မိသားစုအားလုံးနောင်ရေးစိတ်အေးရစေမယ့်မျိုးရိုးဗီဇစစ်ဆေးခြင်း

မိသားစုအားလုံးနောင်ရေးစိတ်အေးရစေမယ့်မျိုးရိုးဗီဇစစ်ဆေးခြင်း

မိသားစုတစ်စုမှာ မိသားစုဝင်တွေဟာ ဆင်တူတဲ့ရောဂါပြဿနာတွေ ဖြစ်လေ့ရှိကြ ပါတယ်။ ဥပမာ- မိသားစုတစ်စုမှာ မိသားစုဝင်အများစုဟာ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချို စသဖြင့် ဆင်တူတဲ့ ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီရောဂါတွေအားလုံး ဟာ မွေးရာပါ မျိုးရိုးဗီဇရောဂါတွေဖြစ်ပြီး အရှင်း ပျောက်ကင်းအောင် ကုသလို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း ရောဂါရဲ့ လက္ခဏာတွေကိုတော့ လျှော့ချနိုင်ပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇစစ်ဆေးခြင်းနည်းလမ်းနဲ့ ကြိုတင်ကာကွယ်ခြင်းဟာ စုံတွဲများအတွက် မိသားစုဘဝတစ်ခုမစတင်ခင် ဖြစ်လာနိုင်တဲ့ရောဂါအန္တရာယ်များ ကို စောစောစီးစီးသိရှိစေတဲ့ အခွင့်အရေးတစ်ခုရရှိစေမှာြဖစ်ပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ ဗီဇ(Genes) အသေးစိတ်စစ်ဆေးမှုရလဒ်များ ၊ ပတ်ဝန်းကျင်နဲ့ ဘဝနေထိုင်မှုပုံစံ စတာတွေအပေါ် အခြေခံပြီး တိကျမှုဆေးပညာ (Precision Medicine) ဟာ တစ်ဦးချင်းစီအတွက် ရောဂါရှာဖွေစစ်ဆေးမှု ၊ ကုသမှု ၊ အရေးကြီးဆုံး ကြိုတင်ကာကွယ်မှု တို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ တိကျမှုဆေးပညာ (Precision Medicine) ရဲ့ လက်တွေ့အသုံးချမှုတစ်ခုကတော့ ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်း (Preconception Genetic Testing) ဖြစ်ပြီး ၄င်းနည်းလမ်းဟာ မိဘကနေ နောက်မျိုးဆက်ထိပါလာနိုင်တဲ့ မျိုးရိုးဗီဇရောဂါ ပြဿနာပေါင်း (၂၀၀) ကျော်ကို အတည်ပြုစစ်ဆေးပေးနိုင်တဲ့ ငုပ်လျှိုးနေတဲ့ ရောဂါဗီဇပေါင်း (၆၀၀)ကျော်ကို (၉၀) ရာခိုင်နှုန်းအထိ ရှာဖွေပေးနိုင်ပါတယ်။

မျိုးရိုးဗီဇချို့ယွင်းမှုရောဂါဆိုတာဘာလဲ?

မျိုးရိုးဗီဇချို့ယွင်းမှုရောဂါ (Genetic Disorder) ဆိုတာဟာ လူတစ်ယောက်ရဲ့  လူ့ခန္ဓာကိုယ်ခရိုးမိုဆုန်းကနေသယ်ဆောင်လာတဲ့ ဗီဇ(Genes)ထဲရှိ မူမမှန်မှုများ ကြောင့်ဖြစ်ပွားပြီး မိသားစုတစ်ခုမှာ နောက်မျိုးဆက်အထိပါလာနိုင်ပါတယ်။ ဥပမာ အနေနဲ့ သွေးမတိတ်ရောဂါ(Hemophilia) ၊ သာလာဆီးမီးယားသွေးအားနည်း ရောဂါ ၊ ပုံမှန်မဟုတ်ဘဲအရပ်ပုခြင်း(Dwarfism) ၊ အူမကြီးအကျိတ် စတာတွေ ဟာမျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါပြဿနာတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာအဖြစ်အများဆုံးမျိုးရိုးဗီဇရောဂါများ

