အပူလျှပ်ခြင်းဟာ ထိုင်းနိုင်ငံလို ပူအိုက်စိုစွတ်သော ရာသီဥတုမှာ Trail နဲ့ Ultra အပြေးသမားများအတွက် အသက်အန္တရာယ်ရှိစေနိုင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ အပြေးပြိုင်ပွဲများတွင် ဘေးကင်းလုံခြုံစွာ ယှဉ်ပြိုင်နိုင်ရန်အတွက် အပူလျှပ်ခြင်းရဲ့ လက္ခဏာများ၊ အကြောင်းရင်းများနဲ့ ကာကွယ်နည်းများကို သိရှိထားဖို့ရန် အပြေးသမားတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
အပူလျှပ်ခြင်း ဆိုတာ အပူချိန်မြင့်မားသော ပတ်ဝန်းကျင်တွင် အပူဒဏ်ကို အချိန်ကြာကြာ ထိတွေ့ခံစားရခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသော အာရုံကြောဗဟိုစနစ်ဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ယင်းအခြေအနေတွင် ကိုယ်ခန္ဓာအတွင်းရှိ အဓိကအပူချိန်သည် ၄၀ ဒီဂရီ ဆဲလ်စီယပ်ထက် ပိုမိုမြင့်တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက် မြန်ဆန်လာတာကြောင့် ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း အပူရှိန်တက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကို မြှင့်တင်ပြီး အပူများ ထုတ်ပေးသလို၊ ချွေးထွက်ခြင်းအားဖြင့်လည်း ကိုယ်အပူချိန်ကို ပြန်လျှော့ချပေးပါတယ်။ သို့သော် အလွန်အမင်း ပူပြင်းသောရက်များတွင် ပြင်ပအပူချိန်ဟာ ကျွန်တော်တို့ အရေပြားအပူချိန်နဲ့ ထပ်တူနီးပါး ဖြစ်နေသောအခါ ချွေးထွက်ရုံနဲ့တင် ခန္ဓာကိုယ်ကို ထိရောက်စွာ အေးမြအောင် မလုပ်ပေးနိုင်တော့ဘဲ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိဖို့ ခက်ခဲလာခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အပူရှိန်ပြင်းပြီး စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီး နေမိသောအခါ ခန္ဓာကိုယ်က သူ့ဘာသာသူ အေးအောင်လုပ်နိုင်စွမ်း ကျဆင်းသွားပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ချွေးပိုထွက်အောင် သွေးကြောတွေကို ချဲ့လိုက်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် နှလုံးဆီကို ပြန်ရောက်မယ့် ခန္ဓာကိုယ်တွင်းအရည်ကြည် လှည့်ပတ်စီးဆင်းမှု လျော့နည်းသွားပြီး အပူကြောင့် မူးမော်ခြင်း၊ သတိလစ်ချင်သလို ဖြစ်ခြင်းအပြင် သတိလစ်မေ့မြောသွားတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။
အပူလျှပ်ခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ခန်းခြောက်ခြင်း နဲ့ ဓာတ်ဆားဓာတ် မမျှတမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ကြွက်သားများရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး ကြွက်တက်ခြင်းနဲ့ အပူဒဏ်ကြောင့် မူးမော်ခြင်းများ ဖြစ်ပွားစေနိုင်ပါတယ်။ အကယ်၍ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းအပူချိန်ကို အချိန်မီ မထိန်းချုပ်နိုင်ပါက အပူရှိန်ဟာ ဆက်တိုက်မြင့်တက်နေမှာဖြစ်ပြီး "ကြွက်သားထိခိုက် ပျက်စီးခြင်း" (Rhabdomyolysis) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒီပျက်စီးသွားတဲ့ ကြွက်သားများမှ အဆိပ်အတောက်များဟာ သွေးကြောထဲကို စီးဝင်သွားပြီး ကျောက်ကပ်ကို ထိခိုက်စေတဲ့အပြင် ကျောက်ကပ်ပျက်စီးတဲ့အထိပါ ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် အပူလျှပ်ခြင်းဟာ နှလုံးရဲ့ လုပ်ဆောင်ချက်ကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်များ စုပုံလာခြင်း၊ ခန္ဓာကိုယ်တွင်း အနှံ့အပြား ရောင်ရမ်းခြင်းနဲ့ သွေးခဲခြင်းများ (အထူးသဖြင့် ဦးနှောက်အတွင်းရှိ သွေးကြောငယ်လေးတွေမှာ) ဖြစ်ပွားစေနိုင်ပါတယ်။ ဤကဲ့သို့အခြေအနေမျိုးဟာ တက်ခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ ကိုယ်တွင်းအင်္ဂါအတော်များများ တစ်ပြိုင်နက် ပျက်စီးခြင်းများအထိ ဖြစ်စေနိုင်ပြီး ချက်ချင်းကုသမှု မခံယူပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
