သွေးပေါင်ကျခြင်း က သွေးပေါင်တက်ခြင်းထက် ပိုကောင်းတဲ့အခြေအနေလား

သွေးပေါင်ကျခြင်း က သွေးပေါင်တက်ခြင်းထက် ပိုကောင်းတဲ့အခြေအနေလား

အနှစ်ချုပ်

  • တကယ်လို့ သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၈၀ ၊ အောက်သွေး ၁၁၀ ရှိနေတယ်ဆိုရင် အထူးသဖြင့် ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူရခက်ခြင်း ၊ ထုံကျင်ခြင်း ၊ အားနည်းခြင်း ၊ အမြင်အာရုံပြဿနာများ ၊ စကားပြောရခက်ခြင်း စတဲ့ ခန္ဓာကိုယ်တွင်းကလီစာတွေ ပျက်စီးမှုနဲ့ ဆက်စပ်နေပါတယ်။ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသတိုင်ပင်သင့်ပါတယ်။
  • အချိန်ကြာလာတာနဲ့အမျှ သွေးပေါင်တက်နေတာကို မထိန်းနိုင်တော့ တဲ့ အခြေအနေဆိုရင် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ (၃)ဆ-(၄)ဆ ၊ သာမန် သွေးပေါင်ချိန်ရှိသူများနဲ့ယှဥ်ရင် လေဖြတ်နိုင်ခြေ (၇)ဆ မြင့်တက်သွားပါတယ်။
  • သွေးပေါင်ကျခြင်း (ထိုင်နေရာကနေ (သို့) လှဲနေရာကနေ မတ်တပ်ရပ်လိုက် ချိန် မိုက်ခနဲမူးပြီးသွေးပေါင်ကျခြင်း) ဖြစ်မယ်ဆိုရင် ဦးနှောက်ဆီ သွေးမစီးဆင်းတော့တာကြောင့်  မူးဝေခြင်းနဲ့ သတိလစ်ခြင်းဖြစ်နိုင်ပြီး တချို့အခြေအနေမှာ အသက်အန္တရာယ် ရှိသည် အထိ ဖြစ်စေပါတယ်။

သွေးပေါင်ကျ တဲ့သူတွေဟာ သူတို့မှာ သင့်တင့်တဲ့ကျန်းမာမှုရှိပြီး ဆိုးဆိုးရွားရွား ကျန်းမာရေးထိခိုက်မှု မရှိဘူးလို့ ကိုယ့်ကိုယ်ကို ထင်တတ်ကြပါတယ်။ တကယ်တမ်း မှာ သွေးပေါင်တက်ခြင်းနဲ့ သွေးပေါင်ကျခြင်း နှစ်မျိုးစလုံးဟာ အရမ်းအန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတာ အမှန်ပါပဲ။

သွေးဖိအား (သို့) သွေးပေါင် (Blood Pressure) ဆိုတာဘာလဲ?

သွေးဖိအားကို မီလီမီတာမာကျူရီ (mmHg) ယူနစ်နဲ့တိုင်းတာလေ့ရှိပြီး အောက်ဖော်ပြပါ အတိုင်းအတာနှစ်ခု ခွဲခြားနိုင်ပါတယ်။ တယ်။ သွေးပေါင် တက်ခြင်း / သွေးတိုးခြင်း (သို့ ) သွေးပေါင်ကျခြင်းဟာ သွေးဖိအား ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပါတယ်။

  • နှလုံးခုန်ချိန်တိုင်းတဲ့သွေးဖိအား (အပေါ်သွေး) – Systolic Blood Pressure ဟာ နှလုံး လုံးဝ ကျုံ့သွားတဲ့ (သို့) ညှစ်အားပေးတဲ့ အချိန်မှာဖြစ်ပေါ်တဲ့ အမြင့်ဆုံးသွေးဖိအားဖြစ်ပါတယ်။
  • နှလုံးငြိမ်နေချိန်တိုင်းတဲ့ဖိအား(အောက်သွေး) – Diastolic Blood Pressure ဟာ နှလုံးကြွက်သားတွေ ပြေလျော့နေတဲ့အချိန်မှာဖြစ်ပေါ်တဲ့ အနိမ့်ဆုံး သွေးဖိအားဖြစ်ပါတယ်။

