ကလေးများမှာဖြစ်တဲ့နှလုံးရောဂါအကြောင်းသိကောင်းစရာ

ကလေးများမှာဖြစ်တဲ့နှလုံးရောဂါအကြောင်းသိကောင်းစရာ

ကလေးငယ်လေးများဟာ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတွေလို့ တင်စားလေ့ရှိကြ ပါတယ်။ ကလေးများဟာ မိသားစုဝင်များကို ရယ်မောစေခြင်း၊ မျက်ရည်ကျစေခြင်း၊ ဂုဏ်ယူစရာဖြစ်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း စသဖြင့် ခံစားမှုရသအဖုံဖုံကို ပေးစွမ်းပေမယ့်လည်း တကယ်တမ်းမှာ မိသားစုဘဝလေးထဲကို ချစ်ခင်ကြည်နူးခြင်းများ ယူဆောင်လာလေ့ရှိပါတယ်။ တုနှိုင်းမဲ့ရတနာ ကလေးများရဲ့ဘဝဟာ တန်ဖိုးမဖြတ်နိုင် ပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ ထိလွယ်ရှလွယ်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတစ်ယောက် နှလုံးရောဂါခံစားနေရပြီဆိုရင်ပေါ့။

ကလေးများဖြစ်တဲ့ နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှုပ်ထွေးတဲ့ ရောဂါပြဿနာ အမျိုးမျိုး ရှိနေပါတယ်။ ဘာလို့လဲဆိုတော့  ကနဦး စဖြစ်တဲ့အချိန်မှာ ရောဂါလက္ခဏာ မပြခြင်း၊ တချို့အခြေအနေ တွေမှာ အကြောင်းအရင်းတိတိပပ မသိရတာကြောင့် ရောဂါရှာဖွေရခက်ခဲခြင်း၊ ကြိုတင်ကာကွယ်ဖို့ခက်ခဲခြင်း စတဲ့အကြောင်းအရင်းတွေ ကြောင့်ပဲဖြစ်ပါတယ်။ ကလေးများကို နှလုံးရောဂါဖြစ်ပွားစေတဲ့အကြောင်းအရင်းများ ကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း၊ ဝက်သက်ရောဂါ၊ မျိုးရိုးလိုက်တဲ့ရောဂါများ၊ ကိုယ်ဝန်ဆောင်ချိန်မှာမိခင်သောက်ခဲ့ဆေးဝါးများရဲ့အကျိုးဆက် စတာတွေပဲ ဖြစ်ပါတယ်။

ကလေးများမှာဖြစ်ပွားလေ့ရှိတဲ့ နှလုံးရောဂါကို အဓိကအားဖြင့် မွေးရာပါနှလုံးရောဂါ (Congenital Heart Disease) နဲ့ တခြားအကြောင်းအရင်းကြောင့်ဖြစ်တဲ့နှလုံးရောဂါ (Acquired Heart Disease) ဆိုပြီး အုပ်စု (၂)ခု ခွဲခြားနိုင်ပါတယ်။ ဒီအမျိုးအစား (၂) ခုမှာ မွေးရာပါနှလုံးရောဂါ ကတော့ တွေ့ရပိုများပါတယ်။ မွေးဖွားလာတဲ့ ကလေး အယောက်(၁၀၀၀) တိုင်းမှာ (၈)ယောက်မှ (၁၀)ယောက်ကြားဟာ နှလုံးရောဂါ ပြဿနာ ပါလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တချို့ဆိုရင် အသက်(၅)နှစ်အထိ ဘာလက္ခဏာမှ မတွေ့ရပါဘူး။ ရောဂါလက္ခဏာ ပြတယ်ဆိုရင်လည်း ကလေးငယ် အသက်(၂)နှစ်မပြည့်ခင်မှာ ပြလေ့ရှိပါတယ်။ 

အတွေ့ရများတဲ့ မွေးရာပါနှလုံးရောဂါပြဿနာကို ထပ်မံခွဲခြားမယ်ဆိုရင် အောက်ဆီဂျင်ကျခြင်းကိုဖြစ်စေတဲ့ Cyanotic အမျိုးအစားနဲ့ အောက်ဆီဂျင်ကျခြင်း ကို မဖြစ်စေတဲ့ Non-cyanotic ဆိုပြီး (၂)မျိုးခွဲခြားနိုင်ပါတယ်။

အောက်ဆီဂျင်ကျခြင်းကိုဖြစ်စေတဲ့မွေးရာပါနှလုံးရောဂါ (Cyanotic Congenital Heart Disease)

