ဖေဖေ၊ မေမေတို့အနေနှင့် ဆံပင်နှင့် ကိုယ်ခန္ဓာအမွေးအမှင်တွေ ဖြူဆွတ်နေခြင်း သို့မဟုတ် အလွန်အမင်း ဝါဖျော့နေခြင်း၊ အသားအရေ ထူးထူးခြားခြား ဖြူနေခြင်းနှင့် မျက်လုံးအရောင် မီးခိုးရောင် ဖြစ်နေခြင်း စတဲ့ လက္ခဏာတွေရှိတဲ့ ကလေးငယ်တွေကို ကြုံဖူး တွေ့ဖူးကြပါလိမ့်မယ်။ ဘာကြောင့် ဒီလိုမျိုး ဖြစ်ရတာလဲ ဆိုတာကိုလည်း သိချင်ကြပါလိမ့်မယ်။ ဒါကို “ဆံပင်ဖြူအသားဖြူရောဂါ” လို့ ခေါ်ပါတယ်။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေနှင့် ကုသပြုစုနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်ရအောင်ပါ။
ကလေးငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ဆံပင်ဖြူအသားဖြူရောဂါဆိုတာ မျိုးရိုးဗီဇချွတ်ယွင်းမှုများမှတစ်ဆင့် မျိုးရိုးလိုက်တတ်တဲ့ ထူးခြားတဲ့ ရောဂါလက္ခဏာစုတစ်ခု ဖြစ်ပါတယ်။ မျိုးရိုးဗီဇအတွင်း ‘တိုင်ရိုဆီးနေ့စ်’ လို့ခေါ်တဲ့ အင်ဇိုင်းဓာတ် ချို့တဲ့တာမို့ ဒီရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဒီအင်ဇိုင်းက ‘တိုင်ရိုဆင်း’ ဆိုတဲ့ အမိုင်နိုအက်ဆစ်ကို အရေပြား၊ ဆံပင်နှင့် မျက်လုံးတို့ကို အရောင်အဆင်းဖြစ်စေတဲ့ ‘မယ်လနင်’ ဓာတ်အဖြစ်သို့ ပြောင်းလဲပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအင်ဇိုင်းဓာတ် ချို့တဲ့ တဲ့အခါ တိုင်ရိုဆင်းဟာ မယ်လနင်အဖြစ်သို့ ပြောင်းလဲမသွားနိုင်တော့ဘဲ ဆံပင်၊ အရေပြားနှင့် မျက်လုံးအရောင် တို့ကို ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုကို ဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ဒီကလေးဟာ လူဖြူ (Caucasian) ဆိုရင် ပုံမှန်ရှိရမယ့် ပြာလဲ့လဲ့ သို့မဟုတ် အစိမ်းရောင် သို့မဟုတ် အညိုရောင် မျက်လုံးတွေ ရှိနေမှာ မဟုတ် ပါ။ လူဖြူကလေးတွေမှာ မျက်လုံးအရောင်ဟာ အပြာရောင်အဖြစ် ပေါ်လွင်နေမှာမဟုတ်သလို၊ ထိုင်း ကလေးငယ် တွေမှာလည်း ရှိသင့်ရှိထိုက်တဲ့ အညိုရင့်ရောင် သို့မဟုတ် အမည်းရောင် မျက်လုံးများ ရှိမနေဘဲ မီးခိုးရောင် အဖြစ်သာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဆံပင်၊ ကိုယ်ခန္ဓာရှိ အမွှေးအမှင်များနှင့် အသားအရေတို့ သည်လည်း ဖြူဆွတ်နေခြင်း သို့မဟုတ် ဝါဖျော့နေခြင်းတို့ ဖြစ်နေပြီး မိသားစုဝင် အခြားသူများနှင့် သိသိသာသာ ကွဲပြားခြားနားနေမှာ ဖြစ်ပါတယ်။
ဆံပင်ဖြူအသားဖြူရောဂါကို အမျိုးအစားများစွာ ခွဲခြားနိုင်ပါတယ်။ အဓိကအားဖြင့် တစ်ကိုယ်လုံးဆိုင်ရာ ဆံပင်ဖြူအသားဖြူရောဂါ ရှိတဲ့ ကလေးငယ်တွေမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတတ်ပြီး ခေါင်းဆံပင်၊ ကိုယ်အမွေးအမှင်၊ မျက်လုံးနှင့် အရေပြားအရောင်တို့မှာ ပြောင်းလဲမှုတွေကို တွေ့ရနိုင်ပါတယ်။
