လက်၊ ခြေထောက်၊ နဲ့ ပါးစပ် ရောဂါ (HFMD) - ကာကွယ်ဆေးဖြင့် တားဆီးနိုင်ပါတယ်

လက်၊ ခြေထောက်၊ နဲ့ ပါးစပ် ရောဂါ (HFMD) - ကာကွယ်ဆေးဖြင့် တားဆီးနိုင်ပါတယ်

အနှစ်ချုပ်

  • EV71 လို့ခေါ်တဲ့ လက်၊ ခြေထောက်၊ နဲ့ ပါးစပ် ရောဂါ (HFMD) ကာကွယ်ဆေးဟာ အသက်အန္တရာယ်ဖြစ်စေနိုင်သော EV71 ဗိုင်းရပ်စ်ကို အထူးကာကွယ်ပေးနိုင်ပါတယ်။ ဒီကာကွယ်ဆေးကို အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးများထိုးနိုင်ပြီး ၁ လခြား၍ စုစုပေါင်း ၂ ကြိမ် ထိုးပေးရပါတယ်။
  • HFMD ရောဂါဟာ အဓိကအားဖြင့် ကော့ဆက်ကီ ဗိုင်းရပ်စ် (Coxsackie virus) နဲ့ Enterovirus 71 (EV71) ဗိုင်းရပ်စ် တို့ကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီရောဂါကို ကလေးငယ်များတွင် အများဆုံးတွေ့ရပြီး အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများ ကူးစက်ခံရပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။
  • HFMD ရောဂါလက္ခဏာများဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး တက်ခြင်း၊ မှိန်းခြင်း၊ အော့အန်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ နှလုံးကြွက်သားရောင်ခြင်းနဲ့ အဆုတ်ရောင်ခြင်းမျိုးအထိ ဖြစ်ပေါ်နိုင်ပါတယ်။

EV71  ကာကွယ်ဆေးဟာ EV71 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်သော HFMD လက္ခဏာများကို အထူးကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီကာကွယ်ဆေးဟာ EV71 မဟုတ်တဲ့ အခြားဗိုင်းရပ်စ်အမျိုးအစားတွေကို မကာကွယ်နိုင်တာကို သတိပြုဖို့ လိုပါတယ်။

HFMD ရောဂါဆိုတာဘာလဲ?

လက်၊ ခြေ နဲ့ ပါးစပ်ရောဂါ ဟာ အင်ထရို ဗိုင်းရပ်စ် (Enterovirus) အုပ်စုဝင် ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အများဆုံးတွေ့ရတဲ့ ဗိုင်းရပ်စ်တွေကတော့ ကော့ဆက်ကီ ဗိုင်းရပ်စ် (Coxsackie virus) နဲ့ အင်ထရို ဗိုင်းရပ်စ် (Enterovirus 71- EV71) ဗိုင်းရပ်စ် တို့ ဖြစ်ပါတယ်။ ဒီရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများတွင် ကူးစက်ခံရပါက အလွန်ပြင်းထန်သော လက္ခဏာများ ခံစားရနိုင်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ်ရောဂါရဲ့ လက္ခဏာများ

လက်၊ခြေ နဲ့ ပါးစပ်ရောဂါ ဖြစ်ပါက အဖျားတက်ခြင်း၊ အနီစက်များထွက်ခြင်း၊ အရည်ကြည်ဖုများ ပေါက်ခြင်းမျိုး ဖြစ်နိုင်သလို ပါးစပ်ထဲတွင်လည်း အနာများ ပေါက်တတ်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ အရည်ကြည်ဖုတွေကို လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက် တွေမှာ အများဆုံးတွေ့ရတတ်ပြီး တချို့ကလေးတွေမှာ ဗိုက်၊ လက်မောင်း သို့မဟုတ် ခြေထောက်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ ပါးစပ်အတွင်းက အနာတွေဟာ အဝိုင်းပုံသဏ္ဍာန်ရှိတဲ့ အနာသေးသေးလေးတွေဖြစ်ပြီး လျှာ၊ သွားဖုံး၊ အာခေါင်နဲ့ ပါးစပ်အတွင်းသားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒါ့အပြင် အချို့သောအခြေအနေများတွင် အာရုံကြောစနစ်ဆိုင်ရာ ပြင်းထန်သော အသက်အန္တရာယ်စိုးရိမ်ရသော နောက်ဆက်တွဲပြဿနာများအထိ ဖြစ်သွားခြင်းမျိုးလည်း ရှိနိုင်ပါတယ်။ 