အောက်ဆီဂျင်ကျခြင်းကိုဖြစ်စေတဲ့မွေးရာပါနှလုံးရောဂါဆိုတာဟာ နှလုံးနဲ့သွေးကြော များ မူမမှန်ခြင်းကြောင့်ဖြစ်ပြီး “ အပြာရောင်သွေးများ ” နဲ့ “ အနီရောင်သွေးများ ” ကို ရောနှောသွားစေပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီအောက်ဆီဂျင်စီးဆင်းမှုကို ကန့်သတ်လိုက် တာဖြစ်ပါတယ်။ အမြင်သာဆုံးလက္ခဏာကတော့ အရေပြားနဲ့ ပါးစပ်ဟာ ပြာလဲ့လဲ့ အရောင် (သို့) ခရမ်းရောင်ကိုပြောင်းသွားတာဖြစ်ပါတယ်။ ကလေးငယ်ဟာလည်း အလွယ်တကူမောပန်းနွမ်းနယ်လာပြီး အဆက်မပြတ်ငိုလေ့ရှိပါတယ်။ အထူးသဖြင့် မိခင်နို့တိုက်ကျွေးချိန်တွေမှာ ပိုသိသာပါတယ်။ ဒီလိုလက္ခဏာတွေကို မကုသ ဘူးဆိုရင် သွေးတွင်းမှာအောက်ဆီဂျင်နည်းလာခြင်းရဲ့ အကျိုးဆက်အဖြစ် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေကိုပါ ဖြစ်လာစေပါတယ်။

အောက်ဆီဂျင်ကျခြင်းကိုမဖြစ်စေတဲ့မွေးရာပါနှလုံးရောဂါ (Non-Cyanotic Congenital Heart Disease)

အောက်ဆီဂျင်ကျခြင်းကိုမဖြစ်စေတဲ့နှလုံးရောဂါကတော့ အနီရောင်သွေးနဲ့ အပြာရောင်သွေး ရောသွားခြင်းမရှိတာကြောင့် အရေပြားကို မပြာနှမ်းစေပါဘူး။ အကြောင်းအရင်းကတော့ နှလုံး(သို့)သွေးကြောများမှာ မွေးရာပါချို့ယွင်း ချက်တစ်ခုခုရှိခြင်း (သို့) နှလုံးအဆို့ရှင်မှာအပေါက်ရှိနေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ နို့တိုက်အရွယ်ကလေးတွေမှာဆိုရင် မိခင်နို့စို့နေချိန်မှာ အသက်ရှူတိုင်း ပုံမှန် ပြတ်တောင်းပြတ်တောင်းဖြစ်နေပါလိမ့်မယ်။ အဲဒီထက် နည်းနည်းအသက်ပိုကြီးတဲ့ ကလေးတွေမှာဆိုရင်လည်း လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တာနဲ့ မောပန်းနွမ်းနယ်ပြီး အသက်ရှူရခက်တာမျိုးကို ကြုံတွေ့နိုင်ပါတယ်။

မွေးရာပါနှလုံးရောဂါများ

  • နှလုံးသွေးလက်ခံတဲ့အခန်းမှာအပေါက်ဖြစ်ခြင်း (Atrial Septal Defect) - ဒီအခြေအနေကတော့ နှလုံးအပေါ်ဘယ်ဘက်ခြမ်း အခန်းကနေ နှလုံးအပေါ် ညာဘက်ခြမ်းအခန်းဆီ သွေးများစီးဆင်းတာဖြစ်ပါတယ်။ အဓိကပြတတ်တဲ့ လက္ခဏာကတော့ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပါတယ်။  အများအားဖြင့် သာမန် ရောဂါရှာဖွေမှုနည်းလမ်းများနဲ့ မစစ်ဆေးနိုင်ပါဘူး။ နှလုံးထဲမှာသွေးစီးဆင်းမှု ဟာ ဝှီးခနဲ ရွှမ်းခနဲအသံမြည်တဲ့ Heart Murmur အနေနဲ့ တွေ့ရှိရနိုင်ပါတယ်။
  • နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း ( Ventricular Septal Defect) - နှလုံးအောက်ဘက်ဘယ်ဘက်ခြမ်းအခန်း မှ အနီရောင်သွေးများဟာ နှလုံးအောက်ညာဘက်ခြမ်းအခန်းနဲ့ အဆုတ်ဆီကို စီးဆင်းသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နှလုံးညာဘက်ခြမ်းဟာ ပိုမိုအားစိုက်ကာ သွေးပမာဏပိုမိုများပြားစွာ ညှစ်ထုတ်ရပြီး နှလုံးပျက်စီးခြင်းအထိ ဖြစ်နိုင်ပါ တယ်။
  • နှလုံးအဆို့ရှင် ကျဉ်းမြောင်းခြင်း ( Pulmonary Valve Stenosis ) - ဖွံ့ဖြိုးကြီးထွားမှု ပုံမှန် အခြေအနေမှာ မရှိခြင်းကြောင့် နှလုံးအဆို့ရှင်အပြည့်အဝ မဖွင့်နိုင်တဲ့အခြေ အနေဖြစ်ပါတယ်။ ဒါကိုအစားထိုးဖို့အတွက် နှလုံးဟာ ပိုမိုပြင်းထန်စွာအလုပ် လုပ်ရပြီး အဲဒီဒဏ်ကြောင့်ပဲ နှလုံးပျက်စီးခြင်း ဖြစ်နိုင်ခြေ များပါတယ်။