သွေးပေါင်ချိန်တိုင်းဖို့ဘယ်လိုပြင်ဆင်မလဲ

  • ကဖင်းဓာတ်ပါတဲ့အရည် (သို့) အရက်ကို မသောက်ပါနဲ့။ လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်မလုပ်ပါနဲ့ ။ သွေးပေါင်မတိုင်းခင် မိနစ်(၃၀) အတွင်း ဒေါသထွက်ခြင်း ၊ စိတ်ပူပန်ခြင်း ၊ စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။
  • သွေးပေါင်မချိန်ခင် (၅)မိနစ် - (၁၅)မိနစ် လောက် ကြိုတင် ထိုင်ပြီး အနားယူပါ။ ထိုင်တဲ့အခါမှာ ထိုင်ခုံနောက်မှီကို အားပြုထားပြီး ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်ပေါ်ချထားပါ။ ခြေထောက်ချိတ်ပြီး မထိုင်သင့် ပါဘူး။
  • သွေးပေါင်ချိန်နေချိန်မှာ စကားမပြောပါနဲ့။
  • တစ်နေ့ နှစ်ကြိမ် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ သွေးပေါင်ချိန်ပါ။ တိကျမှု ရှိဖို့အတွက် သွေးပေါင်ချိန်တဲ့ အချိန်တိုင်းမှာ တစ်မိနစ်ခြားပြီး အနည်းဆုံး (၂)ကြိမ် ပြန်လည်စစ်ဆေးပါ။ သွေးပေါင်ချိန်ကို (၇)ရက်ဆက်တိုက် (သို့) အနည်းဆုံး (၃) ကြိမ် မှတ်တမ်းယူထားပါ။

သွေးပေါင်တက်ခြင်း (သွေးတိုးခြင်း)- High Blood Pressure

ပုံမှန်သွေးပေါင်ချိန်ဟာ နှလုံးကြွက်သားညှစ်ထုတ်ခြင်းနဲ့ လျှော့ချခြင်း အချိန်မှာတိုင်းမယ်ဆိုရင် အပေါ်သွေး (၁၂၀) ၊ အောက်သွေး (၈၀) ရှိပါတယ်။ သွေးပေါင်တက်ခြင်း (သို့) သွေးတိုးခြင်းဟာ သွေးကြောထဲမှာရှိတဲ့ သွေးဖိအားတွေက သာမန်ထက် များနေတဲ့ အခြေအနေဖြစ်ပါတယ်။ တကယ်လို့ အပေါ်သွေး (၁၄၀) ၊ အောက်သွေး (၉၀) (သို့) အဲဒီထက်များနေမယ်ဆိုရင် သွေးပေါင်တက်နေတယ် တစ်နည်းအားဖြင့် သွေးတိုး နေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် ဟာ အသက်အရွယ်ပေါ်မူတည်ပြီးလည်းပြောင်းလဲနိုင်ပါတယ်။

သွေးပေါင်ချိန်ကိုအောက်ပါအတိုင်းအမျိုးအစားခွဲခြားနိုင်ပါတယ်။

သွေးပေါင်ချိန်အမျိုးအစား SYSTOLIC mm Hg
(အပေါ်သွေး)
နှင့် / သို့မဟုတ် DIASTOLIC mm Hg
(အောက်သွေး)
အကောင်းဆုံးသွေးပေါင်ချိန် ၁၂၀ အောက်

