မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS) အကြောင်း သိကောင်းစရာများ

မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS) အကြောင်း သိကောင်းစရာများ

အနှစ်ချုပ်

  • ဓမ္မတာ မမှန်ခြင်း၊ ကိုယ်အလေးချိန်လွန်ကဲခြင်း(အဝလွန်ခြင်း) သို့မဟုတ် ဗိုက်တွင် အဆီစုခြင်း  နဲ့ မျိုးဆက်ပွားဆိုင်ရာ ပြဿနာတွေရှိတဲ့ အမျိုးသမီးတွေဟာ မမျိုးဥအိမ်မှာ အရည်အိတ် တည်တဲ့ ရောဂါစု (PCOS) ရှိနေနိုင်ကြောင်း သံသယရှိနိုင်တာကြောင့် တိကျတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုများ ခံယူနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လူနာအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးများဝယ်ယူ သောက်သုံးခြင်း (သို့မဟုတ်) ကိုယ်တိုင်ကုသခြင်းမျိုး လုံးဝမပြုလုပ်မိဖို့ အထူးအရေးကြီးပါတယ်။
  • မျိုးရိုးဗီဇဟာလည်း PCOS ဖြစ်ပွားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေနိုင်ပါတယ်။ မိသားစုတွင်း (အထူးသဖြင့် မိခင် နဲ့ သမီး၊  ညီအစ်မ/အစ်မ ကဲ့သို့သော သွေးသားရင်းချာများ) မှာ ဒီရောဂါအခံရှိသူ ရှိနေပါက ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုရှိကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ မိသားစုဝင်များထဲမှ မျိုးပွားနိုင်စွမ်းရှိတဲ့အရွယ် အမျိုးသမီးတွေဟာ အခြားသာမန်လူများနဲ့ နှိုင်းယှဉ်ပါက PCOS ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။
  • PCOS ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတွေမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါ၊ သားအိမ်အတွင်းလွှာကင်ဆာ၊ အဝလွန်ခြင်းနဲ့ ကလေးမရနိုင်ခြင်း (မြုံခြင်း) စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီရောဂါစုကို ခံစားနေရသူတွေ ဟာ ဆေးဝါးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိကျစွာ သောက်သုံးသင့်ပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ခံယူသင့်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက် လာပါကလည်း ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ဆွေးနွေးရပါမယ်။

PCOS ဆိုတာ ဘာလဲ?

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု (PCOS) ဆိုတာကတော့ ဟော်မုန်းစနစ် (အင်ဒိုခရိုင်းစနစ်) ကမောက်ကမ ဖြစ်တဲ့ ရောဂါဝေဒနာတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါစုမှာ ယေဘုယျအားဖြင့် အမျိုးသားဟော်မုန်း (အင်ဒရိုဂျင်) ပမာဏလွန်ကဲခြင်း၊ နာတာရှည် မမျိုးဥမကြွေတာကြောင့် ဓမ္မတာမမှန်ခြင်း၊ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က တုံ့ပြန်မှုအားနည်းခြင်းနဲ့ ဗိုက်တွင်အဆီစုခြင်း (အဝလွန်ခြင်း) ကဲ့သို့သော လက္ခဏာရပ်များ တစ်ပြိုင်နက်တည်း တွဲဖက်ဖြစ်ပွားလေ့ရှိပါတယ်။ အဆိုပါအခြေအနေများတွေဟာ နောင်တစ်ချိန်မှာ ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

PCOS ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ?

PCOS ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းအတိအကျကို လတ်တလောတွင် မသိရသေးပေမယ့် အချင်းချင်း ဆက်စပ်လျက်ရှိတဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက် ယန္တရားများ ပုံမှန်မဟုတ်ဘဲ ကမောက်ကမ ဖြစ်ခြင်းကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။

ဘယ်သူတွေမှာ PCOS ဖြစ်ပွားနိုင်ခြေ ပိုများသလဲ?

မျိုးပွားနိုင်စွမ်းရှိတဲ့အရွယ် အမျိုးသမီးတွေရဲ့ ၁၀ - ၂၀ ရာခိုင်နှုန်းခန့်မှာ PCOS ဖြစ်ပွားနိုင်ခြေ ရှိကြောင်း တွေ့ရှိရပြီး၊ အဝလွန် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားတာကို သတိပြုမိရပါတယ်။

မျိုးရိုးဗီဇက PCOS ဖြစ်ပွားမှုနဲ့ သက်ဆိုင်မှု ရှိပါသလား?