မျိုးရိုးဗီဇ ရောဂါ(၅)ခုကတော့ သာလာဆီးမီးယားသွေးအားနည်းရောဂါ  ၊ မွေးရာပါရှားပါး ကျောရိုးကြွက်သားရောဂါ(Spinal Muscular Atrophy) ၊ Cystic Fibrosis ခေါ် မျိုးရိုးဗီဇဆိုင်ရာ အဆီ ၊ အချွဲ ၊ ချွေး ၊ တံတွေး ၊ အရည်များ ထုတ်သော ဂလင်းများ ပျက်စီးသောရောဂါ ၊အကြားအာရုံဆုံးရှုံးခြင်း(သို့)နားမကြား ခြင်း ၊ Fragile X ခေါ် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း လက္ခဏာ စတာတွေပဲဖြစ်ပါတယ်။

  • သာလာဆီးမီးယားသွေးအားနည်းရောဂါဟာ သွေးနီဥမူမမှန်မှုများကြောင့် ဖြစ်ပွားပါတယ်။  တကယ်လို့ မိဘနှစ်ဦးစလုံးဟာ ဒီလိုအခြေအနေမှာ ရှိတယ် ဆိုရင်မွေးလာတဲ့ကလေးမှာ သေချာပေါက် သာလာဆီးမီးယားသွေးအားနည်း ရောဂါခံစားရမှာဖြစ်ပြီး မိဘနှစ်ဦးစလုံးက သယ်ဆောင်သူ(Carriers) တွေ ဖြစ်နေမယ်ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေ (၂၅)ရာခိုင်နှုန်းရှိပါတယ်။
  •  အာရုံကြောမကြီး (Spinal Cord)ထဲမှာရှိတဲ့  အာရုံကြောဆဲလ်တွေကို ထိခိုက်ခြင်းကြောင့်ဖြစ်တဲ့ ကျောရိုးကြွက်သား များချို့တဲ့ခြင်းရောဂါ (Spinal Muscular Atrophy) ဟာ  Autosomal Recessive Pattern ခေါ် ဖခင်(သို့) မိခင် ဘက်မှပါလာတဲ့ ဗီဇ(Genes) ကနေတစ်ဆင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။
  • Cystic Fibrosis လို့ခေါ်တဲ့ ဗီဇပြောင်းလဲမှုကြောင့်ဖြစ်တဲ့ မွေးရာပါ ရောဂါ တစ်မျိုးဟာ အသက်ရှူလမ်းကြောင်း ၊ အစာချေစနစ်နဲ့ မျိုးပွားမှုစနစ်များကို ထိခိုက်စေပါတယ်။ ဒီရောဂါဟာ လုံးဝ အရှင်းမပျောက်ကင်းနိုင်ပေမယ့်လည်း ကုသမှုများဟာ လက္ခဏာများကိုလျော့ပါးစေပြီး အသက်ရှည်စွာနေထိုင်နိုင်မှု ကိုမြှင့်တင်ပေးကာ နောက်ဆက်တွဲပြဿနာတွေကိုလည်း လျှော့ချပေးနိုင် ပါတယ်။
  • မိဘများကနေသားသမီးဆီ ပါလာပြီး ငုပ်လျှိုးနေတဲ့ဗီဇပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ရောဂါနောက်တစ်မျိုးကတော့ Fragile X ခေါ် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းလက္ခဏာ ပဲဖြစ်ပါတယ်။ ၄င်းဟာ အော်တစ်ဇင် ၊ ADHD ၊ တက်ကြွမှုလွန်ကဲခြင်း ၊ အပြုအမူဆိုင်ရာနဲ့ ပြောဆိုဆက်ဆံမှု ပြဿနာများ ကို ဖြစ်ပွားစေပါတယ်။
  • နောက်ထပ် တွေ့ရများတဲ့ ပြဿနာကတော့ နားမကြားခြင်း ဖြစ်ပြီး ကလေးများမှာဖြစ်ပွားတဲ့ (၄၀) ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။

မျိုးရိုးဗီဇရောဂါများကိုဘယ်လိုစမ်းသပ်ပြီးရောဂါရှာဖွေနိုင်လဲ?

