါတယ်။
  • လက်ရှိမှာ အဝလွန်လူနာတွေအတွက် ရောဂါအခံတွေကို ရှာဖွေဖော်ထုတ်ပေးတဲ့ အထူးစစ်ဆေးမှု အစီအစဉ်များ ရှိနေတဲ့အပြင်၊ ခန္ဓာကိုယ်၏ ဟန်ချက်ညီမှုကို သိရှိနိုင်ရန်အတွက် ဘက်စုံကျန်းမာရေး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ စစ်ဆေးမှုအားလုံးကို ကျွမ်းကျင်အထူးကုဆရာဝန်ကြီး များနဲ့ အာဟာရဗေဒပညာရှင်များ အဖွဲ့က စနစ်တကျ လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ အဝလွန်သူ သို့မဟုတ် ကိုယ်အလေးချိန် လွန်ကဲသူအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ အဝလွန်ခြင်းဟာ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆီးချိုရောဂါ (သွေးတွင်းသကြားဓာတ် မြင့်မားခြင်း)၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါများ၊ မီးယပ်ဆိုင်ရာ ပြဿနာများ၊ အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ် ခြင်းနှင့် လေဖြတ်ခြင်း အစရှိတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများစွာကို ဖြစ်ပွားစေနိုင်တာမို့ အလွန်ပင် အန္တရာယ်ရှိပါတယ်။

ကိုယ်အလေးချိန် လျှော့ချကြရာမှာ အောင်မြင်သွားသူများစွာ ရှိနေတာ အမှန်ပင်ဖြစ်ပေမယ့်၊ အချို့သူတွေမှာ တော့ အစွမ်းကုန် ကြိုးစားပေမယ့် ဘာကြောင့် ဝိတ်မကျနိုင်ဖြစ်နေရသလဲ ဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်နေ ပါတယ်။ အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချရန် ခက်ခဲခြင်းတို့ဟာ နောက်ခံအကြောင်းရင်း အမျိုးမျိုး ရှိတယ်ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ များသောအားဖြင့် ဟော်မုန်းပမာဏ မမျှတခြင်းကြောင့်သော် လည်းကောင်း၊ သို့မဟုတ် မျိုးရိုးဗီဇ (ဂျင်းန်နှင့် ခရိုမိုဆုန်းများ) ကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။

ကိုယ်အလေးချိန်လွန်ကဲခြင်းကို ဘယ်လိုသတ်မှတ်မလဲ။

Body Mass Index (BMI) ဆိုတာ လူတစ်ဦးရဲ့ အရပ်နှင့် အလေးချိန်ကို နှိုင်းယှဉ်တိုင်းတာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသက် ၂၀ နှင့် အထက်ရှိသော လူကြီးများအတွက် BMI ကို အသုံးပြုပြီး အောက်ပါအတိုင်း စစ်ဆေးသတ်မှတ်နိုင်ပါတယ်။

နိုင်ငံတကာစံနှုန်း BMI (Europe) အာရှစံနှုန်း BMI
(Asia)
အဓိပ္ပာယ်ဖွင့်ဆိုချက်
< 18.5 < 18.5 ကိုယ်အလေးချိန် ပုံမှန်ထက် လျော့နည်းခြင်း
18.5-24.9 18.5-22.9 ကိုယ်အလေးချိန် ပုံမှန်ရှိခြင်း
25-29.9 23-24.9 အဝလွန်ခြင်း အဆင့် (၁)
30-34.9 25-29.9 အဝလွန်ခြင်း အဆင့် (၂)
35-39.9 ၃၀ နှင့်အထက် အဝလွန်ခြင်း အဆင့် (၃)
၄၀ နှင့်အထက် - အဝလွန်ခြင်း အဆင့် (၄)

အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် တက်လာစေသည့် အကြောင်းရင်းများ

စားသောက်မှုပုံစံအပြင် နေထိုင်မှုဘဝပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု၊ အသက်အရွယ်၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး အခြေအနေများကဲ့သို့သော အချက်များဟာလည်း အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချခြင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီအချက်တွေအားလုံးဟာ ကျွန်တော်တို့နဲ့ အတော်အတန် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေမယ့် ကိုယ်အလေးချိန် လျှော့ချဖို့ ခက်ခဲစေတဲ့ အခြားသော အကြောင်းရင်း များလည်း ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။

