ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း
  • ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် သေစေနိုင်တဲ့ အဓိက အကြောင်းရင်း(၃)ခုထဲမှ တစ်ခုအပါ အဝင်ဖြစ်ပြီး (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) ကို ဖြစ်စေနိုင်ပါတယ်။
  • သွေးတိုးရောဂါဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့ သဘောရှိပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့်သင်ဟာ ယခင်က သွေးတိုးရှိဖူးပြီး ကိုယ်ဝန်ဆောင် ဖြစ်လာပြီဆိုရင် သင့်ရဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် စောနိုင်သမျှအစောဆုံး ဆရာဝန်နဲ့ တိုင်ပင်ကုသလမ်းညွှန်မှု ခံယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းအတွက် ကုသမှုတစ်ခုလုံးဟာ ရောဂါပြင်းထန်မှု နဲ့ရောဂါဖြစ်ပွားစေတဲ့ အခြေအနေများအပေါ် မူတည်နေပါတယ်။ အရမ်းပြင်းထန်တဲ့ အခြေအနေအတွက်ဆိုရင် မိခင်သာမက ကလေးရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပါ ထည့်သွင်းစဉ်းစားရပါမယ်။

ကိုယ်ဝန်စဆောင်ပြီဆိုရင် ကိုယ်ဝန်ကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုကြိုတင်ကာကွယ်ပြီး အကောင်းဆုံးကျန်းမာရေး အခြေအနေတစ်ခု ထိန်းထားနိုင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်လမ်းညွှန်မှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ မိခင်လောင်းတို့အနေနဲ့ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါ ဖြစ်ခြင်းကို အထူးဂရုပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ဖို့ဟာလည်း အရေးကြီး ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့သွေးတိုးရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အသက်အန္တရာယ်ရှိတဲ့ အဓိက အကြောင်းရင်း(၃)ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) ကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရင်ဘာတွေစိုးရိမ်စရာရှိလဲ?

တကယ်လို့ (၄) နာရီခြားတစ်ခါသွေးတိုင်းပြီး (၂) ကြိမ်တိုင်တိုင် အပေါ်သွေးပေါင်ချိန် ၁၄၀ ထက်များမယ် (သို့) အောက်သွေးပေါင်ချိန် ၉၀ ထက်များမယ်  ဆိုရင် အရေးကြီးတဲ့ အောက်ပါ အခြေအနေ(၆) ခုမှာ သတ်မှတ်နိုင်ပါတယ်။

၁။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း(Gestational Hypertension)   : ကိုယ်ဝန်ဆောင်ချိန် (၂၀) ပတ် နောက်ပိုင်း (၄) နာရီခြားတစ်ခါသွေးတိုင်းလို့ (၂) ကြိမ်တိုင်တိုင် အပေါ်သွေးပေါင်ချိန် ၁၄၀ အထက် (သို့) အောက်သွေးပေါင်ချိန် ၉၀ အထက် နဲ့ မွေးဖွားပြီး (၁၂) ပတ်အကြာမှာ ပုံမှန် သွေးပေါင်ချိန်ကို ပြန်လည်ရောက်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။

၂။ ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) (ပြင်းထန်လက္ခဏာပြတာလည်းရှိ မပြတာလည်းရှိ)