လေ့လာဆန်းစစ်ချက်တွေအရ မျိုးရိုးဗီဇဟာလည်း PCOS ဖြစ်ပွားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေ နိုင်ကြောင်း သိရပါတယ်။ မိသားစုတွင်း (အထူးသဖြင့် မိခင် နဲ့ သမီး၊  ညီအစ်မ/အစ်မ ကဲ့သို့သော သွေးသား ရင်းချာများ) မှာ ရောဂါအခံရှိသူ ရှိနေပါက ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုရှိကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ မိသားစုဝင်များထဲမှ မျိုးပွားနိုင်စွမ်းရှိတဲ့အရွယ် အမျိုးသမီးတွေဟာ အခြားသာမန်လူများနဲ့ နှိုင်းယှဉ်ပါက PCOS ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။. မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများအနေဖြင့် CYP17A နဲ့ CYP11A မျိုးဗီဇများ ပုံမှန်မဟုတ်ဘဲ ချွတ်ယွင်းခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပြီး၊ ၎င်းက အင်ဇိုင်းလုပ်ဆောင်ချက် များကို ကမောက်ကမဖြစ်စေကာ  X ခရိုမိုဆုန်းအခြေပြု လွှမ်းမိုးဗီဇ  ဖြင့် ရောဂါလက်ဆင့်ကမ်းခြင်း စနစ်ဖြင့် သားစဉ်မြေးဆက် မျိုးရိုးလိုက် ပါလာတတ်ပါတယ်။ 

ကိုယ်အလေးချိန်လွန်ကဲပြီး ဓမ္မတာမမှန်တဲ့သူတွေမှာ PCOS ဖြစ်ပွားနိုင်ခြေ ဘာကြောင့် ပိုမြင့်မားရတာလဲ?

ကိုယ်အလေးချိန်လွန်ကဲသူ သို့မဟုတ် အဝလွန်သူများ၊ အထူးသဖြင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့  နှိုင်းယှဉ်ပါက ဝမ်းဗိုက်နံရံနဲ့ ဝမ်းခေါင်းထဲမှာ အဆီများ သိသိသာသာ စုပုံနေတတ်တဲ့ "ဗိုက်တွင် အဆီစုခြင်း (အဝလွန်ခြင်း)" ရှိသူ အမျိုးသမီးတွေဟာ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က တုံ့ပြန်မှုအားနည်းခြင်း ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးများနဲ့ နှိုင်းယှဉ်ပါက ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမိုတိုးမြင့်စေပါတယ်။ ဒါ့အပြင် ဟော်မုန်းမမျှတမှုများကိုလည်း ဖြစ်ပေါ်စေပြီး မမျိုးဥအိမ်များမှ အမျိုးသားဟော်မုန်း (အင်ဒရိုဂျင်) ကို ပုံမှန်ထက် ပိုမိုထုတ်လုပ်လာစေရန် လှုံ့ဆော်ပေးပါတယ်။ အဲဒီကမှတစ်ဆင့် ဓမ္မတာမမှန်ခြင်းကို ဖြစ်ပွားစေကာ နောက်ဆုံးမှာ PCOS ရောဂါစု ဖြစ်ပေါ်လာရခြင်းသို့ ဦးတည်သွားတာပဲ ဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာတွေက PCOS ရှိနေတာကို ညွှန်ပြနေသလဲ?

မမျိုးဥအိမ် အရည်ကြည်အိတ်တည်ခြင်း ရောဂါစု (PCOS) ရဲ့ လက္ခဏာရပ်တွေဟာ တစ်ဦးနဲ့တစ်ဦး မတူဘဲ ကွဲပြားနိုင်ပါတယ်။ အကယ်၍ အောက်ပါပုံမှန်မဟုတ်တဲ့ လက္ခဏာတွေထဲက တစ်ခုခုကို သတိပြုမိရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ 

  1. ဓမ္မတာမမှန်ခြင်း - ဥပမာအားဖြင့် လပေါင်းများစွာ ရာသီထိန်ခြင်း၊ ရာသီလာရက် မမှန်ခြင်း၊ ရာသီလာသည့်ရက် ရှည်ကြာလွန်းခြင်း သို့မဟုတ် ရာသီသွေးဆင်းမှု ပုံမှန်မဟုတ်ဘဲ အလွန်များခြင်း သို့မဟုတ် နည်းလွန်းခြင်း။