မိဘများအနေဖြင့် မိမိတို့ကလေးငယ်များ ချော်လဲခြင်း သို့မဟုတ် ထိခိုက်ရှာနာ ရလွယ်ပြီး သွေးထွက်စေနိုင် တဲ့ လှုပ်ရှားမှုများ၊ ဆော့ကစားမှုများ မပြုလုပ်မိစေရန် အထူးဂရုပြု ကာကွယ်ပေးဖို့ လိုပါတယ်။ ကလေးငယ်ကို ဗီတာမင် စီ လုံလောက်စွာ တိုက်ကျွေးပေးရန် အကြံပြုထားပြီး၊ သွေးခဲစေတဲ့ သွေးဥမွှားများ ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်တဲ့ အချို့သော ဆေးဝါးများ တိုက်ကျွေးခြင်းကိုလည်း အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။ အဆိုပါဆေးဝါးတွေဟာ သွေးထွက်ပါက သွေးတိတ်ရန် သိသိသာသာ ပိုမိုခက်ခဲ သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေရရင်တော့ “ကိုယ့်မိသားစု မျိုးရိုးထဲမှာ ဆံပင်ဖြူအသားဖြူရောဂါ ဖြစ်ဖူးတဲ့သူ တစ်ယောက်မှ မရှိရင်တောင်မှ ကိုယ့်ကလေးမှာ ဒီရောဂါပါလာနိုင်ခြေ ရှိသေးလား” ဆိုပြီး တွေးတောပူပန် မိကြပါလိမ့်မယ်။
ဆေးပညာဆိုင်ရာ လေ့လာချက်များအရ ပြောရရင်တော့ “ဆံပင်ဖြူအသားဖြူရောဂါသည် ချွတ်ယွင်းနေ သော မျိုးရိုးဗီဇများမှတစ်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်လာသည့် အခြေအနေမျိုးဖြစ်သောကြောင့် မိသားစုတွင် ရောဂါရာဇဝင်မရှိသော်လည်း သင့်ကလေးတွင် ဤရောဂါပါလာနိုင်ခြေ ရှိနေပါသည်။” လို့ ဖြေရမှာပါ။ ဆိုလိုတာကတော့ ကလေးမှာ ဒီရောဂါ ပါလာဖို့ ဆိုတာ မိခင် သို့မဟုတ် ဖခင်ဖြစ်သူမှာ ဆံပင်ဖြူအသားဖြူရောဂါ ရှိနေစရာမလိုပါ၊ သို့သော် ဒီဗီဇချို့ယွင်းချက်ဟာ မျိုးဆက်များစွာကို ကျော်ဖြတ်ပြီးမှ ပေါ်လာတတ်တဲ့ သဘာဝ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် - ဘိုးဘေး တစ်ဦးမှာ ဒီရောဂါရှိခဲ့ရင် သူ့ရဲ့ သားသမီးဟာ ထိုမျိုးရိုးဗီဇချွတ်ယွင်းချက်ရဲ့ တစ်ဝက်ကို သယ်ဆောင်လာမှာ ဖြစ်ပါ တယ်။ အကယ်၍ အဆိုပါ ဗီဇတစ်ဝက်ဟာ အခြားသောချို့ယွင်းချက်ရှိတဲ့ ဗီဇ တစ်ဝက်နှင့် လာရောက်မပေါင်းဆုံဘူးဆိုရင် ထိုသူမှာ ရောဂါလက္ခဏာ ပေါ်လာမှာမဟုတ်ပါ။ သို့သော်လည်း ရောဂါ လက္ခဏာမပြဘဲ ချွတ်ယွင်းချက်ရှိတဲ့ ဗီဇအသီးသီးကို သယ်ဆောင်ထားကြတဲ့ ဗီဇသယ်ဆောင်သူ နှစ်ဦး အိမ်ထောင်ပြုပြီး သားသမီး မွေးဖွားလာတဲ့အခါမှာတော့ သူတို့ရဲ့ ရင်သွေးငယ်မှာ ဆံပင်ဖြူအသားဖြူ ရောဂါ ပါလာနိုင်ခြေ ရှိသွားတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ မျိုးရိုးဗီဇစစ်ဆေးခြင်းအားဖြင့် ဒီရောဂါအခြေအနေကို တိကျသေချာစွာ ရှာဖွေဖော်ထုတ် ပေးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ကုသမှုများကို စနစ်တကျစီမံရန်နှင့် ကြိုတင်ကာကွယ် နိုင်မယ့် နည်းဗျူဟာများကို ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် မျိုးရိုးလိုက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် နှင့် ပြသဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။