အပူလျှပ်ရခြင်းရဲ့ အဓိကအကြောင်းရင်းများ မှာ ပြင်းထန်တဲ့ အပူရှိန်နဲ့ တိုက်ရိုက်ထိတွေ့မိခြင်း၊ အပူဒဏ်ခံနိုင်ရည်နည်းတဲ့ အုပ်စုဝင်များဖြစ်ခြင်း (ဥပမာ - ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ သို့မဟုတ် ပူအိုက်တဲ့ ရာသီဥတုနဲ့ ယဉ်ပါးမှုမရှိသူများ) နဲ့ အပြင်ဘက်မှာ အားကစားလုပ်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ခရီးဝေးအပြေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း စတဲ့ လှုပ်ရှားမှုများကြောင့် အပူရှိန်အောက်တွင် အချိန်အကြာကြီး နေမိခြင်းတို့ကြောင့် ဖြစ်ပါတယ်။
အပူလျှပ်တဲ့အဆင့် မရောက်မှီ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တဲ့ ရှေ့ပြေးလက္ခဏာများ အရင်ပြတတ်ပါတယ်။ ၎င်းမှာ မူးမော်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ သွေးခုန်နှုန်းမြန်ပြီး အားနည်းနေခြင်းနဲ့ ကြွက်တက်ခြင်းများသာ ဖြစ်ပါတယ်။ ဤလက္ခဏာများကို လျစ်လျူရှုထားမိပါက ပိုမိုဆိုးရွားသော အပူလျှပ်ခြင်းလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခါ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပျို့အန်ခြင်း၊ ချွေး လုံးဝမထွက်တော့ခြင်း၊ အရေပြား နီမြန်းပြီး ပူရှိန်းရှိန်းဖြစ်လာခြင်း၊ တက်ခြင်းနဲ့ သတိလစ်မေ့မြောခြင်းများအထိ ခံစားရနိုင်ပါတယ်။
အပူလျှပ်ခြင်းလက္ခဏာတွေ စတင်ခံစားရတာနဲ့ တစ်ပြိုင်နက် အပြေးသမားများအနေဖြင့် အေးမြပြီး လေဝင်လေထွက်ကောင်းသောနေရာကို အမြန်ဆုံးရှာဖွေရပါမယ်။ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ချောင်ချိအောင် မလိုအပ်တဲ့အဝတ်များကို ဖယ်ရှားပြီး ရေကိုလည်း တစ်ငုံချင်းစီ ပုံမှန်သောက်ပေးရပါမယ်။ ချိုင်းကြားနဲ့ လည်ပင်းတစ်ဝိုက်ကိုရေအေးစိမ်ထားသောအဝတ်နဲ့ ရေပတ်တိုက်ပေးခြင်းမျိုး လုပ်ဆောင်ပေးသင့်သလို၊ နှလုံးဆီသို့ သွေးလည်ပတ်မှု ကောင်းမွန်စေရန် ခြေထောက်ကို အနည်းငယ် မြှင့်ပြီး လှဲနေရပါမယ်။ အကယ်၍ အခြေအနေ ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ပြိုင်ပွဲတာဝန်ရှိသူများကို ချက်ချင်း အကြောင်းကြားရပါမယ်။
အကယ်၍ အပြေးသမားတစ်ယောက် သတိလစ်နေတာကို တွေ့ရှိခဲ့ရင်တော့ သူတို့ရဲ့ ကိုယ်အပူချိန် ကျဆင်းသွားစေဖို့အတွက် လည်ပင်း၊ ခြေထောက်နဲ့ ချိုင်းကြားတို့တွင် ရေခဲအိတ်များ ကပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါအပြေးသမားကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့အတွက် အရေးပေါ်အကူအညီကိုလည်း ချက်ချင်း ခေါ်ဆိုရပါမယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့အပူရှိန် သို့မဟုတ် ပူအိုက်တဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရတဲ့အခါ အရေပြားနားမှာရှိတဲ့ သွေးကြောတွေဆီကို သွေးလည်ပတ်မှု ပိုမိုစီးဆင်းစေခြင်းဖြင့် တုံ့ပြန်တတ်ပါတယ်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် ချွေးထွက်နှုန်း ပိုများလာသလို တစ်ဖက်မှာလည်း ချွေးနဲ့အတူ ဆိုဒီယမ် (ဓာတ်ဆား) ဓာတ်များ အလွန်အကျွံ ဆုံးရှုံးမသွားအောင် ခန္ဓာကိုယ်က ပြန်လည်ထိန်းညှိပေးပါတယ်။ အားကစားသမားတွေအနေဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်အထိ အေးမြအောင် ထိန်းထားနိုင်မလဲဆိုတာကတော့ ချွေးထွက်နိုင်စွမ်း၊ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုအဆင့် စတဲ့ အချက်အလက်များအပေါ်တွင် မူတည်နေပါတယ်။