  2. အမျိုးသားဟော်မုန်း (အင်ဒရိုဂျင်) လွန်ကဲသည့် လက္ခဏာများ - ဝက်ခြံများအလွန်အမင်း ထွက်လာခြင်း၊ အဆီပြန်သော အရေပြားရှိခြင်း၊ အမွှေးအမျှင်များ ထူထပ်စွာပေါက်ခြင်း (Hirsutism)၊ ထိပ်ပြောင်ခြင်း သို့မဟုတ် ဆံပင်ကျွတ်၍ ပါးလာခြင်း၊ ထိပ်ပြောင်လာနိုင်ခြင်း၊ အမျိုးသားများကဲ့သို့ ကြွက်သားများ ထွက်လာခြင်း သို့မဟုတ် အသံဩလာခြင်း။

  3.  အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်လွန်ကဲခြင်း သို့မဟုတ် ဆီးချိုရောဂါ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရခြင်း။
  4. ကလေးရနိုင်ခြေ ခက်ခဲခြင်း (မြုံခြင်း)။
  5. တီဗီဓာတ်မှန် (အာလ်ထရာဆောင်း) ရိုက်ကြည့်သည့်အခါ မမျိုးဥအိမ်တွင် အရည်ကြည်အိတ်များ (Polycystic ovaries) အများအပြား ရှိနေခြင်း။

အမျိုးသမီးတွေအနေနဲ့ PCOS ရောဂါရှိ၊ မရှိ ပုံမှန်စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါသလား၊ လိုအပ်ရင်ကော ဘယ်အချိန်မှာ စစ်ဆေးရမလဲ?

လတ်တလောမှာတော့ အမျိုးသမီးများအနေနဲ့ PCOS ရှိ၊ မရှိကို နှစ်စဉ် ပုံမှန်စစ်ဆေးမှုများ ခံယူဖို့ ညွှန်ကြား ထားသည့် ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များ မရှိသေးပါ။ သို့သော်လည်း ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားနေရသူတွေ သို့မဟုတ် မိမိကိုယ်ကိုယ် PCOS ရှိနေနိုင်တယ်လို့ သံသယရှိတဲ့ အမျိုးသမီးများအနေနဲ့ တိကျတဲ့ ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

PCOS ရောဂါကို ဘယ်လိုရှာဖွေအတည်ပြုပါသလဲ?

PCOS ရောဂါကို အတည်ပြုနိုင်ဖို့အတွက် လူနာရဲ့ ကျန်းမာရေးရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနဲ့ မမျိုးဥအိမ်ရှိ အရည်အိတ်များ ကို ဆန်းစစ်နိုင်ရန် ကြိမ်နှုန်းမြင့် အသံလှိုင်းများ အသုံးပြု၍ တီဗီဓာတ်မှန် (အာလ်ထရာဆောင်း) ရိုက်ခြင်းတို့ကို ဘက်စုံ ပေါင်းစပ်လုပ်ဆောင် ရပါတယ်။ ဒါ့အပြင် မမျိုးဥဟော်မုန်း ပမာဏ၊ သွေးတွင်းသကြားဓာတ် နဲ့ သွေးတွင်းအဆီဓာတ် များကို တိုင်းတာဖို့အတွက် သွေးစစ်ဆေးမှုများကိုလည်း ပြုလုပ်ရပါတယ်။  

PCOS ရောဂါကို ကုသခြင်း

ကုသမှုပုံစံကို အောက်ပါအတိုင်း ကဏ္ဍခွဲခြားနိုင်ပါတယ်။ 

  1. ဆေးဝါးအသုံးမပြုဘဲ ကုသခြင်း 
    ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်ယူသုံးစွဲမှုကို တိုးမြှင့်စေဖို့ ရည်ရွယ်ပြီး အစားအသောက် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း (လေ့ကျင့်ခန်းလုပ်ခြင်း) နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ မိမိရဲ့ မူလကိုယ်အလေးချိန်ရဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်ခြင်းက သားဥကြွေခြင်းကို တိုးတက်ကောင်းမွန်စေခြင်း၊ ဓမ္မတာကို ပြန်လည်မှန်ကန်စေခြင်း၊ အမျိုးသားဟော်မုန်းလွန်ကဲတဲ့ လက္ခဏာတွေကို သက်သာစေခြင်းနဲ့ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အင်ဆူလင်ဟော်မုန်း တုံ့ပြန်မှုအားနည်းခြင်းကို လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ 
  2. ဆေးဝါးအသုံးပြု၍ ကုသခြင်း 
    ဓမ္မတာ ပြန်လည်မှန်ကန်စေရန်၊ အမျိုးသားဟော်မုန်းလွန်ကဲတဲ့ လက္ခဏာများကို ကုသရန် သို့မဟုတ် သက်သာစေရန်၊ အင်ဆူလင်ဟော်မုန်း တုံ့ပြန်မှုအားနည်းခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချရန်၊ ဒါ့ပြင် ကလေးရရန်ခက်ခဲတဲ့ ပြဿနာများကို ဖြေရှင်းရန်အတွက် ဆေးဝါးများကို အသုံးပြု၍ ကုသခြင်း ဖြစ်ပါတယ်။

