ဝက်ခြံပြဿနာများ အတွက်လူကြိုက်အများဆုံး လေဆာကုထုံးများ

ဝက်ခြံပြဿနာများ အတွက်လူကြိုက်အများဆုံး လေဆာကုထုံးများ

အနှစ်ချုပ်

  • ဝက်ခြံထွက်ခြင်းရဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်။ ဟော်မုန်းအပြောင်း အလဲ၊ Propionibacterium ဘတ်တီးရီးယားကူးစက်ခြင်း ၊ အလှကုန်ပစ္စည်းများ အလွန်အကျွံသုံးခြင်း ၊ လုံလောက်စွာအိပ်စက်မှုမရှိခြင်း ၊ စိတ်ဖိစီးမှု စတာတွေ ကတော့ ဝက်ခြံဖြစ်စေတဲ့ ယေဘုယျ အကြောင်းအရင်းများပဲဖြစ်ပါတယ်။
  • လက်ရှိအချိန်မှာ ဝက်ခြံကုသမှုအတွက် လိမ်းဆေးများ ၊ သောက်ဆေးများ ၊ နေထိုင်မှုပုံစံအပြောင်းအလဲများနဲ့ တွဲထားတဲ့ လေဆာကုသမှု စတဲ့ နည်းလမ်း တွေရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေဟာ တကယ်တတ်ကျွမ်း နားလည်တဲ့ အရေပြားအထူးကုဆရာဝန်ရဲ့ လမ်းညွှန်မှုနဲ့သာ လုပ်ဆောင်သင့်ပါတယ်။
  • ဝက်ခြံနဲ့ အမာရွတ်များအတွက် လေဆာကုသမှုများမှာ Omnilux Light Therapy , V Beam and Pico Laser Therapy စတဲ့ ကုထုံးနည်းလမ်းတွေ ရှိနေပြီဖြစ်ပါတယ်။ လက်ရှိချိန်မှာ Harmony Acne Pro လို့ခေါ်တဲ့ လေဆာကုသမှုပုံစံသစ်တစ်မျိုးလည်း ရှိနေပြီ ဖြစ်ပါတယ်။

ဝက်ခြံဟာ အသက်ငယ်သူများမှာ အဖြစ်များတဲ့ အရေးပြား ပြဿနာတစ်မျိုး ဖြစ်ပြီး တဖြည်းဖြည်းနဲ့ အသက်ကြီးလာတဲ့အချိန်မှာ တွေ့ရနည်းသွားပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အသက်(၄၀) ကျော်တဲ့အထိ ဆက်ပြီး ဖြစ်ပေါ်နေတာမျိုးလည်း ရှိပါတယ်။ အဲဒီထဲမှာ အချိန်ကာလအလိုက်ဖြစ်တဲ့ စိုးရိမ်စိတ်ကြောင့် အစက်အပြောက်များထခြင်း လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သင့်လျော်တဲ့ကုသမှုအတွက် လူတစ်ယောက်ဝက်ခြံထွက်ရတဲ့အကြောင်းအရင်းကို တိတိကျကျသိမှသာ ‌ရေရှည်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဝက်ခြံဟာ ချွေးပေါက်(သို့)မွေးညင်းပေါက် ၊ အရေပြားအဆီဂလင်းများ ရောင်ရမ်း ခြင်းကြောင့်ဖြစ်ပေါ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အစက်အပြောက်များဟာ အရေပြား အဆီဓာတ်အများဆုံးရှိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ ၊ ကျောအပေါ်ဘက်၊ ရင်ဘက် ၊ လည်ပင်း ၊ ပုခုံးနဲ့ လက်မောင်းအထက်ပိုင်း များမှာ ဖြစ်ပွားနိုင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဝက်ခြံရဲ့ အမျိုးမျိုးသော ကြီးထွားမှုအခြေအနေကို Comedones ခေါ် အဖြူဆံ/အမည်းဆံတွေပါတဲ့ အဖုလေးများ ၊  အနီရောင်အဖုငယ်လေးများ (Papulonodular Spots) ၊ ပြည်ဖုများ (Pustules) ၊ အဖုအကြီးလိုက်ဖြစ်သော ဝက်ခြံများ(Nodulocystic Spots) အဖြစ် တွေ့ရပြီး သတိထားမိနိုင်ပါတယ်။ ဒါတွေဟာ သေချာမကုသဘဲ ထားလိုက် မယ်ဆိုရင် သေရာပါ အနာရွတ်အဖြစ် ကျန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် လူနာများအနေနဲ့ တခြားသော နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ဖို့ လိုပါတယ်။