အားကစားနဲ့ ဆေးပညာရှင်များဟာ ပူပြင်းလွန်းသော အချိန်များတွင် လေ့ကျင့်ခန်းလုပ်မယ့်သူများအတွက် အခုလို အကြံပြုချက်နဲ့ သတိပေးချက်များကို ထုတ်ပြန်ထားပါတယ်
ထိရောက်မှုရှိတဲ့ အားကစားအချိုရည်တစ်ခွက်မှာ အောက်ပါပါဝင်ပစ္စည်း အချိုးအစားများ ပါဝင်သင့်ပါတယ်။
ရေ၊ ဂလူးကို့စ်နဲ့ ဆိုဒီယမ်တို့ကို အချိုးအစား မှန်ကန်စွာ ဖော်စပ်ထားခြင်းဟာ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဒါဟာ ရိုးရိုးသောက်ရေထက် အားကစားအချိုရည်ကို ပိုပြီးရွေးချယ်သင့်သော အဓိကအကြောင်းရင်းဖြစ်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ခန္ဓာကိုယ်ဟာ တစ်နာရီကို ကာဗိုဟိုက်ဒရိတ် ၆၀ ဂရမ် ခန့်အထိ စုပ်ယူနိုင်စွမ်းရှိတာကြောင့် တစ်ကြိမ်ကို တစ်နာရီထက်ပိုပြီး ပြေးတော့မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အားကစားအချိုရည်ဟာ အလွန်အသုံးဝင်ပါတယ်။
အထူးသဖြင့် ပူအိုက်တဲ့ ရာသီဥတုတွင် ၄ နာရီထက်ပိုပြီး ပြေးမယ့်သူများအတွက် ဆုံးရှုံးသွားသော ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်များကို ပြန်ဖြည့်တင်းပေးရန် အားကစားအချိုရည်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးရေကိုပဲ အလွန်အကျွံသောက်မိပါက သွေးထဲရှိ ဆိုဒီယမ်ပမာဏကို ကျဆင်းစေနိုင်လို့ပါ။ အကယ်၍ ဆုံးရှုံးသွားတဲ့ ပမာဏထက် ရေကို ပိုပြီးသောက်မိမယ်ဆိုရင် "ရေဆိပ်သင့်ခြင်း" (Water poisoning) သို့မဟုတ် သွေးထဲမှာ ဆိုဒီယမ်ဓာတ် အလွန်အမင်းနည်းပါးသွားသော အခြေအနေ (Hyponatremia) မျိုး ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက ပူအိုက်တဲ့နိုင်ငံများရဲ့ နွေရာသီမှာ ကျင်းပတဲ့ ခရီးဝေးအပြေးပြိုင်ပွဲများတွင် ဤကဲ့သို့ဖြစ်ရပ်များ ခပ်စိပ်စိပ် တွေ့လာရတာပဲ ဖြစ်ပါတယ်။
အပြေးသမားများအတွက် အန္တရာယ်ရှိနိုင်တဲ့ သတင်းများ ရှိနေသော်လည်း လှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စိတ်လှုပ်ရှားစရာ လမ်းကြောင်များကြောင့် Trail နဲ့ တခြား ခရီးဝေးအပြေးပြိုင်ပွဲတွေကို လျှောက်ထားသူ အရေအတွက်ဟာ အရင်ကထက် ပိုများလာပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ လေ့ကျင့်မှုရှိဖို့နဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိရှိထားဖို့က အရေးကြီးသလို၊ အပူလျှပ်ခြင်းကို ဖြစ်စေနိုင်တဲ့ စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်အတွက် ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးနိုင်တဲ့အထိ ဆိုးရွားတဲ့ အခြေအနေများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Trail နဲ့ Ultra အပြေးလောကဟာ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားတွေကို ပေးစွမ်းနိုင်ပေမဲ့ အားကစားသမားများရဲ့ ဘေးကင်းလုံခြုံမှုအတွက် စနစ်တကျ ပြင်ဆင်ရန်၊ အန္တရာယ်များကို သတိပြုရန်နဲ့ ရေဓာတ်ကို လုံလောက်စွာ ဖြည့်တင်းရန် အလွန်အရေးကြီးပါတယ်။ အပူလျှပ်ခြင်းအကြောင်းကို သေချာနားလည်ပြီး သင့်တော်တဲ့ ကာကွယ်မှုများ ပြုလုပ်ခြင်းက ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာများနဲ့ အသက်အန္တရာယ် ဖြစ်ပွားမှုများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