နှင့်

၈၀ အောက်
ပုံမှန်သွေးပေါင်ချိန်

၁၂၀ -၁၂၉

နှင့် / သို့မဟုတ်

၈၀ - ၈၄

ပုံမှန်သွေးပေါင်ချိန်တက်ခြင်း

၁၃၀ - ၁၃၉

နှင့် / သို့မဟုတ်

၈၅ – ၈၉

အနည်းငယ်သွေးတိုးခြင်း

၁၄၀ - ၁၅၉

နှင့် / သို့မဟုတ်

၉၀ - ၉၉

အသင့်အတင့်သွေးတိုးခြင်း

၁၆၀ – ၁၇၉

နှင့် / သို့မဟုတ်

၁၀၀ - ၁၀၉

ဆိုးဆိုးရွားရွားသွေးတိုးခြင်း ၁၈၀ နှင့်အထက် နှင့် / သို့မဟုတ် ၁၁၀ နှင့်အထက်

 

အကြောင်းအရင်းများဖြစ်တဲ့ စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှု ၊ လဖက်ရည် (သို့) ကော်ဖီသောက်ခြင်း စတာတွေကြောင့်လည်း သွေးပေါင်တက်နေနိုင်ပါတယ်။

သွေးပေါင်တက်စေတဲ့အကြောင်းအရင်းများ

သွေးတိုးရှိတဲ့လူအများစုဟာ ရောဂါလက္ခဏာပေါ်လေ့မရှိဘဲ ဒီလိုအခြေအနေတွေ ကို မရှာဖွေနိုင်ပါဘူး။ ရှာဖွေတွေ့ရှိတဲ့အချိန်မှာ အများအားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါ ၊ လေဖြတ်ခြင်း ၊ နှလုံးရောဂါ စတဲ့ ကျန်းမာရေး ပြဿနာများ ကြောင့် ဖြစ်လေ့ရှိပါတယ်။ သေချာ ရောဂါရှာဖွေစစ်ဆေးမှု မပြုဘူး ဆိုရင် မသန်မစွမ်းဖြစ်ခြင်း (သို့) သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။သွေးတိုးရောဂါဟာ ဘဝနေထိုင်မှုပုံစံ (သို့) အောက်ပါ အကြောင်းအရာ တွေနဲ့လည်း ဆက်စပ်နေပါတယ်။

  • အသက်အရွယ် - အသက်အရွယ်ကြီးလာတာနဲ့အမျှ သွေးပေါင်ချိန် ပိုမြင့်လာ ပါတယ်။
  • ကျား/မ - အမျိုးသားများမှာ သွေးပေါင်ချိန်ပိုများနိုင်ပါတယ်။ အမျိုးသမီးများ မှာတော့ အများအားဖြင့် အသက် (၆၅)နှစ်ကျော်မှ သွေးပေါင်ချိန်တက်လေ့ ရှိပါတယ်။
  • မိသားစုကျန်းမာရေးရာဇဝင်
  • အစားအစာများထဲမှာ ဆား အသုံးပြုမှုများခြင်း
  • ဆေးလိပ်နှင့်အရက်သောက်သုံးမှုနှုန်း
  • လေ့ကျင့်ခန်းမလုပ်ခြင်း

သွေးပေါင်တက်ခြင်းရဲ့လက္ခဏာများ

သွေးပေါင်တက်နေတဲ့သူတွေဟာ လက္ခဏာမပြတတ်ဘဲ အန္တရာယ်ဖြစ်လောက် အောင်တက်တဲ့အချိန်မှာတောင် လက္ခဏာ မပြပါဘူး။ တချို့အခြေအနေများမှာ မူးဝေခြင်းနဲ့ လည်ပင်း တင်းကျပ်ခြင်းကို အထူးသဖြင့် မနက်ခင်း နိုးလာတဲ့ အချိန် တွေမှာ ခံစား ရနိုင်ပါတယ်။ လူနာတချို့မှာ နှလုံးတုန်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ နုံးချိခြင်း ၊ အမြင်အာရုံဝေဝါးခြင်း ၊  နှာခေါင်းသွေးလျှံခြင်းကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အသက်အန္တရာယ်အထိဖြစ်စေနိုင်တဲ့အဆင့် (သို့) ပြင်းထန်တဲ့ အဆင့် မရောက်ခင်အထိ ဒီလို လက္ခဏာတွေကို မတွေ့ရပါဘူး။