ဆံပင်ဖြူအသားဖြူရောဂါရှိတဲ့ ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်မယ်ဆိုရင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ရေးကိုပါ နှစ်ဦးနှစ်ဖက်လုံး ခြုံငုံမိစေရန် အထူးဂရုပြု စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
အသားအရေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုမှာ တစ်ကိုယ်လုံးမှာ ဖြစ်ပွားတဲ ဆံပင်ဖြူအသားဖြူရောဂါရှိပြီး မယ်လနင်ဓာတ် လုံးဝမရှိတဲ့ ကလေးငယ်တွေကို နေရောင်ခြည်နှင့် ထိတွေ့ခြင်းကို အထူးသတိပြုရပါမယ်။ သဘာဝအရ မယ်လနင်ဓာတ်ဟာ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ အရေပြားကို ကာကွယ်ပေး ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စတဲ့ အသားအရေကို လုံခြုံစွာ ဖုံးအုပ်ပေးနိုင်တဲ့ အဝတ်အစားများကို ဝတ်ဆင်ပေးရမယ့်အပြင် ဦးထုပ်လည်း ဆောင်းပေးရပါမယ်။ နံနက် (၁၀) နာရီမှ မွန်းလွဲ (၂) နာရီအတွင်းက ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို မဖြစ်မနေ ရှောင်ကြဉ်ရပါမယ်။ အနည်းဆုံး SPF 30 ရှိသော နေလောင်ကာခရမ် ကို ခဏခဏလိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ ပြင်းထန်နေရောင်ခြည်နှင့် အချိန်အကြာကြီး ထိတွေ့မိပါက အရေပြားကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်တဲ့အပြင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုပါ သိသိသာသာ မြင့်တက်စေပါတယ်။ အရေပြားကင်ဆာဟာ ဆံပင်ဖြူအသားဖြူရောဂါ ရှိတဲ့ ကလေးငယ်များ အသက်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုအဖြစ် သိကြပါတယ်။ အကယ်၍ အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်စုံတစ်ရာ တွေ့ရှိပါက မိဘများအနေဖြင့် အရေပြားကင်ဆာ ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အရေပြားအထူးကုဆရာဝန်နှင့် ချက်ချင်း ပြသတိုင်ပင်သင့်ပါတယ်။
မျက်လုံး ပြုစုစောင့်ရှောက်ခြင်း
အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအပြင် မျက်လုံးကို ပြုစုစောင့်ရှောက်ခြင်းဟာလည်း ထပ်တူ အရေးကြီးပါတယ်။ ဆံပင်ဖြူအသားဖြူရောဂါရှိတဲ့ ကလေးငယ်တွေမှာ အလင်းဒဏ်မခံနိုင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းနှင့် အဝေးမှုန်ခြင်း စတဲ့ ဝေဒနာများအပါအဝင် အမြင်အာရုံဆိုင်ရာ ပြဿနာများကို အများအားဖြင့် ခံစားရလေ့ ရှိပါတယ်။ ပြင်းထန်အခြေအနေတွေမှာတော့ အမြင်အာရုံ သိသိသာသာ ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားနိုင် ပါတယ်။ ဒါကြောင့် ကလေးငယ်များ အပြင်ထွက်တဲ့အခါတိုင်း နေကာမျက်မှန်ကို အမြဲမပြတ် တပ်ဆင် ပေးထားရပါလိမ့်မယ်။
ကလေး အသက် (၄) လမှ (၆) လအရွယ်ကတည်းက စတင်ပြီး မျက်စိအထူးကုဆရာဝန်နဲ့ စစ်ဆေးပြသဖို့ အကြံပြုထားပြီး၊ ပုံမှန်မဟုတ်တဲ့ မျက်စိရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးနိုင်ဖို့ အတွက် ပထမ (၂) နှစ်အတွင်း (၃) လမှ (၄) လတစ်ကြိမ်၊ အသက် (၂) နှစ်ကျော်ပါက (၆) လမှ (၁) နှစ်တစ်ကြိမ် ချိန်းဆိုပြသ ပေးရမှာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာရေး
ဆံပင်ဖြူအသားဖြူရောဂါရှိတဲ့ ကလေးငယ်တစ်ဦးရဲ့ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး မိဘများအနေနှင့် မိမိတို့ကလေးကို ပတ်ဝန်းကျင်က “ဖယ်ကြဉ်ထားတယ်”ဆိုတဲ့ ခံစားချက်မျိုး မဝင်စေဖို့ အစွမ်းကုန် ကြိုးစားပေးရပါမယ်။ ဆရာ၊ ဆရာမတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပြီး ကလေးငယ်အနေနဲ့ သူတစ်ပါးရဲ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို မခံရစေရေး အနီးကပ် စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို လှောင်ပြောင်ခံရမယ်ဆိုရင် ကလေးဟာ မိမိကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
အခုလို ဆံပင်ဖြူအသားဖြူရောဂါရှင် ကလေးငယ်များနှင့် ပတ်သက်တဲ့ အချက်အလက်များနှင့် ပြုစုကုသ နည်းများကို ဖတ်ရှုပြီးတဲ့အခါမှာ လက်ရှိ အလားတူအခြေအနေနှင့် ရင်ဆိုင်နေကြရတဲ့ မိဘများ အနေနှင့် စိုးရိမ်ပူပန်ပြီး ရတက်မအေးဖြစ်နေမိနိုင်ပါတယ်။ တကယ်တော့ ဆံပင်ဖြူအသားဖြူရောဂါဟာ အမြဲတမ်း ပြင်းထန်ဆိုးရွားနေတတ်တဲ့ ရောဂါမျိုး မဟုတ်ပါကြောင်း ပြောပါရစေ။ ရောဂါရဲ့ သက်ရောက်မှု ဟာ ကလေးမှာဖြစ်ပွားနေတဲ့ ရောဂါအမျိုးအစားပေါ်မှာသာ မူတည်ပါတယ်။ ဒါကြောင့် မိဘများအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ခြင်းမရှိကြဖို့ တိုက်တွန်းလိုပါတယ်။ ရင်သွေးငယ်ကို ပြုစုစောင့်ရှောက်ရေးကိုသာ သေသေချာချာ အာရုံစိုက်ပြီး မှန်ကန်တဲ့ကာကွယ်မှုများကိုသာ ပြုလုပ်ပေးထားမယ်ဆိုပါက အခြားကလေး များနှင့် တန်းတူ သာမန်အတိုင်း ပုံမှန်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်မှာပဲ ဖြစ်ပါတယ်။
ဆောင်းပါးများ