ကလေးယူဖို့ စီစဥ်ထားတဲ့ စုံတွဲများကို အကြံပေးလိုတာကတော့ ကိုယ်ဝန်မဆောင် ခင် (၃) လ လောက်အလိုကတည်းက စပြီး အစီအစဥ်ဆွဲဖို့ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနဲ့ မျိုးရိုးဗီဇစစ်ဆေးမှုကို လုပ်ဆောင်သင့်ပါတယ်။ လက်ရှိအချိန်မှာ မိဘများအနေနဲ့ မျိုးရိုးဗီဇရောဂါတစ်ခုရဲ့သယ်ဆောင်သူ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ စစ်ဆေးမှုအပါအဝင် စမ်းသပ်စစ်ဆေးမှုနည်းလမ်း တွေအများကြီးရှိနေပြီဖြစ်ပါတယ်။ ဒါကို ကိုယ်ဝန်မဆောင်ခင်မှာ လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန် ဆောင်ပြီးပြီဆိုရင်လည်း သန္ဓေသားရဲ့ ခရိုမိုဆုန်းမူမမှန်မှုတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ မျိုးရိုးဗီဇရောဂါစစ်ဆေးမှုကို ကလေးမမွေးခင်မှာ ဆရာဝန်က လုပ်ဆောင်ပေးနိုင် ပါတယ်။ ဒီအတွက် ရေမြွှာရည်ဖောက်ယူစစ်ဆေးခြင်း(Amniocentesis) နည်းလမ်းနဲ့ ရေမြွှာရည်များကို စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ ဆေးဘက်ဆိုင်ရာနည်းပညာများဟာ အများကြီး တိုးတက်လာခဲ့သည်နှင့်အမျှ ရေမြွှာရည် ဖောက်ယူစစ်ဆေးခြင်းထက်စာရင် ပိုအဆင့်မြင့်တဲ့စစ်ဆေးမှုနည်း လမ်းတွေရှိလာပြီဖြစ်ကာ မမွေးလာသေးတဲ့ ကလေးအတွက် ပိုပြီးအန္တရာယ်ကင်း စေပါတယ်။

မျိုးရိုးဗီဇစစ်ဆေးခြင်းကိုဘယ်သူတွေလုပ်ဆောင်သင့်သလဲ ?

  • ကလေးယူဖို့စီစဥ်ထားတဲ့စုံတွဲများ
  • (၂)ကြိမ်နဲ့အထက်ကိုယ်ဝန်ပျက်ကျဖူးတဲ့အမျိုးသမီးများ
  • အသက်(၃၅)နှစ်ကျော်တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးများ
  • ဖန်ပြွန်သန္ဓေသား(IVF)နဲ့ ကလေးရယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ လက်ထပ်ပြီးသားစုံတွဲများ
  • * မိသားစုဝင်အများအပြားမှာ မျိုးရိုးဗီဇရောဂါရှိသူများ

မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ လူ့ဘဝကို အသစ်စက်စက်ရောက်လာမယ့် ရင်သွေးငယ်များအတွက် ကြီးမားတဲ့ ရောဂါတွေ မရှိစေဖို့ ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မွေးဖွားမှုနဲ့ပတ်သက် ရင် ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံမှုမရှိသလို ဖြစ်လာနိုင်တဲ့ မှားယွင်းမှုများကို အာမ မခံနိုင်ဘူးဆိုတာကို မိဘ ဖြစ်လာမယ့်စုံတွဲများအနေနဲ့ ကောင်းစွာသိရှိနားလည်ထားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်လာနိုင်သမျှသောမပြည့်စုံမှု(သို့)မှားယွင်းမှုများကို ကောင်းစွာပြင်ဆင်ထားရှိဖို့က အဓိက ကျပါတယ်။ စစ်ဆေးလိုက်လို့ ပုံမှန်မဟုတ်တဲ့ ခရိုမိုဆုန်းတွေ(သို့) ဗီဇ တွေကို ရှာတွေ့ခဲ့တယ်ဆိုရင် ဘယ်သူ့ကိုမှ အပြစ်မတင်သင့် ပါဘူး။ ရာနှုန်းပြည့် ပြီးပြည့်စုံသူရယ်လို့မရှိပါဘူး။ ဒါကိုသိထားမယ်ဆိုရင် ကလေးရယူမယ့် စုံတွဲများအနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာ အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံး လုပ်ဆောင်မှုကိုပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ မိသားစုတစ်ခုလုံး နောင်ရေ:စိတ်အေးရစေမှာပဲဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။