သားအိမ်တွင်း တစ်သျှူးများ သားအိမ်ပြင်ပရောက်ခြင်း သို့မဟုတ် ချောကလက်အရည်အိတ်များ ဆိုတာက အမျိုးသမီးတွေ ကိုယ်ဝန်စတင်ဆောင်နိုင်တဲ့ အချိန်မှ သွေးမဆုံးခင်အချိန်ကာလအတွင်းမှာ အများဆုံးဖြစ်လေ့ရှိတဲ့ အခြေအနေတစ်မျိုးဖြစ်ပါတယ်။
“သားအိမ်တွင်း တစ်သျှူးများ သားအိမ်ပြင်ပရောက်ခြင်း” (Endometriosis) ဖြစ်ပွားရတာဟာ "ရာသီသွေး ပြောင်းပြန်စီးဆင်းခြင်း" (Retrograde Menstruation) ကြောင့်ဆိုတဲ့ ယူဆချက်တစ်ခုရှိပါတယ်။ ရာသီသွေးတွေ ဟာ သားဥပြွန်တွေကတစ်ဆင့် ပြန်လည်စီးဝင်ပြီး သားအိမ်အတွင်းသား တစ်သျှူးစတွေကို သားဥအိမ်များ၊ သားဥပြွန်များ၊ ဆီးအိမ်၊ အူလမ်းကြောင်း၊ သားအိမ် စတာတွေနဲ့ ဆက်စပ်နေတဲ့ အခြားတစ်သျှူးတွေပေါ်မှာ သွားပြီး တွယ်ကပ်နေစေတာပဲ ဖြစ်ပါတယ်။ ကနဦးကာလမှာ ရောဂါလက္ခဏာပြတာမျိုး၊ သိသိသာသာ နာကျင်ကိုက်ခဲတာမျိုး မရှိနိုင်ပေမယ့် အချိန်ကြာလာ တာနဲ့အမျှ ဘေးပတ်ဝန်းကျင်တစ်သျှူးတွေ ရောင်ရမ်းလာပြီး အသားလုံးများ (သို့မဟုတ်) အနာများအဖြစ် ပြောင်းလဲဖြစ်ပေါ်လာနိုင်ပါတယ်။ အကယ်၍များ အဲဒီ နေရာလွဲမှားနေတဲ့ တစ်သျှူးတွေဟာ သားဥအိမ်မှာ သွားပြီး တွယ်ကပ်နေမယ်ဆိုရင်တော့ ရာသီလာချိန်မှာ ရာသီသွေးတွေဟာ ထွက်ပေါက်မရှိဘဲ ပိတ်မိနေတတ် ပါမယ်။ ဒီလိုနဲ့ သွေးတွေ တဖြည်းဖြည်း စုပုံများပြားလာပြီဆိုရင်တော့ "သားဥအိမ် အရည်အိတ်/သွေးအိတ်" (Cysts) တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စုပုံနေတဲ့သွေးတွေဟာ ပျစ်ခဲလာပြီး အရောင်ရင့်လာတတ်တာမို့ "ချောကလက်အရည်အိတ်" (Chocolate Cysts) လို့ လည်း ခေါ်ကြပါတယ်။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆေးပညာ အရ ရှင်းရှင်းလင်းလင်း ကောက်ချက်ချထားတာမျိုးတော့ မတွေ့မိသေးပါဘူး။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက် ပြီးကတော့ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်မှုကို အလွန်ပြင်းထန်စွာ ခံစားရတတ်ပါတယ်။ နာကျင်မှုဟာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး သည်းမခံနိုင်လောက်တဲ့ အခြေအနေထိ ဖြစ်လာကာ အကိုက်အခဲပျောက်ဆေး များ သောက်သုံးရခြင်း၊ (သို့မဟုတ်) လုပ်ငန်းခွင်နှင့် နေ့စဉ်လူနေမှုဘဝ လှုပ်ရှားမှုများ ထိခိုက်ရပ်တန့်သွားရတဲ့ အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာဆိုရင် ခါးအောက်ပိုင်းနှင့် တင်ပါးဆုံရိုးတစ်ဝိုက်နေရာတွေမှာပါ နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လေပွခြင်း၊ ဗိုက်ကယ်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်းတို့လည်း ဖြစ်ပေါ်စေ တတ်ပါတယ်။ တစ်ချို့ဆိုရင် အမျိုးသားနှင့်အတူနေချိန်မှာ သားအိမ် (သို့မဟုတ်) ဝမ်းဗိုက်အောက်ပိုင်း၊ အတွင်းပိုင်းမှာ နက်နက်ရှိုင်းရှိုင်း ပြင်းထန်စွာ နာကျင်တာမျိုးလည်း ခံစားရလေ့ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ လှုပ်ရှားမှုတွေမှာ သက်ရောက်မှုများစွာရှိနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အချိန်အကြာကြီး မကုသဘဲ လျစ်လျူရှုထားမယ် ဆိုရင် မခံမရပ်နိုင်အောင်နာကျင်ရတဲ့အဆင့်အထိ ရောက်သွားပြီး သားအိမ်ထုတ်ရတာမျိုးအထိ လုပ်ဖို့ လိုအပ် လာပါလိမ့်မယ်။ အဲလောက်အထိ လုပ်ရမယ်ဆိုရင်တော့ အနာဂတ်မှာ သားသမီးယူလို့ ရတော့မှာ မဟုတ်တဲ့ အတွက် ဒီအခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုရင် စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်။