လေ့ကျင့်ခန်းလုပ်နေရင်း အသက်ရှူမဝ ဖြစ်နေပါသလား၊ ဒါမှမဟုတ် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရပါသလား?
လေ့ကျင့်ခန်း ပုံမှန်လုပ်လေ့ရှိသူတစ်ဦးဖြစ်သည့်တိုင် လေ့ကျင့်ခန်းလုပ်နေရင်း ရုတ်တရက် အလွန်အမင်း နုံးခွေခြင်း၊ မောပန်းခြင်းနှင့် ရင်ဘတ်ဘယ်ဘက်ခြမ်းအောင့်ခြင်းတို့ကို ခံစားမိတယ်ဆိုရင် ဒီလက္ခဏာဟာ မကြာမီ နှလုံးကြွက်သားဆီ သွေးစီးဆင်းမှု မလုံလောက်ခြင်း ဖြစ်လာနိုင်တာကို ခန္ဓာကိုယ်မှ ကြိုတင်သတိပေး နေခြင်း ဖြစ်နိုင်ပါတယ်။
နှလုံးကြွက်သားဆီ သွေးစီးဆင်းမှု မလုံလောက်ခြင်း (Myocardial ischemias) ဝေဒနာဟာ များသောအားဖြင့် ဘာကြိုတင်သတိပေးချက်မှမရှိဘဲ ရုတ်တရက် ဖြစ်ပွားတတ်ပါတယ်။ လူနာတွေအနေနှင့် တစ်နေ့ခင်းလုံး ပုံမှန်အတိုင်း ဘာမှမဖြစ်ဘဲ နေကောင်းနေ နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ညနေပိုင်းမှာ လေ့ကျင့်ခန်း စလုပ်လိုက်တာနှင့် ရင်ဘတ်ထဲမှာ တင်းကျပ်လာတာ၊ ရင်တုန်တာ၊ အလွန်အမင်း နုံးခွေတာ၊ ခြေထောက်တွေ ဖောရောင်လာတာနှင့် မူးဝေမိန်းမောတာမျိုးတွေကို ခံစားရ နိုင်ပါတယ်။ ဒီလို ရင်ဘတ်တင်းကျပ်မှုဟာ များသောအားဖြင့် ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ဖြစ်လေ့ရှိပြီး ဘယ်ဘက်ပုခုံးနှင့် လက်မောင်းဆီအထိ ဖြာဆင်းသွားတတ်ပါတယ်။ သို့မဟုတ်ရင်လည်း နာကျင်မှုဟာ ရင်ညွန့်ရိုး တစ်လျှောက် ခံစားရနိုင်ပြီး ဝမ်းဗိုက် ချက်အထိတော့ ရောက်မသွားပါဘူး။ ဒီလို လက္ခဏာတွေ ပြသလာပြီဆိုရင် လေ့ကျင့်ခန်းလုပ်နေတာကို ချက်ချင်းရပ်ရမှာဖြစ်ပြီး အရေးပေါ် ဆေးကုသမှု ခံယူရပါမယ်။ ဆရာဝန်အနေနှင့် အခြေအနေကို စစ်ဆေးဖို့ လိုအပ်သလို နောက်ဆက်တွဲ ဘယ်လိုစမ်းသပ်မှုတွေ ဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိသူများနှင့် အားကစားသမားအများစုဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ချိန် သို့မဟုတ် ချွေးထွက်အောင် ဆော့ကစားချိန်တွေမှာ မောပန်းခြင်း၊ အသက်ရှူမဝခြင်းနှင့် ရင်ဘတ်ထဲက တင်းကျပ်ခြင်း စတာတွေ ခံစားရတာဟာ လုံးဝသဘာဝကျတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နားလည် ထားကြပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံ ဒီလက္ခဏာတွေဟာ မကြာမီ နှလုံးကြွက်သားဆီ သွေးစီးဆင်းမှု ပြတ်တောက်ခြင်း ဖြစ်တော့မယ် ဆိုတာအတွက် ခန္ဓာကိုယ်မှ ကြိုတင်သတိပေးနေတဲ့ လက္ခဏာများလည်း ဖြစ်နေနိုင်ပါတယ်။
ရောဂါအမျိုးမျိုးကို ကုသရတာဟာ အရင်ကထက် အဆမတန် လွယ်ကူချောမွေ့လာအောင် ဆေးပညာနှင့် နည်းပညာကဏ္ဍမှာ တိုးတက်မှုတွေ အများကြီး ရှိလာခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့လည်း ရောဂါဘယတွေ မဖြစ် အောင် ကြိုတင်ကာကွယ်တဲ့နေရာမှာ မိမိရဲ့ ကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက် စောင့်ရှောက်တာကသာ အရေးကြီးဆုံး အဆင့်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ဆောင်းပါးများ