နှလုံးအဆို့ရှင် ပုံမှန်မဟုတ်ဘဲ ကျွံဝင်နေခြင်း (Heart Valve Prolapse)

နှလုံးအဆို့ရှင် ပုံမှန်မဟုတ်ဘဲ ကျွံဝင်နေခြင်း (Heart Valve Prolapse)

နှလုံးအဆို့ရှင်ကျွံခြင်း (Heart Valve Prolapse) ဆိုရာမှာ မစ်ထရယ်အဆို့ရှင်ကျွံခြင်း (Mitral Valve Prolapse - MVP) ဟာ အဖြစ်အများဆုံး ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဖြစ်ပွားမှုနှုန်းမှာ ၁ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းခန့်ရှိပြီး အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ MVP ဖြစ်ပွားမှုနှုန်းနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းများ၊ အချက်အလက်ထုတ်ပြန်ချက်များ နဲ့ မှတ်တမ်းတင်ထားမှုရယ်လို့တော့ မရှိသေးပါ။

မစ်ထရယ်အဆို့ရှင်ပုံမှန်မဟုတ်ဘဲကျွံဝင်နေခြင်း (MVP) ဟာ မျိုးရိုးလိုက် မျိုးဗီဇအခြေအနေတစ်ရပ် (Familial MVP) လည်း ဖြစ်နိုင်ပါတယ် ။ ဒါ့အပြင် မွေးကတည်းက မာဖန်ရောဂါလက္ခဏာစု (Marfan’s Syndrome) နဲ့ ပတ်သက်တဲ့ ဆက်စပ်တစ်သျှူးရောဂါများ၊ ဗွန်ဝီလီဘရန်ရောဂါ (Von Willebrand’s disease) လို့ ခေါ်တဲ့ သွေးမတိတ်ရောဂါ စတာတွေ ပါလာတဲ့ သူတွေမှာလည်း အတွေ့ရ များတတ်ပါတယ်။  အဆိုပါ အခြေအနေတွေ ကြောင့် တွယ်ဆက်တစ်သျှူးများအတွင်း အချွဲဓာတ်များ စုပုံလာကာ တစ်သျှူးများ ပျက်စီးအားနည်းလာခြင်း (Myxomatous degeneration) ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် နှလုံးအဆို့ရှင်ဟာ ပုံမှန်ထက် ပိုမိုရှည်လျားလာပြီး ပျော့ပြောင်းလွန်းသွားတဲ့အတွက် အဆို့ရှင်ကို သေချာစွာ မပိတ်နိုင်တော့ပါ။ ဒါကြောင့် အဆို့ရှင်ပိတ်ဖို့ လုပ်ဆောင်တဲ့အခါ အဆို့ရှင်နှစ်ခုဟာ တစ်ခုပေါ်တစ်ခု ထပ်သွားတတ်ပါတယ်။ အဆို့ရှင်ရဲ့ တချို့အစိတ်အပိုင်းတွေဟာ နှလုံးဘယ်ဘက်အပေါ်ခန်း (Left atrium) ထဲသို့ ပြန်ကျွံဝင်သွားကာ သွေးနောက်ပြန်စီးခြင်း (Regurgitation) ကို ဖြစ်စေနိုင်ပါတယ်။ သို့သော် လူနာအများစုမှာတော့ အဆိုပါ သွေးနောက်ပြန်စီးခြင်းမှာ အနည်းငယ်မျှသာ ရှိတတ်ပါတယ်။

မစ်ထရယ်အဆို့ရှင်ကျွံဝင်ခြင်း (MVP) အခြေအနေဟာ နှလုံး၏ ဘယ်ဘက်နဲ့ ညာဘက် အပေါ်ခန်းနှစ်ခုကြားရှိ နံရံမှာ ပုံမှန်မဟုတ်ဘဲ အပေါက်ပါခြင်း (Secundum atrial septal defect - ASD) နဲ့လည်း ဆက်စပ်နေတတ်ပါသေးတယ်။ ဒါတင်မက နှလုံးဘယ်ဘက်ခြမ်းရှိ ပုံမှန်မဟုတ်သော လျှပ်စစ်စီးကြောင်း လမ်းကြောင်းများ (Left-sided atrioventricular bypass tracts) နဲ့ နှလုံးခုန်နှုန်းမမှန်ခြင်း (Supraventricular arrhythmias) ခံစားနေရတဲ့ လူနာများတွေမှာလည်း MVP ရောဂါကို တွေ့ရှိရလေ့ ရှိပါတယ်။

ဒီရောဂါဟာ ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါ။ ကျန်းမာရေးစစ်ဆေးဖို့ လာရောက်တဲ့သူတွေမှာ နှလုံးအသံတွေ ပုံမှန်မဟုတ်တာကို ဆရာဝန်ကနားထောင်စစ်ဆေးရာက တစ်ဆင့် ရောဂါရှိနေတာကို စတင်သိရှိနိုင်တာပဲ ဖြစ်ပါတယ်။ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း - အက်ကိုး (Echocardiography) ရိုက်ခြင်းဖြင့် မစ်ထရယ်အဆို့ရှင်ကျွံဝင်နေခြင်း (MVP) ကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။

