ညဘက်အိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများစွာ ရှိကြပါတယ်။ ဘယ်လောက် နာကျင် တယ်ဆိုတာလည်း ကိုယ်တွေ့ ခံစားကြရမှာပါပဲ။ အင်မတန်လည်း အခံရခက်တာကြောင့် ရုတ်တရက် လန့်နိုးလာ ရတဲ့အထိလည်း ဖြစ်ရပါတယ်။ ဘာကြောင့် အိပ်နေတဲ့အချိန်မှာ ကြွက်တက်ရတာလဲ။ အဘယ်အရာက ကြွက်တက်စေတာလဲ ဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ ပြီးတော့ ဒီလို ထူးဆန်းပြီး အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်တဲ့ ဒီ ကြွက်တက်ခြင်းဆိုတဲ့ ဝေဒနာအတွက် ဘယ်လို ကုသနည်းတွေ၊ ဘယ်လို ကာကွယ်နည်းတွေများ ရှိနေပါလိမ့်ဆိုတာမျိုးရော တွေးကြည့်ကြဖူးပါသလား။
ကြွက်တက်တယ်ဆိုတာ ကြွက်သားများ ရုတ်တရက် ပြင်းထန်စွာ ကျုံ့သွားပြီး ပုံမှန်အတိုင်း ပြန်လည်မဖြေလျော့ နိုင်တော့တဲ့ ဖြစ်စဉ်ကို ဆိုလိုပါတယ်။ ကြွက်တက်နေတဲ့ ကြွက်သားတွေကို ထိတွေ့ကြည့်မယ်ဆိုရင် တင်းမာနေ တတ်ပြီး ခံစားရသူကို အလွန်အမင်း နာကျင်ပြီး မသက်မသာ ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် ခြေသလုံး၊ ပေါင်အနောက်ဘက်နှင့် ပေါင်ခြံကြွက်သားများမှာ ကြွက်တက်ခြင်းအဖြစ်များလေ့ရှိပါတယ်။ ဒီလို ကြွက်တက် ခြင်း မျိုး ညဘက်မှာ ဖြစ်ပွားပါက "ညဘက် ခြေထောက်ကြွက်တက်ခြင်း" (Nocturnal leg cramps) လို့ ခေါ်ဆို ပြီး သာမာန်လူတွေထက် အသက်လတ်ပိုင်းမှ သက်ကြီးပိုင်းအရွယ်များအပြင် ကိုယ်ဝန်ဆောင်မိခင်များမှာ ပိုမို အဖြစ်များတတ်ပါတယ်။
ညဘက်အိပ်ပျော်နေချိန်မှာ ဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်ခြင်း ဝေဒနာကို ဖြစ်စေနိုင်တဲ့ တကယ့်အကြောင်းရင်း အစစ်အမှန်ကို အပြည့်အဝ နားမလည်နိုင်သေးပေမယ့် သတ္တုဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တယ်ဆိုတဲ့ အယူအဆ အမှားမျိုးတွေထက် ကြွက်သားပတ်လည် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားပျော့ပျောင်းမှုမရှိခြင်း၊ ဗဟိုအာရုံ ကြော စနစ် လုပ်ဆောင်ချက် မမှန်ကန်ခြင်း သို့မဟုတ် သွေးလှည့်ပတ်မှု အဟန့်အတားဖြစ်ခြင်း စတာတွေနှင့် ပိုမို ဆက်စပ်မှုရှိကြောင်း အထောက်အထားများက ဖော်ပြနေပါတယ်။ အမှန်စင်စစ်အားဖြင့် ကြွက်တက်ခြင်းကို ဖြစ်ပွားစေတယ်လို့ ယူဆနိုင်ဖွယ်ရာ အကြောင်းရင်းများစွာ ရှိနေပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မိမိဘာသာ သက်သာအောင်ပြုလုပ်ပေမယ့် သက်သာခြင်းမရှိဘဲ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ညဘက်ခြေထောက်ကြွက်တက်ခြင်း ဝေဒနာကို အကြိမ်ကြိမ် ခံစားနေရခြင်း၊ ကြွက်တက်တဲ့နေရာမှာ နီမြန်း လာခြင်း သို့မဟုတ် အရေပြား ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း၊ ကြွက်သားများ သိသိသာသာ အားနည်းလာ ခြင်း စတဲ့အခြေအနေမျိုးတွေဆိုရင် ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသခြင်းဖြင့် ဆရာဝန်က ရောဂါရာဇဝင်နှင့် အသုံးပြုခဲ့တဲ့ ဆေးဝါးတွေကို ပြန်လည်စစ်ဆေးခြင်း၊ ခန္ဓာကိုယ်ကို အသေးစိတ်စမ်းသပ်ခြင်းနှင့် လိုအပ်ပါက သွေးစစ်ခြင်းတို့ ပြုလုပ်ကာ အခြားရောဂါများ ဟုတ်မဟုတ် ခွဲခြားသတ်မှတ်ပေးနိုင်မှာဖြစ်ပြီး ထိရောက်တဲ့ ကုသမှုကိုလည်း ပေးနိုင်မှာ ဖြစ်ပါတယ်။
ကုသမှုအပိုင်းမှာ ဆရာဝန်တွေဟာ အကိုက်အခဲသက်သာတဲ့ဆေးတွေ၊ ကြွက်သားပြေလျော့စေတဲ့ဆေးတွေ၊ လူကြီးများနှင့် ကိုယ်ဝန်ဆောင်များအတွက် မဂ္ဂနီဆီယမ် ဖြည့်စွက်စာ စတာတွေကို ထည့်သွင်းစဉ်းစားနိုင် သော်လည်း Quinine ဆေးဝါးကိုတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာကြောင့် ကုသမှုအတွက် အကြံပြုလေ့ မရှိပါ။
ညဘက်ခြေထောက်ကြွက်တက်ရခြင်းရဲ့ တကယ့်အကြောင်းရင်းအစစ်အမှန်ကို အတိအကျမသိရသေးပေမယ့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် သွေးလွှတ်ကြောဆိုင်ရာရောဂါ ကဲ့သို့သော ဝေဒနာများဟာ ကြွက်တက် နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ လက္ခဏာရပ်များ ဖြစ်ကြပါတယ်။ ဒါကြောင့် ညဘက်မှာ ခဏခဏ ကြွက်တက် ခြင်းကို ခံစားနေရပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။ ဒါမှသာ ရောဂါအခြေအနေကို စစ်ဆေး ဖော်ထုတ် ပေးနိုင်မှာဖြစ်ပြီး ထိရောက်တဲ့ ကုသမှုနည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ အကြံပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