  1. မျိုးရိုးဗီဇဆိုင်ရာ အလားအလာ
    အချို့သူများတွင် အဝလွန်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချ၍မရခြင်း သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပွားရခြင်းမှာ နေထိုင်မှုပုံစံကြောင့်မဟုတ်ဘဲ မျိုးရိုးလိုက်ခြင်း သို့မဟုတ် မျိုးရိုးဗီဇ ဆိုင်ရာ အချက်များကြောင့် ဖြစ်နိုင်ပါတယ်။  မိဘများ အဝလွန်ခြင်းကြောင့် ပါလာသော အဝလွန်မျိုးရိုး ဗီဇ သို့မဟုတ် ဗိုက်ပြည့်ခြင်းကို ထိန်းချုပ်သည့် မျိုးရိုးဗီဇ၊ ခန္ဓာကိုယ်အတွင်း အဆီထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇနှင့် ဆီးချိုမျိုးရိုးဗီဇ စတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လူတိုင်းရဲ့ ခန္ဓာကိုယ်ဟာ ဇီဝကမ္မဖြစ်စဉ် လုပ်ဆောင်နိုင်စွမ်းချင်း တူညီမှုမရှိ ကြဘဲ ဒီအချက်က မျိုးရိုးဗီဇက ခန္ဓာကိုယ်အတွင်း အဆီသိုလှောင်မှု ပမာဏအပေါ် သက်ရောက်မှုရှိနေ ခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် အဝလွန်ခြင်းကို ဖြစ်စေတဲ့ ထင်ရှားတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုမှာ Prader-Willi Syndrome ဖြစ်ပြီး အမြဲတမ်း ဆာလောင်နေခြင်း၊ အလွန်အကျွံ စားမိခြင်းနှင့် ဖွံ့ဖြိုးမှုနှေးကွေးခြင်း စသည့် လက္ခဏာရပ်များကို ဖြစ်ပေါ်စေပါတယ်။
  2. ရောဂါအခံများ၊ သောက်သုံးနေရသော ဆေးဝါးများနှင့် ဟော်မုန်းမမျှတမှုများအချို့သော ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ၊ ရောဂါဝေဒနာများဟာလည်း ကိုယ်အလေးချိန်နှင့် အဝလွန်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေနိုင်သလို၊ ခန္ဓာကိုယ်အတွင်း ကော်တီစော ဟော်မုန်း ဓာတ် ပုံမှန်ထက် ပိုမိုထွက်ရှိစေသော Cushing’s Syndrome ကဲ့သို့သော ရောဂါများကြောင့်လည်း အဝလွန်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်တားဆေးများဟာလည်း ခန္ဓာကိုယ်အတွင်း အဆီသိုလှောင်မှု ကို ပုံမှန်ထက် ပိုမိုများပြားစေနိုင်သကဲ့သို့ အချို့သော စိတ်ကျရောဂါကုဆေးများနှင့် စတီးရွိုက် ဆေးဝါး များသည်လည်း အလားတူ သက်ရောက်မှုရှိနိုင်ပါတယ်။ သားဖွားပြီးစ မိခင်များနှင့် သွေးဆုံးခါနီး သို့မဟုတ် သွေးဆုံးပြီး အမျိုးသမီးများမှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းမမျှတမှုများဟာလည်း ကိုယ်အလေးချိန် လျှော့ချရာတွင် အောင်မြင်မှုမရရှိစေတဲ့ အချက်များဖြစ်ပါတယ်။

ကိုယ်အလေးချိန် စီမံခန့်ခွဲမှုအတွက် ချဉ်းကပ်ပုံနည်းလမ်းသစ် - ကိုယ်အလေးချိန် လျှော့ချရာတွင် မအောင်မြင်ရခြင်း၏ အကြောင်းရင်းခံကို ရှာဖွေခြင်း

ရောဂါရာဇဝင်ကို ပြန်လည်ဆန်းစစ်ရန်နှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အထူးကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးရုံမျှမက၊ တိကျသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဟာလည်း အလွန် အရေးကြီးပြီး မရှိမဖြစ် လိုအပ်ပါတယ်။