လက်၊ခြေ၊ ပါးစပ် ရောဂါ နဲ့ ဆက်စပ်နေတဲ့ ပြင်းထန်တဲ့ လက္ခဏာများ

လက်၊ခြေ၊ ပါးစပ် ရောဂါအများစုက မပြင်းထန်တတ်ဘဲ အဖျားနဲ့ အနီစက်တွေသာ ဖြစ်တတ်ပါတယ်။ အဖျားက ၂–၃ ရက်အတွင်း ပျောက်သွားတတ်ပြီး အနီစက်တွေက ၇–၁၀ ရက်အတွင်း ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် EV71 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေမှာတော့အသက်အန္တရာယ်ဖြစ်စေနိုင်သော  နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် - 

  • အာရုံကြောစနစ်ဆိုင်ရာ ပြဿနာတွေ (တက်ခြင်း၊ မှိန်းခြင်း၊ အော့အန်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်း၊ ရုတ်တရက် ကြွက်သားအားနည်းခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ အဆုတ်ရောင်ခြင်း)
  • ဒီလို ပြင်းထန်တဲ့ လက္ခဏာတွေကို ကြုံတွေ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင် အချို့လူနာတွေမှာ အာရုံကြောစနစ်ဆိုင်ရာ ချို့ယွင်းချက်တွေ အမြဲတမ်း ကျန်နေနိုင်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ်ရောဂါ ပျံ့နှံ့မှု

ထိုင်းနိုင်ငံမှာတော့ လက်၊ခြေ နဲ့ ပါးစပ်ရောဂါဟာ တစ်နှစ်ပတ်လုံး ရှိနေတတ်ပါတယ်။ သို့သော် မိုးရာသီဖြစ်သော ဇွန်လမှ စက်တင်ဘာလအတွင်းတွင် ရောဂါကူးစက်မှု အမြန်ဆုံးနဲ့ အန္တရာယ်အရှိဆုံး ဖြစ်တတ်ပြီး စက်တင်ဘာမှ ဒီဇင်ဘာလအထိလည်း ရောဂါကူးစက်ပျံ့နှံ့မှုများ ရှိနိုင်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေကြားရသောအခါတိုင်း မိမိကိုယ်ကိုယ် ကူးစက်မှုဒဏ်မှ ကာကွယ်နိုင်ဖို့ ပို၍ ဂရုစိုက်ကြရန်လိုအပ်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ်ရောဂါ ကူးစက်ပုံ

ဤရောဂါဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာ မပြသေးသော လူနာထံမှ တံတွေး၊ သလိပ်၊ အရည်ကြည်ဖုမှထွက်သောအရည် သို့မဟုတ် အညစ်အကြေးများနဲ့ ထိတွေ့မိရာမှတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာပြနေသော လူနာများနဲ့အတူ ဆော့ကစားခြင်း၊ ကစားစရာများကို ကိုင်တွယ်ခြင်း၊ အနှီးလဲပေးခြင်း၊ ရေချိုးပေးခြင်း၊ အစားအသောက် ကျွေးခြင်း သို့မဟုတ် ရောဂါပိုးရှိနေခသာ ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှလည်း ကူးစက်နိုင်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ်ရောဂါ ပျောက်ကင်းပြီးနောက် ပြန်လည်ကူးစက်နိုင်ခြေ

