သိုင်းရွိုက်လူနာများအတွက် အမာရွတ်မကျန်စေတဲ့နောက်ဆုံးပေါ်ခွဲစိတ်ကုသမှု

သိုင်းရွိုက်လူနာများအတွက် အမာရွတ်မကျန်စေတဲ့နောက်ဆုံးပေါ်ခွဲစိတ်ကုသမှု

သိုင်းရွိုက်ရောဂါပြဿနာဟာ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးများမှာ အများဆုံး ဖြစ်ပွား တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကို ခွဲစိတ်ကုသ မယ်ဆိုရင် လည်ပင်းမှာကျန်ရှိခဲ့မယ့် အမာရွတ်ဟာ သိသာတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အချက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အမာရွတ်မကျန်စေတဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ ခွဲစိတ်ကုသမှုနည်းလမ်း ရှိနေပြီဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ပါးစပ်ကနေတစ်ဆင့် ခွဲစိတ်ကုသမှုကို လုပ်ဆောင်ရတာဖြစ်ပြီး ထိုင်းလူမျိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများဟာလည်း ဒီနည်းလမ်းနဲ့ ပတ်သက်ရင် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုရလောက်တဲ့အထိ ကျွမ်းကျင်ကြပါတယ်။

 

သိုင်းရွိုက်ဂလင်းဆိုတာဘာလဲ?

သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ဘက်ခြမ်း အောက်ပိုင်း၊ အမျိုးသားများမှာရှိတဲ့လည်စိအောက်ပိုင်း လေပြွန် နဲ့နီးကပ်တဲ့ နေရာမှာ လိပ်ပြာတောင်ပံပုံစံရှိနေတာဖြစ်ပါတယ်။ သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်၊ ခန္ဓာကိုယ်အပူချိန်၊ ဖွံ့ဖြိုးကြီးထွားမှု စတာတွေကို ထိန်းချုပ်လွှမ်းမိုးတဲ့  ဟိုမုန်း များကို ထုတ်လုပ်ပေးပါတယ်။

သိုင်းရွိုက်ပုံမှန်မဟုတ်ခြင်း

သိုင်းရွိုက်ပုံမှန်မဟုတ်ခြင်းဟာ အိုင်အိုဒင်းချို့တဲ့မှု (သို့) သိုင်းရွိုက်ဟိုမုန်းလိုတာထက် ပိုပြီးထုတ်လုပ်ခြင်းကဲ့သို့သော သိုင်းရွိုက်ဟိုမုန်း လုပ်ဆောင်ချက်လွဲမှားခြင်း ၊ သိုင်းရွိုက်အလွန်အကျွံအလုပ်လုပ်ခြင်း၊ သိုင်းရွိုက်ထုတ်လုပ်မှုလျော့နည်းခြင်း စတဲ့ အကြောင်း အရင်းများကြောင့်ဖြစ်ပွားရတာပါ။ ဒီလိုအခြေအနေကို ဆေးဝါး၊ ခွဲစိတ်ကုသမှု စတဲ့နည်း လမ်းတွေနဲ့ ကုသလို့ရသလို Radioactive Iodine ခေါ် ဓာတ်ရောင်ခြည် ကုထုံး နည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။ တခြားသော သိုင်းရွိုက်မူမမှန်မှုများဟာ အစိုင်အခဲ(သို့)အဖုအလုံးအပါအဝင် ခန္ဓာဗေဒ ကြောင့်ဖြစ်ပွားနိုင်ပါတယ်။ ဒါဟာ ကင်ဆာကျိတ်မဟုတ်ပေမယ့်လည်း နောက်ပိုင်းမှာ ကင်ဆာဖြစ်လာနိုင်တဲ့ အဖုအကျိတ်ဖြစ်နိုင်သလို သိုင်းရွိုက်ဂလင်းတစ်ခုလုံးမှာ အဖု အကျိတ်မဖြစ်ဘဲ ကြီးလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်မူမမှန်မှုတွေကိုဘယ်လိုကုသနိုင်သလဲ?

