ပြင်းထန်ပြီး အခံရခက်လှတဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ

ပြင်းထန်ပြီး အခံရခက်လှတဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာခံစားရမှုမှာ အမျိုးသမီးတွေဟာ အမျိုးသားများထက် ၃ ဆ ပိုပါတယ်။ များသောအားဖြင့် ဓမ္မတာ လာခါနီး နဲ့ လာပြီးသွားတဲ့အချိန်မျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့ကာလအတွင်း နဲ့ သွေးဆုံးပြီးသူတွေမှာ ဒီဝေဒနာဟာ ပျောက်ကင်းနေတတ်ပါတယ်။
  • စိတ်ဖိစီးမှု နဲ့ အိပ်စက်မှု ပုံမမှန်ခြင်းတွေကလည်း မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဘယ်လောက်ပြင်းပြင်း ကိုက်သလဲဆိုတဲ့အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။
  • ဦးနှောက်ကို သံလိုက်စက်ကွင်းနဲ့ နှိုးဆွပေးခြင်းကုထုံး (TMS) ကို အသုံးပြုပြီးတော့ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ ဝေဒနာကို ကာကွယ်နိုင် / သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းထဲ အပြင်းအထန်ကိုက်နေတာကို Migraine (မိုင်ဂရိန်း) လို့ ခေါ်ပါတယ်။ ကိုက်တိုင်းလည်း တစ်ဖက်တည်းချည်းပုံမှန် ကိုက်လေ့ရှိပြီး ပျို့တက်လာခြင်းနဲ့ အန်ခြင်းတို့ နောက်ဆက်တွဲ ဖြစ်လာပါတယ်။  တစ်ချို့ အသံ နဲ့ အလင်းရောင်တွေကို မခံနိုင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။ တစ်ခါကိုက်ရင် တစ်နာရီလောက်ကြာတတ်ပါတယ်။   တစ်ချို့ဆိုရင် သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝကိုတောင် ထိခိုက်လာတဲ့အထိ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို ခံစားနေကြရပါတယ်။

မကုဘဲထားမယ်ဆိုရင် ပိုဆိုးလာပြီး ကိုက်တဲ့အကြိမ်အရေအတွက်လည်း ပိုလာပါမယ်။ ဆေးတွေရှိပေမယ့် ကြာလေ ဆေးမတိုးတော့လေလည်း ဖြစ်တတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာအကြောင်းရင်းများ

ခေါင်းတခြမ်းကိုက်တယ်ဆိုတာ ဦးနှောက်ရဲ့ အပြင်ဘက်အခြမ်းမှာရှိတဲ့ အာရုံကြောစနစ်မှာ မူမမှန်မှုတစ်ခုခု ရှိနေလို့ ဖြစ်တာ ဖြစ်ပါတယ်။ သွေးထဲမှာ ဓာတုပစ္စည်းတစ်ခုခုပါဝင်နေလို့ အဲဒီအာရုံကြောလေးတွေ ရောင်လာတာ၊ ကျယ်လာတာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။

ဦးနှောက်အပေါ်မှာ ဖိအား ဘယ်လောက်ပြင်းသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ခေါင်းတစ်ခြမ်းကိုက်ရခြင်းအကြောင်းရင်း နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

  • မျိုးရိုး ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ မျိုးရိုးရှိရင် ကိုယ့်မှာလည်း ဖြစ်လာတတ်ပါတယ်။
  • အသက်အရွယ်: အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်တတ်တယ်ဆိုပေမယ့် များသောအားဖြင့် အသက် ၂၅ နဲ့ ၄၅ ကြားတွေမှာ အဖြစ်များပါတယ်။
  • ကျား/မ အမျိုးသမီးတွေဟာ အမျိုးသားများထက် ၃ ဆ ပိုပါတယ်။
  • ဟိုမုန်းပြောင်းလဲမှုများ : အမျိုးသမီးတွေ များသောအားဖြင့် ဓမ္မတာ လာခါနီး နဲ့ လာပြီးသွားတဲ့အချိန်မျိုး တွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့ကာလအတွင်း နဲ့ သွေးဆုံးပြီး သူတွေမှာ ဒီဝေဒနာဟာ ပျောက်ကင်းနေတတ်ပါတယ်။
  • သားဆက်ခြားဆေးများ : သားဆက်ခြားဆေးတွေဟာ ဟိုမုန်းကို ပြောင်းလဲပေးတဲ့ ဆေးတွေဖြစ်တာမို့လို့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာကို ပိုဆိုးစေပါတယ်။ ဒါပေမယ့် တစ်ချို့ အမျိုးသမီးတွေမှာ ဒီဆေးတွေကြောင့် သက်သာလာတာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။
  • အစားအသောက်နဲ့ ပါဝင်ပစ္စည်းတစ်ချို့ : အချိုမှုန့်၊ ဟင်းခတ်အရသာမှုန့်တွေ၊ ချီးစ်၊ ဝိုင်၊ ချော့ကလက်၊ ကော်ဖီ လက်ဖက်ရည် စတာတွေကြောင့်လည်း တစ်ချို့ ဖြစ်ကြပါတယ်။
  • အာရုံနှိုးဆွမှုများ : တစ်ချို့ အလင်းရောင်စူးစူးတွေ၊ အသံစူးစူးတွေ၊ အနံ့ပြင်းပြင်းတွေ၊ ဆေးလိပ်မီးခိုးနံ့ စတာတွေ ရတဲ့အခါမျိုးတွေမှာလည်း ကိုက်လာတတ်ပါတယ်။
  • စိတ်ဖိစီးမှုနဲ့ ပုံမမှန်အိပ်စက်မှု: စိတ်ဖိစီးမှု နဲ့ အိပ်စက်ပုံမမှန်မှုတွေကလည်း မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဘယ်လောက်ပြင်းပြင်း ကိုက်သလဲဆိုတဲ့အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။