ဝက်ခြံဖြစ်စေသည့်အကြောင်းအရင်းများ

  • အပျိုဖော်/လူပျိုဖော်ဝင်ချိန်မှာ အမျိုးသားရဲ့ လိင်ဟော်မုန်း(သို့) ကျားဟော်မုန်း အပြောင်းအလဲ (ဟော်မုန်းများလာခြင်း) ကနေတစ်ဆင့် အဆီဂလင်းများ ကနေ Sebum ခေါ် အရည်တစ်မျိုးကို ထုတ်လုပ်ပါတယ်။
  • Cutibacterium Acne ခေါ် အဆီအပြန်ဆုံးနေရာတွေမှာ နေတတ်ပြီးဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားများကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။
  • အရေပြားခရင်မ်(သို့) အလှကုန်ပစ္စည်းများအလွန်အကျွံအသုံးပြုပြီး ချွေးပေါက် ပိတ်ကာရောင်ရမ်းခြင်း ကနေ ဖြစ်နိုင်ပါတယ်။
  • မျက်နှာကို ခဏခဏ သစ်ခြင်း သို့မဟုတ် Scrub ခဏခဏလုပ်ခြင်း
  • နို့ထွက်ကုန်ပစ္စည်းနဲ့ အချိုဓာတ်ပါတဲ့ တချို့သောစားစရာများ (တချို့လူများ မှာသာလျှင် ဖြစ်နိုင်ပါသည်)
  • လုံလောက်စွာအနားယူမှုမရှိခြင်း ၊ စိတ်ဖိစီးမှုများခြင်း
  • သားဥအိမ်အရည်အိတ်တည်ခြင်းကဲ့သို့ ဟော်မုန်းပြောင်းလဲမှုနှင့် ဆက်စပ်နေတဲ့ ရောဂါများ
  • စတီးရွိုက်ပါသောဆေးဝါးများအပါအဝင် တချို့သောဆေးများ
  • လေထုညစ်ညမ်းမှု

လူကြိုက်အများဆုံး ဝက်ခြံကုသမှုပုံစံများ

  • Clindamycin ၊ Erythromycin နှင့် Metronidazole ကဲ့သို့ ဘတ်တီးရီးယားတိုက် ဖျက်ဆေးများနှင့် ရောင်းရမ်းမှုသက်သာစေသောဆေးဝါးများ
  • Tretinoin နှင့် Adapalene ကဲ့သို့ ဗီတာမင် A ကိုအခြေခံထုတ်လုပ်ထားပြီး ဆဲလ်များကိုပြန်လည်မွေးဖွားကာ ဝက်ခြံရောင်ရမ်းခြင်းကိုလျှော့ချပေးသည့် ဆေးဝါးများ
  • Benzol peroxide နှင့် Azelaic acid အပါအဝင် ဘတ်တီးရီးယားများကို တိုက်ထုတ်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျှော့ချပေးသည့် ဆေးဝါးများ
  • Tetracycline, Doxycycline, Erythromycin, Clindamycin ကဲ့သို့ ပိုးသတ်ဆေး များ ၊ ကလေးမွေးဖွားမှုကိုထိန်းချုပ်ပေးတဲ့ ဆေးကဲ့သို့ ဟော်မုန်းဆေးများနှင့် Isotretinoin အပါအဝင် ဗီဝါမင် A ကိုအခြေခံထုတ်လုပ်ထားသည့်ဆေးဝါးများ
  • Triamcinolone Acetonide ကဲ့သို့ စတီးရွိုက်ထိုးဆေးများ ( ပြင်းထန်တဲ့ ဝက်ခြံ အခြေအနများတွင်သာအသုံးပြု)