  1. မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း
    ဒီကနေ့မှာ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုနည်းပညာများဟာ အရင်ကထက်များစွာ ပိုမိုအဆင့်မြင့်လာပြီ ဖြစ်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် အဝလွန် ခြင်းကို ဖြစ်စေတဲ့ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ်နိုင်ပြီး၊ ၎င်းမှာ အထူးသဖြင့် ငယ်စဉ်ကလေးဘဝ ကတည်းက ဆိုးရွားစွာ အဝလွန်ခဲ့သူတွေမှာ ဗိုက်ဆာလွယ်ခြင်းနှင့် အစားပိုစားချင်စိတ် ဖြစ်ပေါ်စေခြင်း တို့ကို ဖြစ်စေသည့် မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းခံများကို သိရှိနိုင်ရန် ကူညီပေးပါတယ်။ ဒါ့အပြင် ဒီလိုပြဿနာမျိုးရှိတဲ့သူတွေမှာ ဟော်မုန်းနှင့် အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှုများကဲ့သို့သော အခြား ပြဿနာများကိုလည်း ကြုံတွေ့ရလေ့ရှိပါတယ်။ အဝလွန်ခြင်းရဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများကို တိကျစွာ သိရှိခြင်းဖြင့် ထိရောက်တဲ့ ဆေးဝါးများ ဖော်ထုတ်ကုသခြင်း၊ ပိုမိုကောင်းမွန်တဲ့ အာဟာရ ဆိုင်ရာ ပြုစုစောင့်ရှောက်မှုပေးခြင်း၊ ကာယကုထုံးနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ခြင်းများကို ဆောင်ရွက်ပေးနိုင်ပါတယ်။  ကိုယ်အလေးချိန် လျှော့ချရာမှာသက်ရောက်မှုရှိနေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ချွတ်ယွင်းချက်များကို မျိုးရိုးဗီဇစစ်ဆေးမှု က တစ်ဆင့် တွေ့ရှိခဲ့တဲ့အခါ ၎င်းအတွက် ကုထုံးများကို ရှာဖွေနိုင်မှာဖြစ်ပြီး အဝလွန်ခြင်းကို တိုက်ဖျက်ရန် နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ကုသမှုစီမံချက်များကိုလည်း စနစ်တကျ ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။
  2. ဟော်မုန်းပမာဏကို စစ်ဆေးခြင်း ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းပမာဏများသည်လည်း ကိုယ်အလေးချိန် လျှော့ချခြင်းအပေါ် မှာ သက်ရောက်မှု ရှိပါတယ်။ ကိုယ်အလေးချိန် လွန်ကဲသူ သို့မဟုတ် အဝလွန်လာနိုင်ခြေရှိသူ အချို့မှာ "ဗိုက်ပြည့်ခြင်း" ကို အချက်ပေးသည့် လက်ပ်တင်ဟော်မုန်းအား ခန္ဓာကိုယ်က တုံ့ပြန်မှုမရှိတော့ခြင်းမျိုး ဖြစ်တတ်ပါတယ်။ လက်ပ်တင်ဟော်မုန်း ပမာဏသည် ပုံမှန်ထက် မြင့်မားနေပါက ဦးနှောက်သို့ ပေးပို့ ရမည့် "ဗိုက်ပြည့်ပြီ" ဆိုသော အချက်ပေးစနစ်ကို အဟန့်အတား ဖြစ်စေသောကြောင့် အစာစားပြီး သော်လည်း ဆာလောင်နေသကဲ့သို့ ခံစားရစေပါတယ်။ အခြားတစ်ဖက်တွင်လည်း အချို့သူတွေဟာ သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းပါးနေတတ်ပြီး ၎င်းက ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွား စေပါတယ်။

အဝလွန်ခြင်းကို ကုသခြင်း

ကိုယ်အလေးချိန် လွန်ကဲခြင်းကို ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အကယ်၍ လူနာရဲ့ အဝလွန်ခြင်းမှာ အခြားသော ရောဂါတစ်ခုခုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာရခြင်းဖြစ်ပါက၊ အရင်းခံရောဂါကို အရင်ဆုံး ကုသဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။ သို့သော် အဝလွန်ခြင်းမှာ အထက်ဖော်ပြပါ အချက်များကြောင့် ဖြစ်ပါက အောက်ပါအတိုင်း ကုသနိုင်ပါတယ်။ 