     

လက္ခဏာများ

  • ဦးခေါင်းရဲ့ တစ်ဖက်ဖက်မှာ ကိုက်ခဲနေတာဖြစ်ပါတယ်။ တစ်ချို့ နှစ်ဖက်လုံး ကိုက်နေတတ်ပါတယ်။ များသော အားဖြင့်တော့ တစ်ဖက်ထဲကိုပဲ ထပ်ခါထပ်ခါ ကိုက်ခဲတတ်ပါတယ်။
  • လှုပ်ရှားမှုရှိရင် ပိုကိုက်တတ်ပါတယ်။
  • အသံစူးစူးကြီးကြားရရင်၊ အလင်းရောင်စူးစူးကြီးကြည့်လိုက်မိရင်၊ အနံ့ပြင်းပြင်းကြီး ရလိုက်ရင် ပိုဆိုးလာတတ်ပါတယ်။
  • ပျို့တက်လာပြီး အန်တတ်ပါတယ်။

ဘယ်လိုခေါင်းကိုက်မှုမျိုးဟာ ဆရာဝန်နဲ့ ဆွေးနွေးသင့်သလဲ။

ခေါင်းတစ်ခါကိုက်ရင် ၄ နာရီကနေ ၇၂ နာရီအထိတောင် ကြာတတ်ပါတယ်။ ဘယ်လောက်ခဏခဏ ဖြစ်သလဲ ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။  ဒါပေမယ့် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်ကို ထိခိုက်လောက်တဲ့အထိဖြစ်လာပြီဆိုရင်၊ ဒါမှမဟုတ် အောက်ပါအခြေအနေတွေ တစ်ခုခု ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

  • ရုတ်တရက်ကြီး ခေါင်းထဲမှာ ထိုးကိုက်လာတာ။ ခေါင်းထဲမှာ လျှပ်စစ်ဓာတ်လိုက်သလို ဖြစ်သွားတာ။
  • ဖျားတာနဲ့ယှဉ်ပြီးခေါင်းကိုက်တာ။ ပါရာစီတမောဆေးမျိုးလောက်နဲ့ မပျောက်တော့တာ။
  • ကြာရှည် ခေါင်းကိုက်နေတာ။ ချောင်းဆိုးတဲ့အခါ နှာချေတဲ့အခါတို့ ရုတ်တရက် လှုပ်လိုက်တဲ့အခါတို့ မှာ ပိုဆိုးလာတာ။
  • ကိုယ်တစ်ခြမ်းမှာ အားနည်းသလိုဖြစ်လာတာ၊ ပါးစပ်ရွဲ့လာတာ၊ စကားပြောဖို့ခက်လာတာ၊ တစ်ကိုယ်လုံး ထုံကျဉ်လာတာ။
  • အမြင်တွေ ဝေဝါးလာတာ၊ မျက်လုံးထဲမှာ အမည်းအစက်အပြောက်တွေဘာတွေ မြင်လာတာ။

ကုသခြင်း

ကုသခြင်းနဲ့ပတ်သက်လို့ကတော့  ကိုက်တဲ့အချိန်မှာ အမြန်သက်သာစေတဲ့ကုထုံးနဲ့ ဖြစ်မလာအောင်ကိုတင်ကာကွယ်နိုင်တဲ့ကုထုံးဆိုပြီး ၂ မျိုး ခွဲထားနိုင်ပါတယ်။ ဆက်ဖတ်ကြည့်ပါအုန်း။

ချက်ချင်းသက်သာစေသော ကုထုံးများ

  • စတီးရွိုက်ပါတဲ့ဆေးများ၊  NSAIDS စတဲ့ အကိုက်အခဲပျောက်ဆေးများ၊ ကိုက်ခဲမှုနဲ့ နာကျင်စေမှု အထွေထွေကို သက်သာစေတဲ့ဆေးများ စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးတွေသောက်လို့ ခေါင်းကိုက်နေတာလည်း ဖြစ်နိုင်သလို အစာအိမ်တို့ ဘာတို့ အတွက်ကိုလည်း သတိထားရမှာဖြစ်ပါတယ်။
  • အအန်သက်သာစေတဲ့ဆေးတို့ ဘာတို့ကလည်း ခေါင်းကိုက်နေစဉ်မှာ ပျို့အန်ခြင်းကနေ သက်သာစေပါတယ်။   