သွေးပေါင်တက်ခြင်းကို ကိုယ်တိုင်ဂရုစိုက်ခြင်း

  • အာဟာရပြည့်ဝစွာစားပါ။အသင့်စား အစားအစာ(သို့) အချဥ်ဖောက်ထားတဲ့ အစားအစာ ကဲ့သို့ အရသာပြင်းပြီး ဆားများစွာအသုံးပြုထားတဲ့ အစားအစာ များကို ရှောင်ကျဥ်ပါ။

  • အရက်နဲ့ ဆေးလိပ်ကို ရှောင်ကျဥ်ပါ။

  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာတစ်ခုမှာ ထိန်းသိမ်းပါ။
  • စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုများကိုလျှော့ချပါ။
  • ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ညွှန်ကြားထားတဲ့ဆေးဝါးများကိုသောက်ပါ။

သွေးပေါင်တက်ခြင်းအတွက်ဘယ်အချိန်မှာဆရာဝန်နဲ့ပြသရမလဲ

သာမန်အားဖြင့် အပေါ်သွေး (၁၃၀)နဲ့ (၁၃၉) ကြား ၊ အောက်သွေး (၈၅) နဲ့ (၈၉) ကြား ရှိနေတယ်ဆိုရင် ခန္ဓာကိုယ်တွင်းအဂ်ါများ မူမမှန်ခြင်းရဲ့နောက်ဆက်တွဲအဖြစ် နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေများတာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသဆွေးနွေးရပါမယ်။ ဆရာဝန်က သင့်ရဲ့ သွေးပေါင်ချိန်ကို ထိန်းဖို့အတွက် နေထိုင်မှုပုံစံအပြောင်းအလဲ ၊ ဆေးဝါး စသဖြင့် နည်းလမ်းများစွာကို စဥ်းစားပေးမှာဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန် မှတ်သားဖို့နဲ့ တိုးတက်မှုအခြေ အနေကို ပြန်လည် ဆန်းစစ်ဖို့ မကြာမကြာ ဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သွေးပေါင်ချိန်တက်တာကို မထိန်းနိုင်ဘူးဆိုရင် ခန္ဓာကိုယ် ထဲရှိတဲ့ တချို့သော အစိတ်အပိုင်းများကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် တခြားသောရောဂါများဖြစ်တဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ (၃)ဆ-(၄)ဆ ၊ သာမန်သွေးပေါင်ချိန်ရှိသူများနဲ့ယှဥ်ရင် လေဖြတ်နိုင်ခြေ (၇) ဆ မြင့်တက် စေမှာဖြစ်ပါတယ်။

သွေးတိုးရောဂါအရေးပေါ်အခြေအနေ (Hypertensive Crisis) ဟာ အပေါ်သွေး (၁၈၀) ၊ အောက်သွေး (၁၁၀) ထက် ကျော်သွားတဲ့အချိန်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးပေါင်ချိန် အဲဒီပမာဏအထိ တက်သွားပြီဆိုရင် တိတိကျကျ သွေးပေါင်ချိန်ဖို့နဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ဆွေးနွေး တိုင်ပင်ဖို့လိုပါတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားတဲ့ လပက္ခဏာဖြစ်ပြီး အထူးသဖြင့် ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူရခက်ခဲခြင်း ၊ ခါးနာခြင်း ၊ ထုံကျင်ခြင်း ၊ အားနည်းခြင်း ၊ အမြင်အာရုံပြဿနာ ၊ စကားပြောရခက် ခြင်း စတဲ့ လက္ခဏာတွေနဲ့ တွဲပြီး ခံစားရလေ့ရှိပါတယ်။