ရောဂါပိုးဟာ ကနဦးကူးစက်ခံရပြီးနောက် ၆ ပတ် မှ  ၈ ပတ်အထိ လူနာရဲ့ အညစ်အကြေးထဲတွင် ရှိနေနိုင်သောကြောင့် အပြင်ပန်းလက္ခဏာများ မရှိတော့ရင်တောင် ရောဂါပြန့်ပွားနိုင်ခြေ ရှိနေပါသေးတယ်။ ဒါကြောင့် ရောဂါပျောက်ပြီးနောက်တွင်လည်း အချိန်အတော်ကြာတဲ့အထိ ဂရုစိုက်ရန် လိုအပ်ပါတယ်။ ဤဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ အချိန်အတော်ကြာ ရှင်သန်နိုင်သလို၊ ပိုးသတ်ဆေးများနဲ့ Alcohol ပါသော သန့်ရှင်းရေးအရည်များကိုတောင် ခံနိုင်ရည်ရှိသောကြောင့် ရောဂါဖြစ်ပြီးနောက် အချိန်တော်တော်ကြာတဲ့အထိ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ် ရောဂါကို ကုသခြင်း

လက်ရှိတွင် ဤရောဂါအတွက် ကုသမှုဟာ ခံစားနေရသော ရောဂါလက္ခဏာများ သက်သာလာအောင် လုပ်ပေးရန်သာ အဓိကထားပါတယ်။

ရောဂါမပြန့်ပွားအောင် ကူးစက်ခံထားရတဲ့ လူနာကို တခြားသူတွေနဲ့ သီးသန့်ခွဲထားရမှာဖြစ်ပြီး ထိတွေ့မှုကိုလည်း ကန့်သတ်ထားရပါမယ်။ ရောဂါရှိသော ကလေးများကို အိမ်မှာပဲ နားခိုင်းပြီး တခြားကလေးတွေနဲ့ ဝေးဝေးမှာ ထားရပါမယ်။ အကယ်၍ ကျောင်းတွင် ရောဂါတွေ့ခဲ့ပါက သေချာ ပိုးသတ်သန့်ရှင်းရေးလုပ်နိုင်ရန် ကျောင်းကို ခဏပိတ်ထားသင့်ပါတယ်။ ရောဂါဖြစ်ပွားနေသော အချိန်တွင် မိဘများအနေဖြင့် ကလေးများကို ကစားကွင်းတွေ သို့မဟုတ် ဈေးဝယ်စင်တာများကဲ့သို့ လူစည်ကားတဲ့နေရာများသို့ မခေါ်သွားရန် အကြံပြုလိုပါတယ်။

ဒါ့အပြင် မိဘရော ကလေးပါ လက်ပုံမှန်ဆေးခြင်း၊ အတူတူကိုင်တွယ်အသုံးပြုသော အသုံးဆောင်ပစ္စည်းများနဲ့ ထိတွေ့မိသမျှနေရာအနှံ့ကို စနစ်တကျ မကြာခဏ သန့်ရှင်းရေးလုပ်တာမျိုး စတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို လုပ်ဆောင်သင့်ပါတယ်။

လက်၊ခြေ နဲ့ ပါးစပ်ရောဂါကို ကာကွယ်ခြင်း

လက်၊ခြေ နဲ့ ပါးစပ်ရောဂါကာကွယ်ဆေးဟာ ရောဂါပိုးမကူးအောင် ကာကွယ်ပေးနိုင်သလို၊ ကူးစက်ခံရရင်လည်း ပြင်းထန်မှုမရှိအောင် လျှော့ချပေးနိုင်ပါတယ်။ အသက်အန္တရာယ်အပေးနိုင်ဆုံးဖြစ်တဲ့ EV71 အမျိုးအစားအတွက် ထိုးတဲ့ EV71ကာကွယ်ဆေးဟာ အသုံးအများဆုံးဖြစ်ပါတယ်။ ဤကာကွယ်ဆေးက အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးများနဲ့ သင့်တော်ပြီး ၁ လခြားပြီး ၂ ကြိမ် ထိုးပေးဖို့ လိုအပ်ပါတယ်။

အဆင့်သတ်မှတ်ချက်