သိုင်းရွိုက်ကုသမှုတွေဟာ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ပြသတဲ့ လက္ခဏာ အပေါ်မှာမူတည်ပါတယ်။ သိုင်းရွိုက်အလန်အကျွံအလုပ်လုပ်ခြင်း (Hyperthyroidism) ကို ဆေးဝါးများနဲ့ ကုသလို့ရနိုင်သလို Radioactive Iodine လို့ခေါ်တဲ့ ဓာတ်ရောင်ခြည် ကုထုံးတစ်မျိုးနဲ့လည်း ကုသလို့ရပါတယ်။ တကယ်လို့ ဆေးသောက်နေလျက်နဲ့ သိုင်းရွိုက် ကြီးထွားမှုက ကျုံ့မသွားဘူးဆိုရင် ကြီးထွားလာတဲ့ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ကုသမှုနည်းလမ်းနဲ့ ဖယ်ရှားနိုင်ပါတယ်။ တကယ်လို့ ဒါကို မကုသဘဲထားလိုက်မယ်ဆိုရင် သိုင်းရွိုက်ဟာ (သေးငယ်သွားနိုင်တဲ့ အခြေအနေရှိသည့်တိုင်) ကင်ဆာဖြစ်လာနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ အလှအပ ရေးရာအတွက် ခွဲစိတ်ကုသမှုကို လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့်လည်း လူနာတစ်ဦးချင်းစီအတွက် ရွေးချယ်လိုက်တဲ့ ကုသမှုနဲ့ ခွဲစိတ်မှုနည်းလမ်းများဟာ ဆရာဝန်ရဲ့ ရောဂါရှာဖွေမှု အပေါ်မှာ မူတည်ပါတယ်။

 

အမာရွတ်မကျန်တဲ့ သိုင်းရွိုက်ခွဲစိတ်ကုသမှု

သမားရိုးကျနည်းလမ်းအားဖြင့် သိုင်းရွိုက်ရောဂါပြဿနာများကို ခွဲစိတ်ကုသရာမှာ လည်ပင်းကိုအလျားလိုက်ခွဲပြီးလုပ်ဆောင်တဲ့ သာမန်ခွဲစိတ်ကုသမှုနည်းလမ်း နဲ့ ကုသလေ့ရှိကြပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုပြီးတဲ့အခါ လူနာရဲ့ လည်ပင်းမှာ သိသာထင်ရှားတဲ့ အလားလိုက် အမာရွတ်ကြီးကျန်နေခဲ့ပါတယ်။  ပြီးခဲ့တဲ့ (၁၀)နှစ်မှာ ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသမှုနည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။။ ဒီခွဲစိတ်မှုဟာ ချိုင်းကြား (သို့) နို့သီးခေါင်းမှာ အနည်းငယ်သာခွဲပြီး လုပ်ဆောင်ရတာကြောင့် လည်ပင်းမှာကျန်ခဲ့တဲ့ အမာရွတ်လို ထင်သာမြင်သာမရှိတော့ပါဘူး။ ချိုင်းကြားမှာ အနည်းငယ်သာခွဲစိတ်ရတဲ့နည်းလမ်းကို လူတွေ ပိုပြီးအသုံးများပေမယ့် လည်း ကန့်သတ်ချက်တွေ ရှိနေပြန်ပါတယ်။ ချိုင်း နဲ့ သိုင်းရွိုက်ဂလင်းကြားမှာရှိတဲ့ အကွာအဝေးရှည်လျားတာကြောင့် ခွဲစိတ်ရတာ ခက်ခဲပါတယ်။ တကယ်လို့ သိုင်းရွိုက် ဂလင်းနှစ်ဖက်စလုံးကို ဖယ်ရှားပစ်ဖို့လိုတယ်ဆိုရင် ချိုင်းနှစ်ဖက်စလုံးမှာ ခွဲစိတ်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူတိုင်းအတွက် ကြိုက်နှစ်သက်စေမယ့်နည်းလမ်းတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသမီတချို့ဟာ လက်အရှည်မပါတဲ့ ချိုင်းပြတ် အင်္ကျီတွေဝတ်ဆင်တဲ့အခါ ချိုင်းကြားက အမာရွတ်ကို အများမြင်မှာ မလိုလားကြပါ ဘူး။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ခွဲစိတ်ကုသမှုကို ထပ်မံ တိုးတက်အောင်လုပ်ဆောင်ခဲ့ ပြီး အောက်နှုတ်ခမ်းအတွင်းဘက် ပါးစပ်ထဲကနေ ခွဲစိတ်တဲ့ နည်းလမ်းကို ထပ်မံ ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း အရေပြားပေါ်မှာ အမာရွတ် မဖြစ် စေတာ့ပါဘူး။  ဒါပေမယ့်ဒီနည်းလမ်းဟာ အရည်အသွေးပြည့်ဝတဲ့ ခွဲစိတ်အထူးကု ဆရာဝန်ရဲ့ ကျွမ်းကျင်မှုကို လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ဘန်ကောက်မြို့Police General Hospital မှာရှိတဲ့ ခွဲစိတ်ဆရာဝန်ကြီး များအဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ အမာရွတ်မကျန်စေတဲ့ ပထမဆုံး Transoral Endoscopic Thyroidectomy (TOETVA) ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းဟာ ထိရောက်မှုရှိပြီး နောက်ဆက်တွဲပြဿနာ အနည်းငယ်သာလျှင် ရှိပါတယ်။ TOETVA ရဲ့ ရလဒ်ဟာလည်း ပုံမှန်ကုသမှုနည်းလမ်းရလဒ်များနဲ့ အလားတူ ပဲဖြစ်ပါတယ်။ အဆိုပါခွဲစိတ်ကုသမှုနည်းလမ်းကို အားလုံးကအသိအမှတ်ပြုလက်ခံပြီး ကမ္ဘာတစ်ဝန်းမှာလည်း လုပ်ဆောင်ကြပါတယ်။