သွေးပေါင်တက်ခြင်းဟာ လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို နားလည်ထားရပါမယ်။ တချို့ ကလေးတွေမှာ ကျောက်ကပ်(သို့) နှလုံး ပြဿနာများရဲ့ နောက်ဆက်တွဲ အဖြစ် သွေးတိုးရောဂါကို ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးမှုမရှိခြင်း ၊ လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့ အမူအကျင့်များကြောင့် အဖြစ်များပါတယ်။

သွေးပေါင်ကျခြင်း (Hypotension)

ဆေးပညာအရပြောရမယ်ဆိုရင် လူကြီးတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ အပေါ်သွေး ၉၀ ၊ အောက်သွေး ၆၀ ထက် နည်းမယ်ဆိုရင် ဒါကို သွေးပေါင်ကျခြင်း (Hypotension) လို့ သတ်မှတ်နိုင်ပါတယ်။ တကယ်လို့သွေးပေါင်ချိန်က အမြဲ နည်းနေသည့်တိုင်အောင် လူက ဘာမှမဖြစ်ဘူးကောင်းနေသေးတယ်ဆိုရင် နှစ်စဥ် ကျန်းမာရေးစစ်ဆေးမှုကျမှသာ ဆရာဝန်က ပြန်လည်စစ်ဆေးတာမျိုး လုပ်ပါလိမ့်မယ် ။ ဆိုလိုတာက သွေးပေါင်ကျခြင်း ဖြစ်နေသည့်တိုင် ပုံမှန်အတိုင်းပဲ ခံစားမှု ရှိမယ်ဆိုရင် ဒါဟာ ကျန်းမာရေးပြဿနာလို့ ပြောလို့မရပါဘူး။ လူအများစု အတွက် ခေါင်းမူးခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပြီး ပိုမိုပြင်းထန်တဲ့ အခြေအနေဆိုရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

 သွေးပေါင်ကျစေသည့်အကြောင်းအရင်းများ

သွေးပေါင်ကျခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ  ထဲမှာ ရေဓာတ်ခန်းခြောက်ခြင်း ကနေစပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများ ထိ ပါဝင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျစေတဲ့ အကြောင်းအရင်းမှန်ကို ရှာဖွေဖို့က အရေးကြီးကာ သင့်လျော်တဲ့ ကုသမှုများကို အချိန်မီ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

  • မတ်တပ်ရပ်တဲ့အချိန်မှာ သွေးပေါင်ချိန် ကျဆင်းနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုစနစ်ဟာ လျှင်မြန်စွာ ကျယ်ပြန့်လာတာကြောင့် သွေးပေါင်ချိန်ကျနိုင်ပါတယ်။ ဒါဟာ ပုံမှန် ဖြစ်စဥ် မျှသာ ဖြစ်ပြီး ကလေးမွေးပြီးချိန်မှာတော့ သွေးပေါင်ချိန်ဟာ ပုံမှန် ပြန်ဖြစ်သွား ပါတယ်။

  • နှလုံးအဆို့ရှင်ရောဂါ ၊ နှလုံးရောဂါ ၊ နှလုံးပျက်စီးခြင်း စတဲ့ နှလုံးရောဂါများကြောင့်လည်း သွေးပေါင်ကျနိုင်ပါတယ်

  • ဟော်မုန်းစနစ်ပြဿနာများ ၊ ပါရာသိုင်းရွိုက်ရောဂါ ၊ အက်ဒရီနယ်ဂလင်း မလုံလောက်ခြင်း ၊ သွေးတွင်းသကြားဓာတ်နည်းခြင်းကဲ့သို့ သော တခြား ရောဂါများရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

  • ရေဓာတ်ခန်းခြောက်ခြင်း။ နောက်ဆက်တွဲအဖြစ် အားနည်းခြင်း ၊ မူးဝေခြင်း ၊ နုံးချိခြင်းများကို ခံစားရနိုင်ပါတယ်

  • သွေးထွက်ခြင်း - ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ (သို့) ကိုယ်အဂ်ါတွင်းသွေးထွက် ခြင်းကဲ့သို့ သွေးထွက်မှုလွန်ကဲခြင်းဟာ  သွေးပေါင်ချိန်ကို ဆိုးရွားစွာ ကျဆင်း စေနိုင်ပါတယ်။