နှလုံးပုံမှန်မဟုတ်တဲ့အခြေအနေများ

  • နှလုံးသွေးလွှတ်ခန်းတစ်ခုသာပါလာခြင်း(Single Ventricle) - နှလုံး လုပ်ဆောင်မှုရဲ့ အောက်ဘက် အခန်းနှစ်ခန်းဟာ တစ်ခန်းတည်းအနေနဲ့ ပါလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ သွေးစီးဆင်းမှုဟာ သပ်သပ်စီဖြစ်မနေဘဲ သွေးပြန်ကြောထဲကသွေးနဲ့ သွေးလွှတ်ကြောထဲ ကသွေးတွေ ရောသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေဖြစ်ပြီဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးဆီ စီးဆင်းနေတဲ့သွေးထဲက အောက်ဆီဂျင်တွေမရှိတေ့တာကြောင့် ကလေးဟာ ပြာနှမ်းသွားနိုင်ပါတယ်။
  • အဓိကသွေးကြောများနေရာလွဲခြင်း (Transposition of Great Arteries – TGA) - အဆုတ်သွေးလွှတ်ကြောနဲ့သွေးပြန်ကြောများ နေရာလွဲမှားခြင်းကြောင့် အောက်ဆီဂျင်အများအပြားရှိနေတဲ့ သွေးများကို အဆုတ်ဆီပြန်လည်ပို့ ဆောင်ကာ အသုံးပြုပြီးသားသွေးတွေကို ခန္ဓာကိုယ်ဆီ ပို့ဆောင်စီးဆင်းစေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာလည်း ကလေးငယ်ကို ပြာနှမ်းသွားစေပါတယ်။

မွေးရာပါနှလုံးပြဿနာများကိုရှာဖွေစစ်ဆေးခြင်း

မွေးရာပါနှလုံးပြဿနာများကို ရှာဖွေရာမှာ ပထမဆုံးအဆင့်အဖြစ် ကလေးငယ်နဲ့ မိသားစုဝင်များရဲ့ ကျန်းမာရေးရာဇဝင်ကို အရင် စစ်ဆေးမှာဖြစ်ပါတယ်။ တကယ်လို့ ဖြစ်န်ိုင်ခြေများတဲ့ အခြေအနေဆိုရင် အာထရာစောင်း၊ ရေဒီယိုသတ္တိရှိတဲ့ဆိုးဆေးများ ကို သွေးကြောထဲထိုးကာ နှလုံးသွေးကြောပုံရိပ်များကိုဖမ်းယူခြင်း၊ MRI စတဲ့ နည်းလမ်း များနဲ့ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

လူကြီးများဟာ သူတို့ခံစားနေရတဲ့ လက္ခဏာများကို ရှင်းရှင်းလင်းလင်းပြောပြနိုင်တာ ကြောင့် လူကြီးများကို စစ်ဆေးခြင်းဟာ ပိုမိုလွယ်ကူပါတယ်။ ကလေးငယ်များဟာ ဂရုစိုက်သတိထားခံရမှုကိုလိုချင်တာကြောင့် သူတို့အနေနဲ့ တကယ်တမ်း လက္ခဏာ တွေ ခံစားနေရတာကို  သိရှိဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကလေးငယ်များနဲ့ မွေးကင်းစ ကလေးငယ်တွေမှာ အောက်ဖော်ပြပါလက္ခဏာတွေ ရှိ မရှိ စောင့်ကြည့်ဖို့ လွန်စွာ အရေးကြီးပါတယ်။