PCOS ရဲ့ နောက်ဆက်တွဲ အန္တရာယ်များ

PCOS ရောဂါစုကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ ကုသမှုမခံယူဘဲ ထားရှိပါက အောက်ပါ နောက်ဆက်တွဲ အန္တရာယ်များ ပိုမိုမြင့်မားလာနိုင်ပါတယ်။ 

  • ပုံမှန်အတိုင်း ရာသီသွေးကွာကျပြီး ဆင်းသွားခြင်း မရှိတဲ့အတွက် သားအိမ်အတွင်းမြှေးလွှာ ကွာကျမှုမရှိဘဲ စုပုံလာခြင်းကြောင့် သားအိမ်အတွင်းနံရံထူလာခြင်း နဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာခြင်း ဖြစ်လာနိုင်ပါတယ်။ ဒီ အခြေအနေဟာ များသောအားဖြင့် အသက်ကြီးလာတဲ့ အခါမှာဖြစ်စေ၊ သွေးဆုံးပြီးနောက်ပိုင်းတွင်ဖြစ်စေ သိသိသာသာ ပေါ်ပေါက်လာတတ်ပါတယ်။
  • PCOS ဟာ ဆီးချိုရောဂါ အစပြုခြင်း၊ အဝလွန်ခြင်း (အထူးသဖြင့် ဗိုက်တွင် အဆီစုခြင်း) တို့နဲ့ ဆက်စပ်နေတာကြောင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီဓာတ် မြင့်မားခြင်းနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေလည်း ပိုမိုများပြားပြီး စဉ်ဆက်မပြတ် စနစ်တကျ မစီမံ မခန့်ခွဲပါက ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်သည့် ရောဂါစု ကို ဖြစ်ပွားစေနိုင် ပါတယ်။ အဲဒီကမှတစ်ဆင့် နောင်တစ်ချိန်မှာ သွေးတိုးနှလုံးရောဂါ၊ လေဖြတ်ခြင်း နဲ့ လေဖြန်းခြင်း/ ကိုယ်တစ်ခြမ်းသေခြင်း ကဲ့သို့သော နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဝေဒနာများဆီသို့ ဦးတည်သွား စေတတ်ပါတယ်။

PCOS ကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲ ပြဿနာများ

PCOS ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတွေမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါ၊ သားအိမ်တွင်းအမြှေးပါးကင်ဆာ၊ အဝလွန်ခြင်းနဲ့ ကလေးမရနိုင်ခြင်း (မြုံခြင်း)  စတာတွေ ပါဝင်ပါတယ်။

PCOS ကြောင့် ဖြစ်ပွားမယ့် နောက်ဆက်တွဲ ပြဿနာတွေကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါတယ်။ 

  1. အစားအသောက် ထိန်းသိမ်းခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း သို့မဟုတ် လျှော့ချခြင်း။
  2. ညွှန်ကြားထားသည့် ဆေးဝါးများကို စနစ်တကျနဲ့ တိကျစွာ ဆက်တိုက်သောက်သုံးခြင်း။ (ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်း မပြုဘဲ မိမိသဘောဖြင့် မိမိ ဆေးဖြတ်ခြင်း သို့မဟုတ် ဆေးပမာဏ ပြောင်းလဲခြင်းမျိုး လုံးဝမပြုလုပ်ရပါ။)
  3. ဆရာဝန်ချိန်းဆိုထားသည့်အတိုင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ခံယူခြင်း။
  4. ပုံမှန်မဟုတ်သော လက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်ဆွေးနွေးခြင်း။

PCOS ခံစားနေရတဲ့ လူနာတွေ ကလေးရနိုင်ပါသလား?