  • ပြင်းထန်တဲ့ရောဂါပိုးကူးစက်ခြင်း။

  • အာဟာရချို့တဲ့ခြင်း - ဗီတာမင် B-12 ၊ ဖောလစ် (သို့) သံဓာတ် အားနည်းခြင်း ကြောင့် ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ သွေးနီဥထုတ်လုပ်ခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။

  • တချို့သောဆေးဝါးများ ၊ ဆီးသွားစေသည့်ဆေးဝါးများ ၊ ပါကင်ဆန်ရောဂါ အတွက်ဆေးဝါးများနဲ့ တချို့သောအာရုံကြောလှုံ့ဆော်ဆေး များ။

သွေးပေါင်ကျခြင်းရဲ့လက္ခဏာများ

တချို့လူများအတွက် သွေးပေါင်ကျခြင်းဟာ ရောဂါအခံရဲ့ လက္ခဏာတစ်ခု အနေနဲ့ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရုတ်တရက် သွေးပေါင်ကျနိုင်သလို အောက်ပါ လက္ခဏာများနဲ့ တွဲပြီးလည်း သွေးပေါင်းကျတတ်ပါတယ်။

  • မူးဝေခြင်း(သို့) နုံးချိခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ပျို့အန်ခြင်း
  • အားအင်ကုန်ခမ်းခြင်း
  • စိတ်အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
  • သတိလစ်ခြင်း

သွေးပေါင်ကျခြင်းကိုကိုယ်တိုင်ဂရုစိုက်ခြင်း

  • အာဟာရစားသုံးမှုကိုမြှင့်တင်ပြီး အနည်းငယ်သာစားပါ ၊ ကဆီဓာတ်ကို လျှော့ချစားသုံးပါ။
  • ရေများများသောက်ပါ

  • အရက်သောက်ခြင်းကိုရှောင်ကျဥ်ပါ။

  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

  • အချိန်အကြာကြီးမတ်တပ်မရပ်ပါနှင့် (သို့) ခန္ဓာကိုယ်အနေအထားကို မြန်မြန် ဆန်ဆန် မပြောင်းလိုက်ပါနှင့်။

  • တကယ်လို့ သွေးပေါင်ကျခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိနေတယ်ဆိုရင် ဆရာဝန်ကိုအမြဲအသိပေးပြီး ဆေး များကို သတိထားသောက်ပါ။ ဒါမှသာ သွေးပေါင်ကျစေတဲ့ ဆေးများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းအတွက်ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသတိုင်ပင်ရမလဲ

