အစာအိမ်အနာ

အစာအိမ်အနာ

“အစာအိမ်အနာ”ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဗိုက်အောင့် ဗိုက်နာ ဖြစ်လိုက် ပျောက်လိုက် ခံစားရတတ်ပါတယ်။ တချို့လူနာတွေမှာ အတွင်းပိုင်းသွေးယိုခြင်း၊ အစာအိမ်အနာကတစ်ဆင့် အစာအိမ်နံရံ ပေါက်သွားခြင်း ကဲ့သို့သော ရှုပ်ထွေးတဲ့ပြဿနာတွေ နောက်ဆက်တွဲ လိုက်လာနိုင်ပါတယ်။ တကယ်တော့ “အစာအိမ်အနာ” ဆိုတာ အစာအိမ်မှာ အနာဖြစ်တာ (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းမှာဖြစ်တဲ့ အနာ (duodenal ulcer) တို့ကို စုပေါင်း ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း အစာအိမ်အနာ အမျိုးအစား အားလုံးရဲ့ အဓိက လက္ခဏာကတော့ “ဗိုက်အောင့်ခြင်း” ပဲဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်း တွေကလည်း အများ အားဖြင့် တူကြပါတယ်။

အစာအိမ်အနာ ဖြစ်စေသော အဓိကအကြောင်းအရင်းများ

အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်မှာ အနာဖြစ်လာတတ်ပါတယ်။ အဓိကအကြောင်းရင်း ကတော့  အစာအိမ်ကထုတ်သော အက်စစ်ဓာတ် (stomach acid) နှင့် အစာအိမ်နံရံကို အကာအကွယ် ပေးထားတဲ့ အကျိအချွဲလွှာ (protective mucosal coating) တို့ကြား မျှခြေမညီမျှမှုကြောင့် ဖြစ်ရတယ် လို့ ယူဆကြပါတယ်။

  1. အစာအိမ် အက်ဆစ်ဓာတ် လွန်ကဲစွာ ထွက်ရှိမှုက အစာအိမ်အနာကို ဖြစ်စေပါတယ်။ တခြားသော အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ကဖိန်းဓာတ်အများအပြား သောက်သုံးမှုနဲ့ အစားအသောက်ပုံစံ မမှန်တာတွေပဲ ဖြစ်ပါတယ်။
  2. အိတ်ချ်-ပိုင်လိုရီ (Helicobacter Pylori) လို့ခေါ်တဲ့ အစာအိမ်ဘက်တီးရီးယားပိုးက အစာအိမ်အနာ (peptic ulcer) ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။  အဲဒီပိုးက လူတစ်ဦးကနေ နောက်တစ်ဦးကို တံတွေးကနေတစ်ဆင့် ကူးစက်ပါတယ်။ အစာအိမ်ရဲ့ အတွင်းဆုံးအလွှာကို ဖုံးအုပ်ကာကွယ်ထားတဲ့ အကျိအချွဲတွေထဲမှာ ရှင်သန်ပေါက်ဖွားပြီး အစာအိမ်ရောင်ရမ်းတာကို ဖြစ်စေကာ နောက်ဆုံးမှာတော့ အစာအိမ်အနာအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။
  3. အက်စပရင်ဆေး၊ အရိုးအဆစ်နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အပူအစပ်တွေ အများကြီးစားတာ၊ အရက် စတာတွေဟာ အစာအိမ်ရဲ့ အကျိအချွဲအလွှာကို ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။

အစာအိမ် အနာရဲ့ လက္ခဏာများ

  1. ဗိုက်အောင့်တာက အဖြစ်အများဆုံး လက္ခဏာဖြစ်ပါတယ်။ ရင်ညွန့်ရိုးအောက် ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ ဗိုက်ပွတာ၊ ဗိုက်အောင့်တာ၊ ရင်ပူတာကို ခံစားရတတ်ပါတယ်။ အဲဒီလို ခံစားရတာက ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အခါမျိုးမှာ အများဆုံး ဖြစ်တတ်ပါတယ်။ နာကျင်မှုက တစ်ချိန်လုံး ခံစားနေရတာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
  2. ဗိုက်တင်းနေတာ၊ လေပွတာ၊ ဗိုက်ထဲက အသံမြည်တာ၊ လေထတာ၊ ပျို့အန်တာတွေဟာ အစာအိမ်နာခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
  3. အစာအိမ်နာရာကနေ နောက်တစ်ဆင့်တက်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ သွေးအန်တာ၊ အစာအိမ်ထဲမှာ သွေးယိုပြီး ဝမ်းမည်းမည်းတွေသွားတာနဲ့ အစာအိမ် အနာကတစ်ဆင့် အစာအိမ်နံရံပေါက်သွားလို့ ဗိုက်အရမ်းအောင့်တာတို့ ဖြစ်ပါတယ်။