  • ဆီးတွင်းပရိုတိန်းဓာတ်(Proteinuria)တွေ့ရတဲ့ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း
    • (၂၄) နာရီအတွင်း ဆီးထဲတွင် ပရိုတိန်း(သို့)အယ်လ်ဗျူမင် (Albumin) ပါဝင်မှု (၃၀၀) မီလီဂရမ်နှင့်အထက် ရှိနေခြင်း ။
  • ဆီးအတွင်းပရိုတိန်းမရှိဘဲ  ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းဟာ အောက်ပါရောဂါ များကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    • သွေးဥမွှားအရေအတွက်လျော့နည်းခြင်း(Thrombocytopenia)
    • ကျောက်ကပ်လုပ်ဆောင်မှုအားနည်းခြင်း(Renal Insufficiency)
    • အသည်းပျက်စီးခြင်း
    • အဆုတ်ရောင်ခြင်း
  • ပြင်းထန်လက္ခဏာများနှင့်ဆီးထဲတွင်ပရိုတိန်းပါဝင်ခြင်း
    • အပေါ်သွေး (၁၆၀) အထက် (သို့) အောက်သွေး (၁၁၀) အထက်
    • သွေးဥမွှားအရေအတွက်လျော့နည်းခြင်း
    • ကျောက်ကပ်လုပ်ဆောင်မှုအားနည်းခြင်း
    • အသည်းပျက်စီးခြင်း
    • အဆုတ်ရောင်ခြင်း
    • အမြင်အာရုံအားနည်းခြင်း
    • ဆေးမတိုးသည့်ခေါင်းကိုက်ဝေဒနာ
  • ပြင်းထန်ကိုယ်ဝန်ဆိပ်တက်ခြင်း(HELLP syndrome) :  မိခင်ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှု နှုန်း မြင့်မားခြင်း
    • သွေးနီဥပျက်စီးခြင်း၊ အသည်းအင်ဇိုင်းတက်ခြင်း၊ သွေးဥမွှားအရေအတွက်နည်းခြင်း
  • ကိုယ်ဝန်အဆိပ်ကြောင့်တက်ခြင်း(Eclampsia): ကြွက်သားများကျုံ့လိုက်ဆန့်လိုက်ဖြစ်ကာ တက်ခြင်း(Convulsion)
    • မိခင်ကိုသေဆုံးစေနိုင်သည့်ထင်ရှားတဲ့အကြောင်းအရင်း
  • နာတာရှည်သွေးတိုးခြင်း(Chronic hypertension): ကိုယ်ဝန်မဆောင်ခင်က တည်းက သွေးတိုးရောဂါအခံရှိသူ (သို့) ကိုယ်ဝန်ဆောင်ချိန် (၂၀)ပတ်မတိုင်ခင် ကတည်းကသွေးတိုးရောဂါဖြစ်သူ။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရောဂါဖြစ်ခြင်းကိုကုသနိုင်မည့်နည်းလမ်းများ

၁။ ကုသမှုများဟာ ရောဂါပြင်းထန်မှုနဲ့ ကိုယ်ဝန်ဆောင်ကာလအပေါ်မှာ မူတည်ပါတယ်။ သွေးတိုးရောဂါရှိနေကြောင်း အတည်ပြုချိန်မှာ ဆရာဝန်များအနေနဲ့ ရောဂါအခြေအနေကို စစ်ဆေးဖို့ ဆေးရုံတက်ဖို့ ညွှန်ကြားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရောဂါလက္ခဏာများ၊ မိခင်နှင့်ကလေးကျန်းမာရေး အခြေအနေများကိုပါ သေချာစောင့်ကြည့် စစ်ဆေးမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆိပ်တက်နေတယ်ဆိုရင် ဆရာဝန်များမှ ကိုယ်ဝန်ဆိပ်တက်ခြင်း(သို့) ကိုယ်ဝန်ဆိပ်ကြောင့်တက်ခြင်း မှ နောက်ဆက်ဖြစ်လာတဲ့ ပြင်းထန်ရောဂါလက္ခဏာများကို ကာကွယ်ဖို့ လိုအပ်တဲ့ဆေးဝါးတချို့ကို သွေးပေါင်ကျ ဆေးဝါးများနဲ့တွဲပြီး သောက်ဖို့ ညွှန်ကြားပေး မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဟာ လစေ့တဲ့အချိန်ရောက်ရင်(သို့) မိခင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုဆိုးလာတဲ့အခြေအနေမှာ မိခင်ကို ကလေးမွေးအောင် လှုံ့ဆော် လုပ်ဆောင်ပေးပြီး သားအိမ်ခေါင်း(Cervix) ဟာလည်း ကလေးမွေးဖို့ အဆင်သင့်ဖြစ် နေမှာပါ။ တကယ်လို့ သားအိမ်ခေါင်းက အဆင်သင့်မဖြစ်သေးဘူး (သို့) အချင်းကသားအိမ်ကိုပိတ်နေခြင်း (Placenta Previa) ၊ သန္ဓေသားအရွယ်ကြီးလွန်းခြင်း(Fetal Macrosomia) စတဲ့ အခြေအနေတွေ ကြုံလာမယ်ဆိုရင် ခွဲစိတ်မွေးဖွားခြင်း(Caesarean Birth) ကို အစားထိုးရွေးချယ်ရမှာဖြစ်ပါတယ်။

၂။ ကိုယ်ဝန်လမစေ့သေးသူများနဲ့ မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေများကို ကိုင်တွယ်ကုသဖို့ ခက်ခဲနေသူများအနေနဲ့ကတော့  ဆရာဝန်များဘက်မှကြည့်ရင် မိခင်ရောကလေးအတွက်ပါ အန္တရာယ်အရမ်းကြီးတာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ကို စဉ်းစားကောင်း စဉ်းစားရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရောဂါဖြစ်သူအမျိုးသမီးများအတွက်အကြံဥာဏ်များ