  1. အာဟာရလမ်းညွှန်ချက်များနှင့်အညီ စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲခြင်း နှင့်အတူ အပတ်စဉ် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ်။ လိုအပ်ပါက တာဝန်ခံဆရာဝန်ရဲ့ ဆုံးဖြတ်ချက် ဖြင့် ဆေးဝါးကုသမှုကိုလည်း ပူးတွဲဆောင်ရွက်ရပါမယ်။ ဒီလုပ်ဆောင်ချက်တွေအားလုံးဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပြီး နောက်ဆက်တွဲ ပြင်းထန် ဝေဒနာများ ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။
  2. ကိုယ်အလေးချိန်ကျစေသည့် ထိုးဆေးများ အသုံးပြုခြင်း။ ဒီနေ့ခေတ်မှာ ဆေးပညာတိုးတက် လာမှုကြောင့် ကိုယ်အလေးချိန်ကျစေတဲ့ ထိုးဆေးကို အစားအသောက် ထိန်းသိမ်းခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်းတို့နှင့် ပူးတွဲအသုံးပြုခြင်းဖြင့် ရေရှည်ကိုယ်အလေးချိန် လျှော့ချရေးအတွက် ထိရောက်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။
  3. နောက်တစ်ခုကတော့ ကိုယ်အလေးချိန်ချဖို့ ဆေးဝါးများဖြင့် ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း ပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ဖော်ပြရပါလျှင် အောင်မြင်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုဖြစ်စဉ်တစ်ခုဖြစ်ဖို့ဆိုတာ မိမိတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို သေချာစွာ နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ အချို့သူများ အတွက် အစားအသောက် ထိန်းသိမ်းခြင်းနှင့် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရုံမျှဖြင့် ကိုယ်အလေးချိန်ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေတတ်တာမို့ မိမိတို့ အဝလွန်ရခြင်း သို့မဟုတ် ကိုယ်အလေးချိန် တက်လာရခြင်းရဲ့ အရင်းခံအကြောင်းရင်းကို သိရှိနားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ အကြောင်းရင်းကို မသိရှိဘဲ ကိုယ်အလေးချိန် လျှော့ချရာမှာ အားလျော့ခြင်း၊ စိတ်ပျက်ခြင်းနှင့် ရည်မှန်းချက် မပြည့်မီခင် လက်လျှော့လိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အာဟာရပြည့်ဝတဲ့ အစားအစာများကို စားသုံးခြင်း၊ မှန်ကန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ရေကို လုံလောက်စွာ သောက်သုံးခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်း၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေဟာ ကျန်းမာရေးကောင်းမွန်စေရန်နှင့် မိမိတို့၏ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ရည်မှန်းချက်ကို တည်ငြိမ်စွာဖြင့် ရေရှည်အောင်မြင်စေရန်အတွက် အဓိက သော့ချက်များပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အဝလွန်လူနာတွေအတွက် အရင်းခံအကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ပေးတဲ့ အသေးစိတ် မျိုးရိုးဗီဇစစ်ဆေးမှုများနှင့် ခန္ဓာကိုယ်၏ ဟန်ချက်ညီမှုကို တိုင်းတာသည့် ဘက်စုံကျန်းမာရေး ဆန်းစစ်မှုများ အပါအဝင် ကျန်းမာရေး စီမံခန့်ခွဲမှု အစီအစဉ်များ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် အားလုံးကို လူကြီးမင်းရဲ့ ကျန်းမာရေးလမ်းညွှန်များအဖြစ် ဆောင်ရွက်ပေးကြမယ့် ကျွန်ုပ်တို့၏ ကျွမ်းကျင်ဆရာဝန်ကြီး များနှင့် အာဟာရဗေဒပညာရှင်များ အဖွဲ့က စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။  နိုပ်ပါ။

အဆင့်သတ်မှတ်ချက်