  • အရေပြား ပြာနှမ်းလာခြင်း
  • အမြဲလိုလိုမောပန်းနွမ်းနယ်ခြင်း
  • အသက်ရှူသွင်းရှူထုတ်ပြင်းခြင်း (သို့) အသက်ရှူပုံမှန်မဟုတ်ခြင်း
  • ကြီးထွားဖွံ့ဖြိုးမှုအကန့်အသတ်ရှိခြင်း
  • ပြတ်တောင်းပြတ်တောင်းနဲ့နို့စို့ခြင်း ။ ပုံမှန်ကျန်းမာရေးကောင်းမွန်တဲ့ကလေး ငယ်တစ်ယောက်ဟာ မရပ်မနားဘဲ (၁၅)မိနစ်-(၂၀)မိနစ် ကြာအောင် တောက်လျှောက်နို့စို့ပါတယ်။ ဒါပေမယ့် မွေးရာပါနှလုံးရောဂါပြဿနာတွေ ရှိနေတဲ့ ကလေးများကတော့ နို့စို့နေစဉ်မှာ အသက်ရှူဖို့ ပုံမှန် အနားယူရ ပြီး တစ်နာရီလောက်အထိကြာတတ်ပါတယ်။

စောင့်ရှောက်ကုသမှု

အများအားဖြင့် ဆေးသောက်ခြင်း(သို့)ခွဲစိတ်ကုသခြင်း နည်းလမ်းများနဲ့ အရှင်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အလုံးစုံပျောက်ကင်းအောင် မကုသနိုင်သည့် တိုင်အောင် ကလေးငယ်ရဲ့ဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲဖန်တီးပေးနိုင် ပါတယ်။

ခွဲစိတ်ကုသမှုနည်းလမ်းကို ကလေးများမှာ အသက်အရွယ်မရွေး လုပ်ဆောင်နိုင် ပါတယ်။ ဒါပေမယ့် မွေးကာစကလေးငယ်များကတော့ ဆေးပညာအရ ချက်ချင်း လုပ်ရမယ် ဆိုတဲ့ အခြေအနေမရောက်သေးဘူးဆိုရင် ခွဲစိတ်ကုသမှု နည်းလမ်းကို ရှောင်သင့်ပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်ဆေးကုသမှုနည်းပညာများကြောင့် ခွဲစိတ်ကုသမှုဟာ ယခင်ကထက်စာရင် ပိုပြီး နောက်ဆက်တွဲဆိုးကျိုးတွေ နည်းပါး လာပြီဖြစ်ပါတယ်။ အများအားဖြင့် ခွဲစိတ်ကုသရာဖို့ အလျင်မလိုတဲ့ အခြေအနေ ဆိုရင် ဆရာဝန်များဟာ ကလေးငယ်ကြီးထွားဖွံ့ဖြိုးပြီး ကိုယ်အလေးချိန်တိုးလာတဲ့အချိန် အထိ စောင့်ပြီးမှ ကုသကြပါတယ်။ 

လူနာရဲ့အခြေအနေနဲ့ သူ့ရဲ့ ကုသမှု ပုံစံအပေါ်မူတည်ပြီး ခွဲစိတ်ပြီးနောက် (၂)ပတ် လောက်အထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာ ဘာမှမရှိဘူးဆို ရင် ကလေးငယ်ဟာ (၂)လ-(၃)လ အတွင်း ပြန်လည်သက်သာလာပါတယ်။

ယခု ဆောင်းပါးထဲမှာဖော်ပြခဲ့တဲ့ သတိပြုစရာလက္ခဏာတွေတစ်ခုခုကို သတိထားမိတယ် (သို့) စိုးရိမ်စရာတစ်ခုခုရှိနေတယ် ဆိုရင် ကလေးအထူးကုဆရာဝန် နဲ့ ပြသဆွေးနွေးခြင်းက ပိုကောင်းပါတယ်။  နှလုံးရောဂါပြဿနာတစ်ခုခုတွေ့ရ တယ်ဆိုရင် ချက်ချင်းကုသနိုင်ပါတယ်။ ဘာမှမတွေ့ရဘူးဆိုရင်တော့ စိတ်အေးရပါပြီ။ နှလုံးရောဂါပြဿနာကြောင့် စိုးရိမ်စရာအဖြစ်မခံပါနဲ့။ သံသယရှိတယ်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ ချက်ချင်းပြသဆွေးနွေးပါ။

Photo Credit: Fanny via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။