အမေး - မီးယပ်ရောဂါဆိုင်ရာ မှန်ပြောင်းကြည့်ခွဲစိတ်ခြင်းဆိုတာဘာလဲ?
အဖြေ - မှန်ပြောင်းကြည့်ခွဲစိတ်ကုသခြင်း (Laparoscopic surgery) ကို Laparoscopy လို့လည်း လူသိများတဲ့ ခွဲစိတ်မှုဟာ မှန်ပြောင်း နှင့် အခြားသေးငယ်တဲ့ ခွဲစိတ်ကိရိယာလေးတွေကို သုံးပြီး ခွဲစိတ်ကုသတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းမှာဆိုရင် လူနာရဲ့ ဗိုက်ပေါ်မှာ ၅ မီလီမီတာကနေ ၁၀ မီလီမီတာလောက်သာရှိတဲ့ သေးငယ်တဲ့ အပေါက်လေးတွေ ၂ ခုကနေ ၄ ခုလောက်ပဲ ဖောက်ရပါတယ်။ အဲ့ဒီ အပေါက်လေးတွေကတစ်ဆင့် မှန်ပြောင်းနှင့် တခြားခွဲစိတ်ကိရိယာလေးတွေကို ထည့်လိုက်တာပါ။ ပြီးရင်တော့ မှန်ပြောင်းကနေတစ်ဆင့် မြင်ရတဲ့ပုံရိပ်တွေကို ဗီဒီယိုဖန်သားပြင် (Monitor) ပေါ်မှာ ကြည့်ပြီးတော့မှ ဝမ်းဗိုက် ဒါမှမဟုတ် ဆီးစပ်အတွင်းပိုင်းက အင်္ဂါတွေကို ခွဲစိတ်ကုသတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးရောဂါဆိုင်ရာ မှန်ပြောင်းကြည့်ခွဲစိတ်မှု ဆိုတာကတော့ အမျိုးသမီးတွေရဲ့ ဆီးစပ်အတွင်း ပိုင်းမှာရှိတဲ့ အင်္ဂါတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ဒီလိုမှန်ပြောင်းကြည့် ခွဲစိတ်ကုသနည်းဖြင့် ကုသတာကို ရည်ညွှန်းပါတယ်။ အဓိကအားဖြင့်တော့ - သားအိမ်၊ မမျိုးဥအိမ်၊ သားဥပြွန်များ နှင့် အဲ့ဒီအနီးတဝိုက်က အင်္ဂါအစိတ်အပိုင်းတွေကို ကုသပေးတာ ဖြစ်ပါတယ်။