ယနေ့ခေတ်မှာတော့ ဝက်ခြံကုသရာမှာ လေဆာကုထုံးနှင့် တခြားသောနည်းပညာ များကိုပါအသုံးပြုလာကြပြီဖြစ်ပါတယ်

ယနေ့ခေတ်မှာ အသုံးပြုကြတဲ့ လေဆာကုထုံးပုံစံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Omnilux Blue , Omnilux Revive 2 အပါအဝင် ဘတ်တီးရီးယားများကို ဖျက်စီးပြီး ရောင်ရမ်းမှုကိုလျှော့ချကာ အရေပြားအဆီပမာဏကို ထိန်းသိမ်းပေးတဲ့ Omnilux Light Therapy

  • အရေပြားအမည်းကွက်များကိုလျှော့ချပေးတဲ့ V Beam နှင့် အညိုကွက် များကို လျှော့ချပေးနိုင်တဲ့ Pico Laser ( ဒီနည်းလမ်းနှစ်မျိုးစလုံးဟာ အများအားဖြင့် တစ်ခုနဲ့ တစ်ခုတွဲပြီးလုပ်ဆောင်လေ့ရှိပါတယ်။

Harmony AcnePro ဆိုတဲ့ ကုသမှုနည်းလမ်းကတော့ နည်းပညာအသစ်အဆန်း တစ်ခုဖြစ်ပြီး ဝက်ခြံကြောင့်ပျက်စီးနေတဲ့အရေပြားကိုကုသရာမှာ အသုံးပြုပါတယ်

အဆိုပါလေဆာကုထုံးပုံစံသစ်မျိုးဟာ အောက်ဖော်ပြပါလေဆုံပုံစံ (၂) မျိုးကို အသုံးပြုပြီးလုပ်ဆောင်ပါတယ်။

  • Fractional Erbium Glass 1540nm Lasers အရေပြားအောက်တစ်ရှူးလွှာ အထိထိုးဖောက်ဝင်ရောက်ပြီး အရေပြားအပေါ်အလွှာကို ထိခိုက်မှုမရှိရလေ အောင် ပြုပြင်ပေးပါတယ်။  အဆိုပါကုသမှုနည်းလမ်းမှာ ကုသမှုခံယူသူ အတွက် ပိုပြီးသက်သောင့်သက်သာဖြစ်အောင် အထောက်အကူပြုတဲ့ အအေးပေး စနစ် တစ်ခုပါဝင်ပြီး နာကျင်ရောင်ရမ်းမှုများကို လျှော့ချပေးပါတယ်။ ဒါကြောင့် ဖောင်းကားပြီးအရွယ်အစားကြီးများတဲ့ ချွေးပေါက်များကို ထိထိရောက်ရောက် ကုသပေးကာ အဖုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ချက်ဖြစ်တဲ အရေပြား အဆီဂလင်းလုပ်ဆောင်မှုကို လျော့နည်းစေပါတယ်။
  • Fractional Erbium Yag 2,940nm Lasers ဟာ သေးငယ်တဲ့လေဆာ အမျိုးအစားဖြစ်ပြီး အရေပြားအောက်တစ်ရှူးလွှာအတွင်းဆုံးအထိ ထိုးဖောက်ကာ ထိုးဖောက်လိုက်တဲ့နေရာကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိစေဘဲ ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ကော်လဂျင်ပမာဏများခြင်း ဟာ ဝက်ခြံအမာရွတ်များ ၊ သာမန်အမာရွတ်များ ၊ အရေးအကြောင်းများကို ကုသရာမှာ လွန်စွာထိရောက်ပြီး အလွှာလိုက်ကွာကျအောင်လှုံ့ဆော်ပေးကာ အရေပြားကိုပြန်လည်ဖြည့်တင်းပေးတာကြောင့် ကုသမှုခံယူသူကို ပိုမိုငယ်ရွယ်သွားတယ် ထင်ရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Pro လေဆာကုထုံးနဲ့ဘယ်လိုလက္ခဏာတွေကို ကုသပေးနိုင်သလဲ?