ကျွန်တော်တို့အနေနဲ့ သာမန် ခေါင်းမူးခြင်း ၊ အားနည်းခြင်း ကို အသေးအမွှား ကိစ္စ တစ်ခုထက်ပိုပြီး တွေးတောလေ့မရှိကြပါဘူး။ ဥပမာ - ရေဓာတ်အနည်းငယ် ခန်းခြောက်ခြင်း ၊ ချိုးရေလွန်စွာပူနွေးနေခြင်း စတာတွေကြောင့် ဖြစ်တာပါ လို့သာ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဒီလက္ခဏာတွေ ပြသချိန်မှာ ခန္ဓာကိုယ်က တစ်ခုခု လိုအပ်နေတယ်ဆိုတဲ့ အချက်ကို သိရှိထားဖို့လိုပါတယ်။ ဒါကြောင့် အသေးအမွှားပါဆိုပြီး လက်ခံကျေနပ်လိုက်လို့ မရပါဘူး။ ဒီလိုကြုံလာရပြီ ဆို ချက်ချင်း ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ မတ်တပ်ရပ်ချိန်မှာ ခေါင်းမူးခြင်း ၊ အားနည်းခြင်း တို့ကို ခံစားရပြီဆိုရင်  သွေးပေါင်ချိန်တိုင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါဆိုရင် လှဲလျောင်းနေတဲ့အနေအထားမှာ သွေးပေါင်ချိန်တိုင်း ရမှာဖြစ်ပါတယ်။ အဲဒီနောက် မတ်တပ်ရပ်တဲ့ အနေအထားကို ပြန်ပြောင်းရပါမယ်။ (၁) မိနစ်မတ်တပ် ရပ်ပြီးနောက် သွေးပေါင်ချိန်တိုင်းပါ။ နောက်ထပ် (၃) မိနစ် မတ်တပ်ရပ်ပြီး နောက်မှာ နောက်တစ်ချိန် ထပ်တိုင်းပါ။ မတ်တပ်ရပ်နေချိန်တိုင်းတဲ့ အပေါ်သွေး ဟာ လှဲနေချိန်တိုင်းတဲ့ အပေါ်သွေးထက် (၂၀) မီလီမီတာမာကျူရီ (mmHg) နဲ့ အထက် ရှိမယ်ဆိုရင် ထိုင်ရာ(သို့)လှဲရာမှ မတ်တပ်ရပ်စဥ် ရုတ်တရက်သွေးပေါင် ကျခြင်း (orthostatic hypotension) ဖြစ်နေပြီလို့ မှတ်ယူရမှာဖြစ်ပါတယ်။

ဒီအခြေအနေဟာ ဦးနှောက်ဆီသွေးစီးဆင်းမှုမရှိခြင်းကြောင့် ခေါင်းမူးခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသလို တစ်ခါတစ်လေမှာ အောက်ဖော်ပြပါ အခြေအနေ များအပါအဝင် ဆိုးဆိုးရွားရွားအသက်အန္တရာယ်ခြိမ်းခြောက်စေတဲ့ ရောဂါများကို ညွှန်ပြနေပါတယ်။

  • အထူးသဖြင့်အသက်ကြီးပိုင်းများမှာစိတ်အာရုံရှုပ်ထွေးခြင်း
  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်း (သို့) အရေပြားအေးစက်ခြင်း

  • အသက်ရှူမြန်ခြင်း (သို့) အသက်ရှူနှေးခြင်း

  • သွေးခုန်နှုန်းအားနည်းခြင်း (သို့) နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း

  • သတိလစ်ခြင်း

လူအများစုက သွေးပေါင်ချိန်တက်ခြင်း ဟာ ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုပြီး ဂရုစိုက်သတိရှိကြပါတယ်။ ဒါပေမယ့် သွေးပေါင်ကျခြင်း ကို ယေဘုယျအားဖြင့် ပြဿနာလို့ မမြင်ကြသလို စိုးရိမ်ခြင်းလည်း မရှိကြပါဘူး။ ဒါကြောင့် ခေါင်းမူးခြင်း ၊ မောပန်းခြင်း ၊ နုံးချိခြင်း စတာတွေကို သွေးပေါင်ကျခြင်းရဲ့ ပြဿနာအဖြစ် သတိ မမူမိကြပါဘူး။ အလယ်အလတ်အဆင့်ရှိတဲ့ သွေးပေါင်ကျခြင်းဟာလည်း ခေါင်းမူးခြင်း ၊ အားနည်းခြင်း ၊ နုံးချိန်ခြင်းများအပြင် လေဖြတ်နိုင်ခြေနဲ့ မူးလဲနိုင်ခြေ များ ဖြစ်နိုင်ပါတယ်။

သွေးပေါင်တက်ခြင်း နဲ့ သွေးပေါင်ကျခြင်းဟာ အသက်အရွယ်မရွေး လူတိုင်း ဖြစ်နိုင် ပါတယ်။ ဒါကြောင့် သွေးပေါင်ကို အမြဲချိန်ပြီး ခန္ဓာကိုယ်တွင်း သွေးပေါင် အပြောင်း အလဲကို အမြဲ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြတယ်ဆိုရင် ထိရောက်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်သင့်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။