ကြိုတင်ကာကွယ်ထားခြင်း

  • ကာကွယ်ဆေးများ - သွေးတိုးကျဆေးများ၊ တက်ခြင်းနဲ့ပတ်သက်တဲ့ဆေးများ၊ စိတ်ကျခြင်းနဲ့ပတ်သက်တဲ့ ဆေးများ စတဲ့ဆေးတွေအပြင် လူနာအတွက်အခြားလိုအပ်လို့ သီးသန့်ပေးရတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ နေ့စဉ်မှန်မှန် သောက်ရမှာဖြစ်ပါတယ်။
  • ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုကာကွယ်တဲ့ Botox ထိုးခြင်း -  ၂၀၁၀ လောက်ကတည်းက US FDA က ဒီနည်းကို ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက ခေါင်းကိုက်ခြင်းကို ကုတဲ့စင်တာတွေမှာ ထိုးလို့ ရနိုင်နေပြီ ဖြစ်ပါတယ်။ Botox  ထိုးဆေးတွေ ထိုးပေးလိုက်ခြင်းအားဖြင့် ကြွက်သားတွေကို ပြေလျော့စေပြီး ဗဟိုအာရုံကြောစနစ်ကနေ ဦးနှောက်ကို နာကျင်အချက်ပြမှုတွေ ပေးပို့နေတာကို ရပ်ဆိုင်းထားနိုင်စေပါတယ်။ ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းဝေဒနာကို လျှော့ချပေးနိုင်တဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။
  • Transcranial magnetic stimulation သံလိုက်လှိုင်းတွေအသုံးပြုပြီးနှိုးဆွတဲ့ကုထုံး (TMS) ဆိုတာကလည်း US FDA  ခွင့်ပြုထားတဲ့ ကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။ နာကျင်မှု မရှိလို့ ထုံဆေးတို့ မေ့ဆေးတို့လည်း မလိုပါဘူး။ မိနစ် ၃၀ ကနေ ၆၀ အတွင်းသာကြာမှာမို့လို့ ပြင်ပလူနာအနေနဲ့ပဲ ကုသရုံပါပဲ။ ဆေးရုံတက်စရာ မလိုပါဘူး။ ဆက်တိုက်ဖြစ်နေရင်လည်း ထပ်ခါထပ်ခါ ကုသလို့ ရပါတယ်။
  • လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း ဖြင့်လည်း သက်သာစေပါတယ်။
  • တရားရှုမှတ်ခြင်း ဟာလည်း သက်သာစေတဲ့နည်းတစ်ခု ဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာဟာ ပြင်းထန်လို့ အခံရခက်တဲ့အပြင် နာတာရှည်ဖြစ်နိုင်သလို ဖြစ်လိုက် ပျောက်လိုက်လည်း ဖြစ်နေနိုင်ပါတယ်။ လူနာအနေနဲ့ မိမိခေါင်းကိုက်ခြင်းကို ဖြစ်လာစေမယ့် အကြောင်းရင်းတွေကို သတိထားပြီး ရှောင်ရှားစေချင်ပါတယ်။  ဒါ့အပြင် အိပ်ရေးဝအောင်အိပ်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း နဲ့ စိတ်ဖိစီးမှု လျှော့ချခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။

ခေါင်းတွေ စ ကိုက်ချင်လာပြီဆိုရင် အလင်းရောင်နည်းပြီး တိတ်ဆိတ်တဲ့အခန်းထဲမှာ မျက်လုံးလေး မှိတ်ထားပြီး ခဏလောက်  အိပ်နေလိုက်ပါ။ ခေါင်းကိုက်နေတဲ့နေရာကို သာသာလေး နှိပ်ပေးခြင်း၊ လည်ပင်းတစ်ဝိုက်ကို အအေးလည်း ကပ်ပေးခြင်းဖြင့်လည်း ကိုက်ခဲမှုကို လျော့ပါးသက်သာစေပါတယ်။

မည်သို့ပင်ဆိုစေကာမူ…  ရုတ်တရက်ခေါင်းတစ်ခြမ်းကိုက်လာခြင်းနဲ့အတူ အပေါ်မှာပြောခဲ့သလိုပါပဲ။ ပျို့အန်ခြင်း၊ အမြင်ဝေဝါးခြင်း၊ စကားပြောခက်ခဲခြင်း၊ တစ်ကိုယ်လုံးထုံကျင်လာခြင်း စတာတွေ ဖြစ်လာခဲ့ရင်တော့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ အမြန်လုပ်ရမှာဖြစ်ပြီး ကိုယ့်အခြေအနေအရ သင့်တော်သလို ကုသမှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။