Transoral Endoscopic Thyroidectomy ရဲ့အားသာချက်များ

  • ပြင်ပအရေပြားနေရာများမှာ ခွဲစရာမလိုဘဲ အောက်နှုတ်ခမ်းနဲ့ အောက်သွားဖုံး မှာသာ ခွဲစိတ်ဖို့လိုတာကြောင့် သိသာထင်ရှားတဲ့အမာရွတ် မကျန်ရှိခြင်း
  • အခြားရှိနေတဲ့ ခွဲစိတ်ကုသမှုနည်းလမ်းများနဲ့ယှဉ်ရင် နောက်ဆက်တွဲပြဿနာ လွန်စွာနည်းပါးခြင်း
  • အမာရွတ်မကျန်ဘဲသက်သာချိန်ပိုမိုမြန်ဆန်ခြင်း
  • တခြားသော ကိရိယာသုံးခွဲစိတ်မှုများနဲ့ယှဉ်ရင် သိုင်းရွိုက်ဂလင်းနဲ့ကွာဝေးမှု အတိုဆုံးမှုရှိပြီး နောက်ဆက်တွဲပြဿနာနည်းပါးခြင်း
  • တခြားနေရာများမှာခွဲစရာမလိုဘဲသိုင်းရွိုက်ဂလင်းနှစ်ဖက်စလုံးကို ဖယ်ရှားနိုင်ခြင်း
  • သွေးထွက်နည်းခြင်း
  • နာကျင်မှုနည်းပါးပြီးပိုမိုမြန်ဆန်တဲ့အချိန်တိုအတွင်းသက်သာလာခြင်း
  • အဆိုပါနည်းလမ်းဟာ လေပြွန်နဲ့အပြိုင်ရှိနေတဲ့ နှစ်ဖက်စလုံးက အသံအိုးနာ့ဗ် ကြောများအပေါ်မှာ ခွဲစိတ်ဖို့ အကောင်းဆုံးနေရာမှာရှိနေတာကြောင့် အသံအိုးကို ထိခိုက်မှုမရှိခြင်း
  • ခွဲစိတ်ကုသချိန်တိုတောင်းခြင်း ( ခန့်မှန်း (၁)နာရီမှ (၁)နာရီခွဲ )
  • နောက်တစ်ရက်မှာရေကိုတဖြည်းဖြည်းစုပ်သောက်နိုင်ပြီး အစာပျော့များကို စားနိုင်ခြင်း
  • ချုပ်ရိုးဟာပျော်ဝင်သွားတာကြောင့် ချုပ်ရိုးဖယ်ရှားဖို့မလိုခြင်း

