အနှစ်ချုပ်
- နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးခြင်းဟာ ကြိုတင်သတိပေးချက်မရှိဘဲ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ နှလုံးရောဂါအခံရှိနေမှန်း မသိထားတဲ့ အပြေးသမားတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။
- မာရသွန်ပြေးပွဲဆိုတာ ရှည်လျားတဲ့အကွာအဝေးကို ပြေးရတဲ့ အားကစားတစ်မျိုးဖြစ်ပြီး ပူပြင်းတဲ့ရာသီဥတုမှာ ပြေးရမယ်ဆိုရင် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် မာရသွန်ပြိုင်ပွဲမဝင်မီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ထားသင့်သလို ပြေးနေစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ပေါ်လာပါက အထူးသတိထားရမှာဖြစ်ပါတယ်။ ပန်းဝင်ဖို့တစ်ခုတည်းကိုသာ ဦးတည်ပြီး ခန္ဓာကိုယ်ကို ဇွတ်အတင်းဖိအားပေးကာ ဆက်လက်မပြေးသင့်ပါ။
- လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်ကို ဘယ်လောက်အထိ အများဆုံးအသုံးပြုနိုင်သလဲဆိုတာ တိုင်းတာပေးတဲ့ VO2Max assessment (လေရှူသွင်းစွမ်းရည် စစ်ဆေးမှု) ကို ပြုလုပ်ခြင်းက မိမိရဲ့ အားကစားစွမ်းဆောင်ရည်ကို မြှင့်တင်လိုသူများအတွက် အထောက်အကူများစွာ ရရှိစေပါတယ်။
အခုနောက်ပိုင်းမှာ မာရသွန်ပြေးခြင်းဟာ ခေတ်စားလာပြီး အပြေးသမားဦးရေကလည်း အရင်ကထက် ပိုများလာပါတယ်။ အကြောင်းရင်းကတော့ အပြေးလေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို မာရသွန်ပြိုင်ပွဲများကိုလည်း ပိုမိုများပြားစွာ ကျင်းပလာကြခြင်းကြောင့် ဖြစ်ပါတယ်။ အခုမှ စတင်ပြေးမည့်သူများ၊ ပုံမှန်ပြေးနေသူများနှင့် ကိုယ့်စံချိန်ဟောင်းကို ချိုးချင်သော မာရသွန်အတွေ့အကြုံရှိသူများအတွက် မိမိခန္ဓာကိုယ်၏ ခံနိုင်ရည်အခြေအနေကို သေချာသိထားရန် အလွန်အရေးကြီးပါတယ်။ ဒါမှသာ အသက်အန္တရာယ် ထိခိုက်နိုင်သော ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးခြင်းဆိုတာ ကြိုတင်သတိပေးချက်မရှိဘဲ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ နှလုံးရောဂါအခံရှိနေမှန်း မသိထားတဲ့ အပြေးသမားတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်သောအခါ နှလုံးဟာ ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရပြီး နှလုံးခုန်နှုန်းလည်း မြန်လာပါတယ်။ ထိုအခြေအနေကြောင့် ပြေးနေစဉ်အတွင်း နှလုံးရပ်ပြီး အသက်ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယခုလိုဖြစ်ရပ်များကိုလည်း အခုနောက်ပိုင်း သတင်းများတွင် မကြာခဏ တွေ့မြင်လာရပါတယ်။ ဒါကြောင့် အပြေးသမားများအနေဖြင့် မိမိခန္ဓာကိုယ်၏ ခံနိုင်ရည်ထက် ပိုမိုအားစိုက်မပြေးမီ သို့မဟုတ် မာရသွန်ပြိုင်ပွဲများတွင် ပါဝင်ရန် စာရင်းမပေးသွင်းမီ အောက်ပါ အကြောင်းအရင်း (၅) ချက်ကြောင့် ကျန်းမာရေးစစ်ဆေးမှုများကို ကြိုတင် ပြုလုပ်ထားသင့်ပါတယ်။