မစ်ထရယ်အဆို့ရှင်မှ သွေးနောက်ပြန်စီးခြင်း (Mitral Regurgitation - MR) ဝေဒနာကို ပြင်းထန်စွာ ခံစားနေရတဲ့ MVP လူနာတွေမှာ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း (Congestive Heart Failure - CHF) ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အဆုတ်ကိုသွားတဲ့ သွေးလွှတ်ကြောတွေမှာ သွေးဖိအား ပုံမှန်ထက် များလွန်းနေတဲ့ အဆုတ်သွေးလွှတ်ကြောအတွင်း ပြင်းထန်သွေးတိုးခြင်း (Pulmonary Hypertension - PHT) နဲ့ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းဖြစ်တဲ့ နှလုံးစည်းချက်မမှန်ခြင်း (Atrial Fibrillation - AF) တို့လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက် ၄၅ နှစ်အောက် MVP လူနာများတွင် သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic stroke) ဖြစ်နိုင်ခြေရှိပြီး ၊ အသက် ၄၅ နှစ်နဲ့ အထက်တွင်မူ အဆိုပါလေဖြတ်နိုင်ခြေမှာ သာမန်လူများနှင့် အတူတူပဲ ဖြစ်ပါတယ်။ မစ်ထရယ်အဆို့ရှင်ကျွံဝင်ခြင်းဝေဒနာ ခံစားနေရသူများရဲ့ နှစ်စဉ်သေဆုံးနှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သာ ရှိပြီး ရေရှည်စောင့်ကြည့် စစ်ဆေးနေတဲ့ လူနာတွေမှာတော့ ရုတ်တရက်သေဆုံးနိုင်ခြေဟာ နှစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါတယ်။

ရောဂါလက္ခဏာ မပြဘူးဆိုရင် ကုသမှုခံယူဖို့ မလိုအပ်ပါ။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် ရင်တုန်ခြင်း သို့မဟုတ် ရင်ဘတ်ထဲက တင်းကြပ်ခြင်းများ ခံစားရပါက ဆေးသောက်ရပါမယ်။ ဒီရောဂါရှိသူတွေဟာ ပုံမှန်အတိုင်း ဆက်လက်နေထိုင်နိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်ပြုလုပ်နိုင် ပါတယ်။ သို့သော် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အားကစားလှုပ်ရှားမှုတွေကိုတော့ ရှောင်ကြဉ်ရမှာဖြစ်ပြီး ဆရာဝန်ရဲ့ လမ်းညွှန်အကြံပြုချက်ကို ခံယူသင့်ပါတယ်။ မစ်ထရယ်အဆို့ရှင် ကျွံရုံကျွံနေသူများ (သွေးနောက်ပြန်စီးခြင်း မရှိသူများ) အတွက် ၃ နှစ်မှ ၅ နှစ်လျှင် တစ်ကြိမ် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း - အက်ကိုး (Echocardiogram) ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ သွေးနောက်ပြန်စီးခြင်း (Regurgitation) ရှိတဲ့ လူနာ တွေကတော့ နှစ်စဉ် အက်ကိုးရိုက်စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။ 

မစ်ထရယ်အဆို့ရှင်မှ သွေးနောက်ပြန်စီးခြင်း ပြင်းထန်နေသောလူနာများ (MR) သို့မဟုတ် နှလုံးအလုပ်မလုပ် နိုင်တော့ခြင်း (CHF) ဖြစ်နေသော လူနာများကို မစ်ထရယ်အဆို့ရှင်ပြုပြင်ခွဲစိတ်ကုသမှု (Mitral valve repair surgery) သို့မဟုတ် အဆို့ရှင် အသစ်လဲလှယ်ခြင်း ခွဲစိတ်ကုသမှု (Valve replacement surgery) စတာတွေနဲ့ ကုသပေးနိုင်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic stroke) ကြောင့် ကိုယ်တစ်ခြမ်းသေခြင်း သို့မဟုတ် လေဖြတ်ခြင်း ခံစားနေရတဲ့ လူနာတွေကိုတော့ အနီးကပ်စောင့်ကြည့်ရမှာဖြစ်ပြီး အက်စပရင် (Aspirin - ASA) သို့မဟုတ် ဝါဖရင် (Warfarin) ကဲ့သို့သော သွေးကျဲဆေးများကို မှန်မှန်တိုက်ကျွေးပေးရပါမယ် ဆိုတာကို နှလုံးအဆို့ရှင် ပုံမှန်မဟုတ်ဘဲ ကျွံဝင်နေခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတအနေနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

Complete a risk assessment for genetic conditions at:

အဆင့်သတ်မှတ်ချက်