  • ရောင်ရမ်းနေတဲ့ဝက်ခြံများ ၊ ချွေးပေါက်ပိတ်ခြင်း ၊ အသက်ငယ်သူများမှာ ဖြစ်လေ့ ရှိတဲ့ဝက်ခြံပုံစံအမျိုးမျိုး
  • မျက်နှာအမာရွတ် (သို့) ဝက်ခြံအမာရွတ်
  • အဆီပြန်တဲ့အသားအရေနဲ့ အရွယ်အစားကြီးတဲ့ချွေးပေါက်များ
  • အရေးအကြောင်းများနှင့် အရေပြားပေါ်မှာဖြစ်တဲ့အဖုများ
  • အဆီအိတ်ကြောင့်ဖြစ်တဲ့ ပြည်ဖုများ

ဝက်ခြံကို ဆေးဝါး ၊ လေဆာ များအသုံးပြု ကုသခြင်းအပြင် ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းအဖြေကို ပေးစွမ်းတဲ့ ဘဝနေထိုင်မှုပုံစံများအတိုင်း လိုက်နာနေထိုင် သင့်ပါတယ်။

  • ကစီဓာတ်များတဲ့အစားအစာများ ၊ အချိုကဲတဲ့အစားအစာများ ၊ နို့ကိုအခြေခံ ထုတ်လုပ်တဲ့အစားအစာများ ၊ ဆီဝနေအောင်ကြော်ထားတဲ့အစားအစာများ ကို ရှောင်ကျဉ်ပြီး အစာချေစနစ်ကိုကောင်းမွန်စေဖို့ အမျှင်ဓာတ်ပါတဲ့အစားအစာများ ကို များများစားပေးပါ။
  • ဝက်ခြံတွေပွားလာတဲ့အချိန်မှာ Moisturizers နဲ့ Sun Cream မလိမ်းပါနဲ့။ မဖြစ် မနေသုံးရမယ်ဆိုရင် ဝက်ခြံထွက်နေတဲ့နေရာများကိုမလိမ်းပါနဲ့။ SPF မြင့်မားစွာပါဝင်တဲ့ Sun Cream များဟာ ချွေးပေါက်များကို အလွယ်တကူ ပိတ်ဆို့စေတာကြောင့် မသုံးသင့်ပါဘူး။
  • ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အနားယူအိပ်စက်ချိန် ရှိစေဖို့ ညစဉ် ည (၁၁) နာရီထက်နောက်မကျစေဘဲ အိပ်ပါ။
  • စိတ်ဖိစီးမှုရှိခြင်းဟာလည်း ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်းတစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ယုံကြည်ရတဲ့သူတွေဆီမှာ ရင်ဖွင့်ခြင်း ၊ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း ၊ လုံလောက်စွာအနားယူခြင်း ၊ စိတ်ဖိစီးမှုပြေပျောက် စေတဲ့ လုပ်ဆောင်မှုများလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်သင့်ပါတယ်။
  • ဝက်ခြံရောင်နေချိန်(အနီရောင်ဖုထနေချိန်) လက်နဲ့ထိကိုင်မိခြင်းဟာ သေရာပါအမာရွတ်ဖြစ်စေနိုင်တာကြောင့် ဝက်ခြံဖုများကို လက်နဲ့ မကိုင်မိစေရန် အရေးကြီးပါတယ်။

ဝက်ခြံကိုကုသဖို့နည်းလမ်းအများကြီးရှိပေမယ့် နည်းလမ်းတိုင်းဟာ လူတိုင်းနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် သင့်မှာ ဒီလိုမျိုး အရေပြားပြဿနာတွေရှိနေပြီဆိုရင် ကိုယ့်အရေပြားရဲ့ အခြေအနေကို သေချာဆန်းစစ်ပြီး သီးသန့်လိုအပ်ချက်အပေါ် မူတည်တဲ့ နည်းလမ်းများပေးစွမ်းနိုင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင် ဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ ဝက်ခြံပြဿနာကို အဆုံးသတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။