PCOS ခံစားနေရတဲ့ လူနာများအနေနဲ့ ကလေးရရှိနိုင်ပေမယ့် နာတာရှည် မမျိုးဥ/သားဥ မကြွေခြင်း ပြဿနာကို မကြာခဏ ခံစားရလေ့ရှိတာကြောင့် ကလေးရဖို့ အခက်အခဲရှိခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ သို့သော်လည်း ဒီလို ကလေးရနိုင်ခြေခက်ခဲတဲ့ (မြုံခြင်း)  ပြဿနာများကို ကုသလို့ ရနိုင်တာကြောင့် သင့်တော်မှန်ကန်တဲ့ လမ်းညွှန်ချက်များ ရရှိနိုင်ဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 

PCOS ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်ပါသလား?

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု (PCOS) ဟာ မျိုးပွားနိုင်စွမ်းရှိတဲ့အရွယ် အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ နာတာရှည် ကျန်းမာရေး အခြေအနေတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ အမြစ်ပြတ် လုံးဝပျောက်ကင်းသွားစေမယ့် ကုသမှုသက်တမ်း ကာလအပိုင်းအခြား အတိအကျဟူ၍ မရှိသေးပါ။ ရောဂါလက္ခဏာတွေဟာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနားနိုင်ပြီး၊ စနစ်တကျ စဉ်ဆက်မပြတ် ရောဂါရှာဖွေ ကုသမှု မခံယူပါက အခြားသော နောက်ဆက်တွဲ ရောဂါဝေဒနာများ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်များနဲ့ ဆက်စပ်နေပါတယ်။

PCOS ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ကိုယ်တိုင်ဂရုစိုက်ရမည့် နည်းလမ်းများနဲ့ ကန့်သတ်ချက်များ (ဤရောဂါနဲ့အတူ ဘယ်လိုနေထိုင်မလဲ)

မျိုးပွားနိုင်စွမ်းရှိတဲ့အရွယ် အမျိုးသမီးတွေမှာ ဓမ္မတာမမှန်ခြင်း၊ လစဉ်ရာသီလာရက် မမှန်မကန်ဖြစ်ခြင်း၊ အမျိုးသားဟော်မုန်းလွန်ကဲသည့် လက္ခဏာများပြခြင်း၊ အဝလွန်ခြင်း (သို့မဟုတ်) ဗိုက်တွင် အဆီစုခြင်း သို့မဟုတ် ကလေးရရန် ခက်ခဲခြင်း စတဲ့ ပြဿနာများကို ခံစားလာရပါက PCOS ရောဂါစု ရှိနေနိုင်ကြောင်း သံသယရှိရပါမယ်။ ပြီးတော့ တိကျသော ရောဂါရှာဖွေမှုနဲ့ မှန်ကန်သော ကုသမှုများကို ခံယူနိုင်ရန် ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးရပါမယ်။ လူနာအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးများ ဝယ်ယူသောက်သုံးခြင်း (သို့မဟုတ်) လက်ရှိခံယူနေတဲ့ ကုသမှုများကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တန့်လိုက်ခြင်းမျိုး လုံးဝမပြုလုပ်ဖို့ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ကို စနစ်တကျ ထိန်းညှိခြင်း နဲ့ အစားအသောက် စားသုံးမှုပုံစံကို ပြောင်းလဲနေထိုင်ခြင်းတို့ကို အစဉ်တစိုက် ဂရုစိုက်လုပ်ဆောင်သွားရပါမယ်။

PCOS ရောဂါကို ကာကွယ်ခြင်း

PCOS ရောဂါကို လုံးဝမဖြစ်အောင် အတိအကျ ကာကွယ်နိုင်မည့် နည်းလမ်းရယ်လို့ လတ်တလောမှာ မရှိသေးသော်လည်း ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ခြင်း၊ သတ်မှတ်ထားသော ကိုယ်အလေးချိန် ပမာဏအတွင်းရှိနေစေရန် ထိန်းညှိခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို ရွေးချယ်စားသောက်ခြင်းတို့က မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု (PCOS) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဓမ္မတာမမှန်ခြင်း၊ ဝက်ခြံများ အလွန်အမင်းထွက်လာခြင်း၊ အရေပြားအဆီပြန်ခြင်း ကဲ့သို့သော ပုံမှန်မဟုတ်တဲ့ လက္ခဏာများကို သတိပြုမိလျှင်ဖြစ်စေ၊ သားအိမ်နဲ့ မမျိုးဥအိမ်ကို တီဗီဓာတ်မှန် (အာလ်ထရာဆောင်း) ဖြင့် စစ်ဆေးစဉ် ပုံမှန်မဟုတ်တဲ့ အခြေအနေများကို တွေ့ရှိရလျှင်ဖြစ်စေ အချိန်မီ ကုသမှုခံယူနိုင်ရန်အတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်ဆွေးနွေးသင့် ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်