Transoral Endoscopic Thyroidectomyရဲ့ ကန့်သတ်ချက်များ

Transoral Endoscopic Thyroidectomy နည်းလမ်းနဲ့ခွဲစိတ်ဖို့အတွက် အဖုအက်ျိတ် ဟာ (၆) စင်တီမီတာထက် ပိုကြီးလို့မရသလို သိုင်းရွိုက်ဟာလည်း အကောင်းအတိုင်း လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ တကယ်လို့ အဖုအကျိတ်က ပိုမိုကြီးမားတဲ့အရွယ်အစား ရှိ နေမယ်ဆိုရင် ခွဲစိတ်မှုဟာ ပိုမိုခက်ခဲပြီး အောင်မြင်စွာခွဲစိတ်နိုင်ဖို့ အခွင့်အရေးနည်းပါ တယ်။ တကယ်လို့ သိုင်းရွိုက်လုပ်ဆောင်မှုလွဲမှားနေမယ်ဆိုရင် ဆရာဝန်မှ ပိုမိုသင့် လျော်တဲ့ ကုသမှုနည်းလမ်းကို ညွှန်ကြားမှာဖြစ်ပါတယ်။

မခွဲစိတ်ခင်နဲ့ခွဲစိတ်အပြီးဘာတွေလုပ်ရမလဲ

ခွဲစိတ်ကုသမှုမတိုင်ခင်မှာ လူနာများအနေနဲ့ ပုံမှန်အတိုင်းစားလို့သောက်လို့ရပါ တယ်။ ဒါပေမယ့် လူနာအနေနဲ့ ငါးအဆီစားတာကိုတော့ရှောင်ရပါမယ်။ ဘာလို့လဲဆို တော့ ငါးအဆီဟာ သွေးအလွန်အကျွံထွက်ခြင်းကိုဖြစ်စေလို့ပါ။ ဒါ့အပြင် အအေးမိ နေတဲ့လူနာတွေကို မေ့ဆေးပေးလို့မရတာကြောင့် လူနာဟာ အအေးမမိဖို့ကိုလည်း ကြိုးစားရှောင်ကျဉ်ရပါမယ်။ ခွဲစိတ်မှုအပြီး ပထမဆုံး (၂၄)နာရီအတွင်း လူနာဟာ ရေကိုစုပ်သောက်နိုင်ပြီး နောက်တစ်နေ့မှာ အစာပျော့ပျော့စားလို့ရပါပြီ။ ဆက်လက်စောင့်ကြည့်ဖို့အတွက် လူနာအနေနဲ့ဆေးရုံမှာ (၃)ရက်ကနေ (၄)ရက်အထိ နေဖို့လိုပြီး နောက်ဆက်တွဲ ပြဿနာမရှိတော့ဘူးဆိုရင် အိမ်ပြန်နိုင်ပါပြီ။ လူနာအနေနဲ့ ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာဖို့အနားယူနေတဲ့အချိန်အတွင်း မှာ သွေးထွက်နိုင်ခြေကို လျှော့ချဖို့အတွက် ချောင်းဆိုးခြင်း ၊ သလိပ်ထွေးထုတ်ခြင်း များကို ရှောင်ရှားရပါမယ်။ အဲဒီနောက် လူနာအနေနဲ့ ပုံမှန်လုပ်ဆောင်မှုများကို ပြန်လုပ် လို့ ရပြီဖြစ်ပါတယ်။

“ ပါးစပ်ကနေခွဲရပြီး အမာရွတ်မကျန်စေတဲ့ သိုင်းရွိုက်ခွဲစိတ်ကုသမှုနည်းလမ်းဟာ အံ့ဩစရာကောင်းလောက်အောင် ဘဝနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးပြီး သိုင်းရွိုက်ရောဂါလူနာတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ကိုလည်း မြင့်မားစေခဲ့ပြီ ဖြစ်ပါတယ်။ လူတွေက အခုဆိုရင် ကျန်းမာရေးအသိရှိလာကြပြီဖြစ်ပါတယ်။ တကယ်လို့ တွေ့ရှိရတဲ့ အဖုအကျိတ် ဟာ အရမ်းမကြီးဘူးဆိုရင် အမာရွတ်မကျန်တဲ့ ဒီနည်းလမ်းကို အသုံးပြုပြီး ပိုမိုဘေးကင်းလွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ ”

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။