အစာအိမ်အနာကို ရောဂါရှာဖွေခြင်း

  1. Barium X-ray (အစာမျိုပြွန်၊ အစာအိမ်နဲ့ အူလမ်းကြောင်းတွေ အပါအဝင် အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းတစ်လျှောက်ကို ပုံရိပ်ဖော်နိုင်ဖို့အတွက် ဘေရီယမ်လို့ခေါ်တဲ့ အဖြူရောင် အရည်ကို သုံးပြီး ဓာတ်မှန်ရိုက်ခြင်း) ဟာ လွယ်ကူပြီး စရိတ်သက်သာပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ ဆိုရင် ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့အတွက် တစ်သျှူးနမူနာတွေကို ယူလို့မရနိုင်ပါဘူး။
  2. အစာမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတို့ရဲ့ အတွင်းသားတွေကို စစ်ဆေးဖို့အတွက် အသုံးပြုတဲ့ ရောဂါရှာဖွေရေးနည်းလမ်းကတော့ အစာအိမ် မှန်ပြောင်းကြည့်ခြင်း (Esophagogastroduodenoscopy) ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အစာအိမ်ကို အသေးစိတ် စစ်ဆေးနိုင်ပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ အတွက် တစ်သျှူးနမူနာတွေကိုလည်း ယူနိုင်ပါတယ်။ ဒီနည်းလမ်းကို တွင်တွင်ကျယ်ကျယ်နဲ့ ဘေးအန္တရာယ်ကင်းကင်း အသုံးပြုနေကြပါတယ်။ အချို့လူနာတွေမှာတော့ မှန်ပြောင်းကြည့်နေစဉ် အတွင်း အိပ်ပျော်နေစေဖို့အတွက် မေ့ဆေးအပျော့စား ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။

အိတ်ချ် ပိုင်လိုရီပိုး ခေါ် အစာအိမ်ဘက်တီးရီယားပိုး ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးခြင်း

အောက်ပါစမ်းသပ်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။

  1. ကိုယ်ခံစွမ်းအားအတွက် သွေးစစ်ဆေးခြင်း
  2. Urea breath test - ယူရီးယားပါဝင်သောဆေးရည် (သို့မဟုတ်) ဆေးခဲကိုသောက်ပြီး ပြန်မှုတ်ထုတ်လိုက်သော လေတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု ပမာဏကို စစ်ဆေးခြင်း
  3. မှန်ပြောင်းကြည့်၍ တစ်သျှူးစ ယူစစ်ဆေးခြင်း နည်းလမ်း (၃) သွယ်
    – အသားစယူပြီး အစာအိမ်ပိုး စစ်ဆေးခြင်း
    – အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း
    – ပိုးမွေး၍ စစ်ဆေးခြင်း
  4. အိတ်ချ် ပိုင်လိုရီပိုးပဋိလှုံ့ဆော်ပစ္စည်းအား မစင်မှတစ်ဆင့် စစ်ဆေးခြင်း

အစာအိမ်အနာကို ကုသခြင်း

အစာအိမ်နာ ဖြစ်ပြီဆိုရင် ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ 

  1. အက်ဆစ်ဓာတ် ထွက်ရှိမှုကို ဟန့်တားပြီး အနာကျက်စေနိုင်တဲ့ ဆေးဝါးတွေကို ၆ ပတ်ကနေ ၈ ပတ်အထိ သောက်သုံးခြင်
  2. အိတ်ချ် ပိုင်လိုရီပိုး (H. Pylori) ကို သေစေနိုင်တဲ့ ပဋိဇီဝဆေးဝါးတွေ သောက်သုံးခြင်း 
  3. နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးများ
    – ကောင်းမွန်တဲ့ စားသောက်မှုပုံစံသို့ ပြောင်းလဲကျင့်သုံးပါ။
    – အစာကြေလွယ်ပြီး အဆီဓာတ်နည်းတဲ့ အစားအစာတွေ စားပါ။
    – အပူအစပ်တွေ နဲ့ တာရှည်ခံအသင့်စားအစားအစာတွေ၊ အချိုရည်တွေကို ရှောင်ပါ။
    – ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ။
    – အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အက်စပရင်နဲ့ အန်အက်စ်အေအိုင်ဒီ (NSAID) ကို သောက်သုံးတာ ရပ်လိုက်ပါ။
    – စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှောင်ရှားပါ။
    ဒါတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် အစာအိမ်နာဝေဒနာ မခံစားရအောင် နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
အဆင့်သတ်မှတ်ချက်