  • ကောင်းစွာအနားယူပြီးစိတ်ဖိစီးမှုများကိုရှောင်ရှားပါ
  • တစ်နေ့အတွင်းသန္ဓေသားလှုပ်ရှားမှုကိုစောင့်ကြည့်ရေတွက်ပါ
  • အန္တရာယ်အရိပ်အယောင်ပြတဲ့အခြေအနေတွေကို ကိုယ်တိုင်စောင့်ကြည့်ပါ (ခေါင်းကိုက်ခြင်း ၊ အမြင်အာရုံအားနည်းခြင်း ၊ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း)
  • ဆရာဝန်နှင့်တိုင်ပင်ပြသခြင်းဖြင့်အခြေအနေကိုသေချာစောင့်ကြည့်ပါ

တကယ်လို့ မိခင်လောင်းအနေနဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေ(သို့) သန္ဓေသားဟာ တစ်နေ့တည်းမှာ (၁၀) ကြိမ်အောက်သာ လှုပ်ရှားမှုရှိတယ်ဆိုရင် ဆေးဘက်ဆိုင်ရာကုသမှုများကို ချက်ချင်းခံယူသင့်ပါတယ်။

ကလေးမွေးဖွားပြီးနောက်ဖြစ်တဲ့သွေးတိုးရောဂါကိုစစ်ဆေးစောင့်ကြည့်ခြင်း

ကလေးမွေးလိုက်ပြီးနောက်ပိုင်း မိခင်ရဲ့ သွေးပေါင်ချိန်ဟာ သာမန် အခြေအနေကို ချက်ချင်းပြန်မရောက်နိုင်ပါဘူး။ ဒါကြောင့် အသစ်စက်စက်မိခင်တို့အနေနဲ့ မွေးဖွားပြီးနောက် သွေးပေါင်ချိန်စစ်ဆေးမှုကို သေချာပြုလုပ်သင့်ပါတယ်။ အများအားဖြင့် ကလေးမွေးဖွားပြီးနောက် ပထမဆုံး (၁၂) ပတ်အတွင်းမှာ သွေးပေါင်ချိန်ဟာ ပုံမှန်အခြေအနေကို ပြန်မရောက်ပါဘူး။ တကယ်လို့ ဒီလိုအချိန်ကျော်တဲ့အထိ သွေးပေါင်ချိန်ဟာ မြင့်မားနေဆဲ ဆိုရင်တော့ အရင်ကတည်းက သွေးတိုးရှိတယ်ဆိုတာကို သိထားရမှာဖြစ်ပြီး တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန် တိုင်ပင် ကုသသင့်ပါတယ်။

သွေးတိုးရောဂါဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့ သဘောရှိပြီး တစ်ကြိမ်ထက်တ စ်ကြိမ် ပိုမို ပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့် နောက်အကြိမ်တွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ကိုယ်ဝန်ရှိနေပြီလို့ သိတာနဲ့တစ်ပြိုင်နက် ဆက်စပ်ကျန်းမာရေးပြဿနာများနဲ့ က်ိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) အန္တရာယ်များ ဖြစ်လာနိုင်တာကြောင့် ဆရာဝန် နဲ့ သေချာတိုင်ပင်ပြီး စောင့်ရှောက်မှုခံယူသင့်ပါတယ်။

မိမိတို့ရဲ့ ကိုယ်ဝန်ကို ကျွမ်းကျင်ဆရာဝန်များအဖွဲ့နဲ့ တိုင်ပင်ပြသခြင်းဟာ အရမ်း အရေးကြီးပါတယ်။ ဒါ့အပြင်ဒီအဖွဲ့မှာ ပါဝင်တဲ့ဆရာဝန်တစ်ယောက်ချင်း စီတိုင်းဟာ သင့်အတွက် ကိုယ်အလေးချိန်တိုင်းခြင်း ၊ သွေးပေါင်ချိန်တိုင်းခြင်း ၊ ဆီးထဲရှိ ဂလူးကို့စ်နဲ့ ပရိုတိန်းစစ်ဆေးခြင်း စတာတွေကို လုပ်ဆောင်ပေးမှာဖြစ် လို့ ဆရာဝန်အားလုံးနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လည်း အရေးကြီးပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတိုးဖြစ်နိုင်တဲ့ အကြောင်းအရင်းများကို ရှာဖွေအတည်ပြုနိုင်တယ်ဆိုရင် ဆရာဝန်များအနေနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းအပါ အဝင် တခြားသော ကျန်းမာရေးပြဿနာများကို ကုသမှု နဲ့ ကာကွယ်မှုများ လုပ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။